၂၀၂၅ ခုနှစ်၏ တတိယ ၄ လပိုင်းထဲ ဝင်ရောက်လာချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးနယ်ပယ်စုံတွင် စနစ်တကျ မဟာဗျူဟာချပြီး ဆောင်ရွက်လာကာ ၎င်းမျှော်မှန်းခဲ့သော အောင်မြင်မှုတချို့ ရရှိလာသည်ကို သိသာထင်ရှားစွာ တွေ့မြင်နေရပြီ ဖြစ်သည်။
စစ်ရေးအရ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ဆုံးရှုံးခဲ့ရသောနယ်မြေများ ပြန်လည်ရရှိရေးအတွက် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ကိုးကန့် (MNDAA)၊ တအာင်း (TNLA) တို့နှင့် စေ့စပ်ညှိနှိုင်းခြင်း၊ ဆုံးရှုံးနယ်မြေများတွင် တန်ပြန်ထိုးစစ်များဆင်နွဲပြီး စစ်ရေးဖိအားပေးခြင်း နည်းလမ်း နှစ်သွယ်ဖြင့် တစ်ပြိုင်နက်တည်း နည်းဗျူဟာကျကျ စစ်ဆင်နွှဲလာနေပြီ ဖြစ်သည်။
နိုင်ငံရေးအရ အာဏာသိမ်းအစိုးရကို နိုင်ငံတကာအသိအမှတ်ပြုမှု မရနိုင်တော့သည့်အဆုံး နိုင်ငံအနှံ့ စစ်တပ် အုပ်ချုပ်နိုင်စွမ်းမရှိသော နယ်မြေအများအပြား ရှိနေသော်လည်း၊ စစ်တပ်ကြီးစိုးသော စစ်ဒီမိုကရေစီစနစ်ကို အသက်သွင်းမည့် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည်။
သံတမန်ရေးနယ်ပယ်တွင်လည်း ရွေးကောက်ခံတရားဝင်အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့သည့် လုပ်ရပ် အပေါ် အိမ်နီးချင်းနိုင်ငံများကပင် မျက်နှာပြောင်တိုက် ထောက်ခံအားပေးရန် ခက်ခဲသော အခြေအနေကို ရွေးကောက်ပွဲအစီအစဉ် ဘန်းပြပြီး၊ တရုတ်နှင့် အိန္ဒိယကဲ့သို့ အိမ်နီးချင်းနိုင်ငံကြီးများ၏ ထောက်ခံမှုကိုရယူ ကျော်လွှားနိုင်နေပြီ ဖြစ်သည်။
စင်စစ် အာဏာသိမ်းပြီးကတည်းက စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ထားသူ မင်းအောင်လှိုင် စီစဉ်နေသည့် ရွေးကောက်ပွဲမှာ တိုင်းပြည်နယ်မြေ၏ တစ်စိတ်တစ်ပိုင်းတွင်သာ ဂုဏ်သိက္ခာမဲ့စွာ ကျင်းပနိုင်သော်ငြားလည်း၊ မြန်မာပြည်သူများ၏ စစ်မှန်သော ကိုယ်စားပြုမှု ကင်းမဲ့နေသော်ငြားလည်း၊ လက်နက်ကိုင်ပဋိပက္ခများ ကြောင့် နယ်စပ်ဖြတ်ကျော် လျှံထွက်လာမည့် ပြဿနာများကို လက်မခံလိုသော တရုတ်၊ အိန္ဒိယနှင့် ထိုင်း နိုင်ငံတို့က မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကို ကြိုဆိုလာကြသည်ကို တွေ့မြင်နေရပြီ ဖြစ်သည်။
မင်းအောင်လှိုင်၏ ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံလိုက်ကြသော အဆုံးအဖြတ် နောက်ကွယ်တွင် တရုတ်နှင့်အိန္ဒိယ ခေါင်းဆောင်များသည် လက်ရှိမြန်မာ့အခြေအနေမှန်ကို နားမလည်ခြင်းထက်၊ စစ်တပ်ပြိုလဲ သွားပြီးနောက် ပေါ်ထွက်လာမည့် အခြေအနေသစ်ကို မမှန်းဆနိုင်ခြင်း၊ ထိုအခြေအနေသစ်က မြန်မာနိုင်ငံကို ပိုမိုတည်ငြိမ် အေးချမ်းသော အိမ်နီးချင်းနိုင်ငံတစ်ခုအဖြစ် မြင်တွေ့ရလိမ့်မည်ဟု မယုံကြည်ကြခြင်းက အဓိက အကြောင်းရင်း ဖြစ်နိုင်ပါသည်။
