ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အထွက် တအာင်းတပ် (TNLA) ဆုတ်ခွာချိန်တွင် ဖျက်ဆီးခဲ့ သည့် ဂုတ်တွင်းကားလမ်းတံတားအား ဘေလီသံတံတားဖြင့် အစားထိုးပြင်ဆင်နေပြီး အဆိုပါလမ်းမှ ကျောက်မဲမြို့သို့ ထိုးစစ်ဆင်ရန်လည်း လူအင်အားဖြည့်နေသည်ဟု ဒေသခံများထံက သိရသည်။
နောင်ချိုနှင့် ကျောက်မဲမြို့ကြားတွင်ရှိသော ဂုတ်တွင်းတံတား ပြင်နေသည့် ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့မှ စစ်လက်နက်နှင့် လူအင်အား များ နောင်ချိုမြို့တွင် ထပ်ဖြည့်ထားခြင်းဖြစ်သည်ဟု ဆိုကြသည်။
“ဂုတ်တွင်းတံတား ပြင်နေတာ ဒီနေ့အပြီးသတ်မယ်လို့ သိရတယ်။ အဲဒါပြီးရင် နောင်ချိုမှာ စုထားတဲ့ အင်အားနဲ့ ကျောက်မဲကို ထပ်တက်ဖို့ ပြင်နေတယ်” ဟု စစ်ရေးအခြေအနေသိရှိသည့် နောင်ချိုမြို့ခံ တစ်ဦးက ဆိုသည်။
နောင်ချိုမြို့အား သိမ်းပိုက်ပြီးနောက် စစ်တပ်ခြေမြန်တပ်မ (၁၁) စစ်ကြောင်းများသည် ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ ကျောက်မဲမြို့နယ်၊ ထန်းတပင်ရွာသို့ ထိုးစစ်ဆင်ခဲ့သည်။
ဩဂုတ်လကုန်တွင် ဂုတ်ထိပ်တံတား၊ ဂုတ်တွင်းတံတားနှင့် နောင်ပိန်ရွာတို့အား စစ်တပ်က ထိန်းချုပ်ခဲ့ ပြီး ယနေ့ (စက်တင်ဘာလ ၂ ရက်နေ့) အထိ နောင်ပိန်ရွာအနီးတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည် ဟု နောင်ပိန်ရွာခံများထံက သိရသည်။
“နောင်ပိန်ရွာအဝင်သံလမ်းနားက အရင် COVID စစ်ဆေးရေးဂိတ်နားအထိ စစ်တပ်က ထိန်းထားတယ် ။ အဲနားမှာပဲ TNLA က ရှိနေတာ။ ဂုတ်တွင်းနဲ့နောင်ပိန်လမ်းကို စစ်တပ်က ရသွားတာ ဟုတ်တယ်။ နောင်ပိန်-ကျောက်မဲလမ်း တစ်လျှောက်တော့ TNLA ပဲ ဆက်ထိန်းထားတုန်းပဲ။ တိုက်ပွဲ လည်း ဆက်ဖြစ်နေတယ်” ဟု နောင်ပိန်ရွာခံတစ်ဦးက ပြောသည်။
စစ်တပ်သည် နောင်ပိန်ရွာအနီးတွင်ရှိသော TNLA တပ်ဖွဲ့၏ ခုခံစစ်ကို အပြင်းအထန် ခံနေရပြီး TNLA ဘက်မှ ယခုရက်ပိုင်း စစ်တပ်သိမ်းထားသည့် တပ်စခန်းကုန်းအချို့ ပြန်ရသည်ဟု တိုက်ပွဲအခြေအနေ သိရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“စစ်တပ် စစ်ကြောင်းတွေ ကျောက်မဲရောက်တော့မယ်ဆိုပြီး ပြောနေတာရှိတယ်။ လက်တွေ့မြေပြင်မှာ စစ်တပ်က နောင်ပိန်ကို မကျော်နိုင်သေးဘူး။ သူတို့သိမ်းထားတဲ့ တပ်စခန်းကုန်းအချို့ ပြန်ရတာ ရှိတယ်။ ပြောရရင် အပြန်အလှန် တိုက်ပွဲပြင်းထန် နေတုန်းပါပဲ” ဟု တိုက်ပွဲများတွင် ပါဝင်နေသည့် အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
စစ်တပ်က ဒရုန်းကို အဓိကအားပြုတိုက်ခိုက်နေပြီး ဂျက်ဖိုက်တာ ၊ Y 12 လေယာဉ်များဖြင့် တိုက်ခိုက် နေသည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး TNLA ဘက်မှလည်း သေဆုံးမှုများ ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
နောင်ပိန်ရွာသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် မိုင် ၂၀ ခန့်အကွာတွင် ရှိပြီး နောင်ချို- ကျောက်မဲ ပြည်ထောင်စုလမ်းအတွက် အရေးပါသည့် ရွာကြီးတစ်ရွာ ဖြစ်ပြီး ရှမ်းတပ် SSPP/SSA ၏ လှုပ်ရှားနယ်မြေဖြစ်သည်။
နောင်ပိန်ရွာကို ထိန်းချုပ်ထားသည့် စစ်တပ်သည် နောင်ပိန်နှင့် ကျောက်မဲမြို့အကြားရှိ စခန်းသာ၊ ခိုက်တုန်ဟုန်း၊ လွယ်ခေါ် ကျေးရွာများအား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံ များထံက သိရသည်။
