ကချင်ပြည်နယ်တောင်ပိုင်း၊ ဗန်းမော်မြို့အရှေ့ဘက် သုံးမိုင်အကွာ ကချင်နှစ်ခြင်းအသင်းတော်(KBC) အနီး စစ်တပ်ကာကင်းစခန်းအချို့ကို ကချင်တပ် (KIA) က သိမ်းယူနိုင်ခဲ့ပြီးနောက် ယနေ့တွင် စစ်တပ်က ပြန်ထိုးစစ်ဆင်နေကြောင်း သိရသည်။
စက်တင်ဘာ ၂၉ ရက်နေ့ကတည်းက ဘုရားရှိခိုးကျောင်းအနီး တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ယမန်နေ့ (အောက်တိုဘာလ ၁ ရက်နေ့) တွင် စစ်တပ်ကာကင်းစခန်းအချို့သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူ ကချင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲပြင်းထန်ပြီး အဆင်မြင့်ဒရုန်းများကို စစ်တပ်က သုံးစွဲခဲ့သည်၊ KBC ဘုရားကျောင်းနှင့် တစ်မိုင်ခန့် သာဝေးသည့် မြို့အထွက်ရှိ အခြေစိုက်တပ်ရင်းများအနီး စစ်တပ်က ဆုတ်သွားသည်ဟု ၎င်းကဆိုသည်။
“တော်တော် ပြင်းပြင်းထန်ထန် (တိုက်ပွဲ) ဖြစ်တာ၊ ဒရုန်းတွေလည်း အပြန်အလှန်ဆော်ကြတယ်”ဟု ၎င်းက ပြောသည်။
ထို့နောက် စစ်တပ်က လက်လွှတ်လိုက်ရသည့်နေရာများကို ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ယနေ့ အထိ ပစ်ခတ်နေဆဲဖြစ်သည်၊ တိုက်ပွဲများလည်း ထိုနေရာအနီးဆက်ဖြစ်နေသည်ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။
ဗန်းမော်မြို့အရှေ့ဘက်တွင် အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ်(၅) ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၉၃၃)ထောက်ပံ့၊ပို့ဆောင်ရေးတပ်ခွဲနှင့် အမှတ်(၉၁၄) စစ်မြေပြင် အင်ဂျင်နီယာတပ်ခွဲ စသည့် လက်ရုံးတပ်များ အခိုင်အမာ အခြေစိုက်ထားသည်။
ထို့ကြောင့် ယာယီဆုတ်ခွာပြီးနောက် စစ်တပ်က မကြာမီအချိန်အတွင်း လက်လွှတ်လိုက်ရသောနေရာ များကို ပြန်ရယူရန် ကြိုးပမ်းလာနိုင်သည်ဟု အဆိုပါ အမျိုးသားက ယူဆသည်။
“ယာယီဆုတ်တဲ့ သဘောမျိုးလည်းဖြစ်နိုင်တယ်၊ သူတို့(စစ်တပ်) အခုတောင် လက်နက်ကြီးတွေ ပြန်ပစ် နေကြတာဆိုတော့ သိပ်မကြာခင်အားဖြည့်ပြီး ပြန်ထိုးလာနိုင်တယ်”ဟု KIA နှင့်နီးစပ်သူ အမျိုးသားက ပြောသည်။
လတ်တလောတွင် ဗန်းမော်မြို့အရှေ့ဘက် သုံးမိုင်အကွာ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းအနီး တိုက်ပွဲများဖြစ်နေသည်ဟု သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်၍ ဗန်းမော်မြို့ကို KIA၊ အာရက္ခတပ်တော်(AA)နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။
၁၀ လ နီးပါး ကြာမြင့်လာသည့် ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်တပ်က စစ်ကူနှင့် ခဲယမ်း၊ ရိက္ခာများကို ရေကြောင်း၊ လေကြောင်းမှ ဖြည့်တင်းကာ တုံ့ပြန်တိုက်ခိုက်ခဲ့သဖြင့် KIA သိမ်းထားသည့် တပ် သုံးတပ် နှင့် ဗန်းမော်လေယာဉ်ကွင်းအချို့နေရာများ၊ မြို့ပေါ်ရပ်ကွက်အချို့ကိုပြန်လက်လွှတ်ခဲ့ရသည်။
ဗန်းမော်မြို့တိုက်ပွဲအခြေအနေများကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်တပ် ထုတ်ပြန်ခဲ့စဉ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ကိုးလတာအတွင်း ၎င်းတို့အသာစီးရကြောင်း ဖော်ပြ ထားသည်။
KIA သည် ၎င်းတို့လက်လွှတ်လိုက်ရသော တပ်စခန်းများပြန်ရရန် မကြာသေးခင် စက်တင်ဘာလကုန်မှ စ၍ ဗန်းမော်မြို့ကို ပြန်ထိုးစစ်ဆင်နေသည်ဟုလည်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က Myanmar Now ကို စက်တင်ဘာလ ၂၉ ရက်နေ့က ပြောထားသည်။
၂၀၂၄ ခုနှစ် မတ်လမှ စတင်သော KIA ၏ ထိုးစစ်အတွင်းကချင်ပြည်နယ်မှ မြို့၁၅ မြို့၊ ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာကြီးတို့ကို ကို သိမ်းပိုက်နိုင်ခဲ့သည်။