ထိုကဲ့သို့ နိုင်ငံတကာထောက်ခံမှုတချို့ စတင်ရရှိလာစေရန် မင်းအောင်လှိုင်ကို တရုတ်ခေါင်းဆောင်များက ၎င်းတို့၏ ဩဇာအရှိန်အဝါနှင့် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ကြိုးပမ်းကူညီပေးလျက် ရှိသည်။
ဥပမာအားဖြင့် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပေးခဲ့ပြီး၊ သမ္မတရှီကျင့်ဖျင်က တရုတ်မြေပေါ် တွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပထမဆုံး အသိအမှတ်ပြု တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့အပြင် SCO အစည်းအဝေးသို့ တက်ရောက်လာသော အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီနှင့်ပါ မင်းအောင်လှိုင် တွေ့ဆုံဆွေးနွေးခွင့်ရရှိစေရန် တရုတ်က ကူညီခဲ့ခြင်းဖြင့် မြန်မာ့အိမ်နီးချင်းနိုင်ငံကြီး နှစ်ခု၏ ခေါင်းဆောင်များက မင်းအောင်လှိုင်၏ ရွေးကောက်ပွဲလမ်းကြောင်းကို အားပေးကြောင်း ပြသခဲ့သည်။
စင်စစ် အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဟူသော နိုင်ငံခြားရေးမူဝါဒအသီးသီး ချမှတ်ထားသော တရုတ်နှင့် အိန္ဒိယ ခေါင်းဆောင်များထံမှ ထိုကဲ့သို့ တုံ့ပြန်မှုက မထူးဆန်းသော်လည်း၊ နိုင်ငံ တကာထောက်ခံမှု ရရှိရန် လွန်ခဲ့သော ၅နှစ်နီးပါးလုံးလုံး ကြိုးပမ်းနေခဲ့သော မင်းအောင်လှိုင်အတွက် မျက်နှာပန်းလှစေသော ရလဒ်ဖြစ်လာသည်က အမှန်ပင် ဖြစ်သည်။
မြန်မာ့အရေး နိုင်ငံတကာချည်းကပ်မှု အကွဲအပြဲ
မကြာသေးမီက မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်သည် နေပြည်တော် ငြိမ်းချမ်းရေးဖိုအရမ်များမှတစ်ဆင့် နိုင်ငံတကာသို့ သတင်းစကားတစ်ခုကို စနစ်တကျ စီစဉ်ဖြန့်ချီခဲ့ကြပြီး၊ မင်းအောင်လှိုင်စီစဉ်သော ရွေးကောက် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများထံမှ ထိုသတင်းစကားကို လူထုကြားထဲရောက်ရှိစေရန် ထပ် ဆင့် ဖြန့်ချီမှုများလည်း ရှိလာခဲ့သည်။ ထိုသတင်းစကားကြောင့်ပင် တရုတ်နှင့် အိန္ဒိယခေါင်းဆောင်များ၏ ပွင့်ပွင့်လင်းလင်း ထောက်ခံမှုများ စတင်တွေ့မြင်လာသည်အထိ ဖြစ်ပေါ်စေခဲ့သလား စဉ်းစားဆင်ခြင်စရာ ဖြစ်လာပါသည်။