ဩဂုတ်လ ၃၁ ရက်နေ့တွင် နောင်ပိန်ရွာနှင့် ငါးမိုင်ကျော်အကွာ ခိုက်တုန်ဟုန်းရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
နောင်ချိုမြို့အား စစ်တပ်က သိမ်းပြီး ရက်အနည်းငယ်အကြာ ကျောက်မဲမြို့နယ်အတွင်းရှိ ပင်တိန်၊ ပင်တီး ၊ ဇီပင်၊ ကျောင်းကုန်းရွာများအား လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများဖြင့် စတင်တိုက်ခိုက် ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ဇူလိုင်လမှ ဩဂုတ်လအတွင်း ကလေးငယ်များ အပါအဝင် အရပ်သား ၁၅ ဦး သေဆုံးခဲ့ကာ ၅၀ ကျော် ဒဏ်ရာရခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် ပင်တိန်၊ ပင်တီး၊ နောင်ပိန်၊ ဇီပင်၊ စခန်းသာ၊ ခိုက်တုန်ဟုန်း ကျေးရွာများမှ ဒေသခံများနှင့် ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့ များမှ နောင်ပိန်ရွာသို့ စစ်ဘေးတိမ်းရှောင်လာသည့် ဒေသခံ နှစ်သောင်းကျော်သည် နီးစပ်ရာရွာများနှင့် လားရှိုး၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့များသို့ ထပ်မံ တိမ်းရှောင်ခဲ့ရသည်။
စစ်တပ်ဝါဒဖြန့် မီဒီယာများတွင်မူ ဂုတ်ထိပ်နှင့် ဂုတ်တွင်းအား စစ်တပ်က ထိန်းချုပ်နိုင်ပြီး ကျောက်မဲ မြို့နှင့် ရှစ်မိုင်ခန့်အကွာ စခန်းသာရွာအထိ ရောက်နေပြီဖြစ်ကာ ကျောက်မဲမြို့အား တစ်လအတွင်း သိမ်းယူမည်ဟု ဖော်ပြနေကြသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကောင်းပေါ်တွင်ရှိသည့် ခရိုင်မြို့ကြီးဖြစ်သော ကျောက်မဲမြို့ပေါ် တွင် ရပ်ကွက် ခြောက်ခုရှိပြီး လူဦးရေ ငါးသောင်းကျော် နေထိုင်သည်။
စစ်တပ်၏ လေကြောင်းရန်နှင့် မြေပြင်ထိုးစစ်များကြောင့် ကျောက်မဲမြို့နေသူ အားလုံးနီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု ကျောက်မဲမြို့ခံတို့ကဆိုသည်။
ကျောက်မဲတိုက်ပွဲနောက်ဆက်တွဲ အခြေအနေနှင့် ပတ်သက်၍ TNLA ပြောခွင့်ရသူ လွေးယေဦးအား ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။
စစ်တပ်နှင့် TNLA တို့၏ ဩဂုတ်လ ၂၇ ရက်နေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ဆွေးနွေးပွဲတွင် TNLA က ကျောက်မဲ၊ သီပေါမြို့များအား ပြန်ပေး၍ စစ်တပ်နှင့် အပစ်ရပ်မည်ဟု ဆွေးနွေးခဲ့သော်လည်း စစ်တပ်ဘက်က ထိုမြို့များကို တိုက်ယူနိုင်သဖြင့် နမ့်ဆန်နှင့် မန်တုံ နှစ်မြို့ ကိုသာ ပေးမည်ဟု ဆိုခဲ့၍ ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့သည်။
လာမည့် အောက်တိုဘာလကုန် တရုတ်၌ ပြန်တွေ့ဆုံမည် ဖြစ်သည်။ ထိုဆွေးနွေးမှုများနှင့်ပတ်သက်၍ TNLAနှင့် စစ်တပ်နှစ်ဖွဲ့လုံးက တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံ၊ ကွတ်ခိုင်မြို့ များတွင် ဇူလိုင်လမှ ဩဂုတ်လ နှစ်လအတွင်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများကြောင့် သီလရှင်များ၊ ကလေးငယ်များ အပါအဝင် အရပ်သား ၇၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၃၇ ဦးအထိ ရှိခဲ့သည်ဟု TNLA ၏ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် အရပ်သား နေအိမ် ၁၈၀ နီးပါး ပျက်စီး ခဲ့သည်ဟု TNLA က ဆိုသည်။