ယင်းမျာ ဒီဇင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲသည် အသွင်ကူးပြောင်းမှု ရွေးကောက်ပွဲ (Transitional Election) သာဖြစ်ပြီး၊ ရွေးကောက်ပွဲအလွန် ရွေးကောက်ခံအရပ်သားအစိုးရ ပေါ်ပေါက်လာမှ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မည် ဆိုသည့် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက် စနစ်တကျ တီထွင်ထားသော လှည့်ကွက်ဖြစ်သည်။
ထိုလှည့်ကွက်ကိုပင် တရုတ်နှင့် အိန္ဒိယခေါင်းဆောင်များက လက်ရှိနိုင်ငံရေး အကျပ်အတည်း၏ ထွက်ပေါက် အဖြစ် ယုံကြည် လက်ခံထားကြပြီ ဟု သုံးသပ်ယူဆနိုင်ပါသည်။ သို့သော် တရုတ်နှင့် အိန္ဒိယတို့၏ လုပ်ရပ်သည် အာဆီယံအသင်းကြီး၏ မြန်မာ့ပြဿနာ ဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ရပ် အပေါ် တိုက်ရိုက်စိန်ခေါ် လိုက်ခြင်းလည်း ဖြစ်သည်။
အာဆီယံခေါင်းဆောင်များသည်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ပြည်သူ့ များ၏ စစ်တပ်ကြီးစိုးမှုကို ဆန့်ကျင်သော လက်နက်ကိုင်တော်လှန်ရေးကြောင့် ကျယ်ပြန့်စွာဖြစ်ပေါ်နေသော စစ်ပွဲများရပ်တန့်ရေး စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား စေ့စပ်ဆွေးနွေးဖြေရှင်းရန် ဦးစွာ မကြိုး ပမ်းဘဲ၊ စစ်တပ်အာဏာခိုင်မြဲရေး ဦးတည်သော ရွေးကောက်ပွဲကို မင်းအောင်လှိုင် အတင်းအကျပ် စီစဉ်နေခြင်း အပေါ် ကြိုဆိုခြင်း အလျင်းမရှိပေ။ ယင်းသည် လက်ရှိ ဖြစ်ပေါ်နေသော လက်နက်ကိုင်တော်လှန်ရေးကို ပိုမို ပြင်းထန်လာစေလိမ့်မည် ဟု အာဆီယံခေါင်းဆောင်များက နိုင်ငံတကာကို သတိပေးထားကြသည်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံက ထိုအချက်ကို ရှင်းလင်းစွာ ပြောဆိုထားပြီး ဖြစ်သည်။ အကြောင်းမျာ အာဆီယံခေါင်းဆောင်များ ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည် မြန်မာ တွင် လက်နက်ကိုင်ပဋိပက္ခများ ချက်ချင်းရပ်ဆဲရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးကိုသာ အဓိက အလေးထားပြီး၊ ရွေးကောက်ပွဲကျင်းပရေးဆိုသည့်အချက် မပါဝင်ပေ။ အာဆီယံ၏ရပ်တည်ချက်နှင့် ဦးဆောင် မှု အတိုင်း ကုလသမဂ္ဂကလည်း ထောက်ခံရပ်တည်ထားသည်။
ထို့အချက်ကို လုံးဝလစ်လျူရှုပြီး တရုတ်နှင့် အိန္ဒိယ ခေါင်းဆောင်များသည် SCO ထိပ်သီးအစည်းအဝေးကို အသုံးချပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြုကြောင်း ပြသခဲ့ရုံမျှမက၊ မြန်မာ့အရေး ဖြေရှင်းရန် ချမှတ်ထားပြီးဖြစ်သော ကုလသမဂ္ဂနှင့် အာဆီယံလမ်းကြောင်းမှ ခွဲထွက်သွားကြပြီး၊ မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကို လူသိရှင်ကြား အားပေးထောက်ခံလာခြင်းက မြန်မာ့အရေးတွင် နိုင်ငံတကာချည်းကပ်မှု အကွဲအပြဲကို စတင်တွေ့မြင်လာရခြင်း ဖြစ်သည်။
ကောက်ကျစ်လျှို့ဝှက် လော်ဘီနည်းလမ်းဖြင့် နိုင်ငံရေးနှင့် စစ်ရေးအရှုံးကို တန်ပြန်ခြင်း
ယင်းသို့ နိုင်ငံတကာ၏ မြန်မာအရေးချည်းကပ်မှု သိသာထင်ရှားစွာ ကွဲပြဲလာခြင်း နောက်ကွယ်တွင် နိုင်ငံရေး နှင့် စစ်ရေးအရှုံးကို ရင်ဆိုင်နေရသော စစ်တပ်သည် အစဉ်အဆက် ၎င်းတို့ကျင့်သုံးခဲ့သော ကောက်ကျစ်သည့် နည်းလမ်းများဖြင့် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ပုံဖျက်ပြီး၊ ဒီမိုကရေစီအင်အားစုကို အကြမ်းဖက်သမားများ အဖြစ် တံဆိပ်ကပ်ပုံဖော်လျက် နိုင်ငံတကာအကူအညီရရှိရန် လျှိူ့ဝှက်လှုပ်ရှားစည်းရုံးသည့် နည်းလမ်းများကို အသုံးချလာသည်။
မင်းအောင်လှိုင်သည် စစ်တပ်အတွက် နောက်ကွယ်မှ စည်းရုံးလှုပ်ရှားပေးမည့် အရပ်ဖက်အဖွဲ့အစည်းအသွင် ယူ စစ်ထောက်လှမ်းရေးကြိုးကိုင် အဖွဲ့များ ဖွဲ့စည်းလှုပ်ရှားခြင်းဖြင့် လည်းကောင်း၊ နိုင်ငံခြားလော်ဘီ ကုမ္ပဏီ များ ငှားရမ်းခြင်းဖြင့်လည်းကောင်း၊ အရှေ့နှင့် အနောက်အုပ်စု နှစ်ဖက်စလုံးကို အဆက်မပြတ် စည်းရုံးလာခြင်း၏ တစ်စိတ်တစ်ပိုင်း အောင်မြင်မှုကို စတင်ရရှိနေပြီ ဟု ဆိုနိုင်ပါ လိမ့်မည်။
တရုတ်အစိုးရကဲ့သို့ ကျစ်လစ်သိပ်သည်းပြီး တော်ရုံမျှဖြင့် တရုတ်ခေါင်းဆောင်များထံ ပေါက်ရောက်ရန် မဖြစ် နိုင်သော အခြေအနေတွင် ယခင်စစ်အာဏာရှင်ဟောင်း သန်းရွှေလက်ထက် လက်ဇောင်းထက် တန်ခိုးထွားခဲ့သော စစ်ထောက်လှမ်းရေးအရာရှိကြီးများကို မင်းအောင်လှိုင် ပြန်လည်အသုံးချပြီး၊ ၎င်းတို့၏ အဆက်အသွယ် အဟောင်းနှင့် အသစ်များမှတစ်ဆင့် တရုတ်အစိုးရလက်ခံနိုင်မည့် နိုင်ငံရေးအခင်းအကျင်း နှင့် စီးပွားရေး မက်လုံး အပေးအယူများ လျှို့ဝှက်လုပ်ဆောင်နေကြောင်း လေ့လာတွေ့ရှိရသည်။
အဆိုပါ စစ်ထောက်လှမ်းရေးဟောင်းများထဲ ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေနှင့် ဗိုလ်မှူးကြီးဟောင်း လှမင်း တို့ သည် လျှို့ဝှက်သိုသိပ်စွာ လှုပ်ရှားနေကြသော်လည်း၊ ၎င်းတို့၏ ခြေရာလက်ရာများသည် မကြာသေးမီ လပိုင်း များအတွင်း မဖုံးနိုင်မဖိနိုင် ပေါ်ထွက်လာခဲ့သည်။ သိန်းဆွေနှင့် လှမင်း ဦးဆောင်ပြီး လျှို့ဝှက်သိပ်သည်းစွာ စုဖွဲ့ လှုပ်ရှားနေသော Paragon Institute သည် လွန်ခဲ့သောနှစ်ကတည်းက တရုတ်နိုင်ငံသို့ လျှို့ဝှက်ခရီးစဉ်များ သွားရောက်နေခဲ့သည့် အထောက်အထားများ ပေါ်ထွက်လာခဲ့သည်။
ယခုနောက်ဆုံး Paragon Institute သည် SCO ထိပ်သီးအစည်းအဝေးသို့ တတ်ရောက်မည့် စစ်ခေါင်းဆောင်၏ ခရီးစဉ်မတိုင်မီ တရုတ်ကို ရှေ့ပြေးရောက်နေ သည့် အထောက်အထားကို Myanmar Now က ထပ်မံဖော်ထုတ် တွေ့ရှိခဲ့ရပြီး၊ ယင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ စနစ်တကျဗျူဟာချထားသော လော်ဘီ အစီအစဉ်တစ်ခုသာ ဖြစ်သည်ဟု ယုံကြည်ရသည်။
ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” တွင် အကြီးအကျယ် စစ်ရှုံးနိမ့်ခဲ့သော မင်းအောင်လှိုင်၏ နိုင်ငံရေး၊ စစ်ရေးနှင့် သံတမန်ရေး မဟာဗျူဟာ အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသော လတ်တလော အချင်းအရာများက ဥပဒေမဲ့ လက်နက်အားကိုး နိုင်ငံတော်အာဏာသိမ်းခဲ့သော စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှရမည် ဟူ သော ခိုင်မာညီညွတ်ပြတ်သားသော မြန်မာပြည်သူတစ်ရပ်လုံး၏ တော်လှန်ရေးကို စစ်အာဏာရှင် တစ်သိုက်က တန်ပြန်စိန်ခေါ်နေဘိသကဲ့သို့ ရှိနေသည်။
၂၀၂၅ ခုနှစ်၏ အရေးကြီးဆုံး နောက်ဆုံး ၄လ
ဤအခြေအနေတွင် ၂၀၂၅ ခုနှစ်၏ နောက်ဆုံးလများဖြစ်သော စက်တင်ဘာမှ ဒီဇင်ဘာလအထိ ကာလများ သည် တော်လှန်ရေးအင်အားစုအတွက် အရေးကြီးဆုံးကာလများ ဖြစ်လာပါလိမ့်မည်။
အကြောင်းမှာ မင်းအောင်လှိုင်သည် ၎င်း၏ဆရာသမား သန်းရွှေရေးဆွဲခဲ့သော ရွေးကောက်ပွဲစနစ်အားနည်းချက်များကို ပြင်ဆင်ပြီး၊ နိုင်ငံတော်အာဏာကို စစ်တပ်ပါတီကသာ ရာသက်ပန် ထိန်းချုပ်ကြီးစိုးနိုင်မည့် စစ်ဒီမိုကရေစီစနစ်ကို ရသည့်နည်းဖြင့် အသက်သွင်းတော့မည် ဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်မည့် တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးအင်အားစုများ၏ ရည်မှန်းချက်ကို ရွေးကောက်ပွဲနည်းလမ်းဖြင့် တန်ပြန်ထိုးနှက်သည့် မင်းအောင်လှိုင်၏ အစီအစဉ်ကို နိုင်ငံရေး၊ စစ်ရေး နှင့် သံတမန်ရေး နည်းလမ်းအားလုံးအသုံးပြုပြီး ထိရောက်စွာ တုံ့ပြန်ရန် ထို ၄လမှာ အလွန်အရေးကြီးသော ကာလ ဖြစ်သည်။
ဤနေရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ၏ ခေါင်းဆောင်များသည် နိုင်ငံသမိုင်းတွင် မဖြစ်ပေါ်ခဲ့ဖူးသည့်၊ လူများစုဗမာလူမျိုးများကိုယ်တိုင် ပါဝင်လာသည့် စစ်အာဏာရှင် စနစ် အမြစ်ဖျက်ရေး လက်နက်ကိုင်တော်လှန်ရေးကို မှန်ကန်စွာ ဦးဆောင်မှုပေးပြီး၊ မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက်ကို မီးကုန်ယမ်းကုန် ရင်ဆိုင်နှိမ်နင်းမည်လား၊ သို့တည်းမဟုတ် ၎င်းတို့၏ ဖြစ်တည်မှုကို ကာကွယ်ရန် ဦးစားပေးပြီး မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက် စေ့စပ်ညှိနှိုင်းမည့်နည်းလမ်းကို ရွေးချယ်ကြ မည်လား ဟူသော သမိုင်းဝင်အဆုံးအဖြတ်ကာလ တစ်ခုကို ရောက်ရှိလာနေပြီဟု သုံးသပ်တင်ပြလိုက်ပါသည်။



