အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွှေတွင်းကို စစ်တပ်ပြန်ထိန်းချုပ်

တော်လှန်ရေးများ သိမ်းထားသည့် ရွှေတူးဖော်ရေးလုပ်ကွက်များရှိရာ ဖယောင်းတောင်ဒေသကို စစ်တပ် က ပြန်လည်ထိန်းချုပ်လိုက်ပြီး အနီးမနားတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များ တစ်နှစ်အကြာ ထိန်းချုပ်ထားသည့် ဖယောင်းတောင်ရွှေတွင်းကို ပြီးခဲ့သည့်ရက်များတွင် စစ်တပ်က ပြန်လည်ရရှိသွားကြောင်း စစ်ရေး ရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် ပူးပေါင်းတပ်များက  မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကို ပိုင်ဆိုင်သော ဖယောင်းတောင်ရွှေတွင်းမှ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယခုနှစ် ဩဂုတ်လနောက်ဆုံးပတ်တွင် စစ်တပ် က ပြန်လည်ရရှိသွားခြင်းဖြစ်သည်။

ဖယောင်းတောင်ရွှေတွင်းမှ တော်လှန်ရေးတပ်များ ဆုတ်ခွာသွားကြသော်လည်း ထိုနေရာအနီးတဝိုက် တိုက်ပွဲများဆက်ဖြစ်နေသည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။

“ဖယောင်းတောင်ကနေ ခွာစစ်ဆင်ထားတာ ဟုတ်ပါတယ်။  ဒါပေမဲ့ ဖယောင်းတောင်အနီးတစ်ဝိုက်မှာတော့ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားနေဆဲပါဗျ” ဟု ၎င်းက ဆိုသည်။

ထိုရွှေတွင်းနေရာမှ တော်လှန်ရေးတပ်များဆုတ်သွားသည်ဟုသာ သိရပြီး ရက်အတိအကျမသိရသေးပေ။ 

“ဖယောင်းတောင်က ခံစစ်ဆုတ်ပေးလိုက်ရပြီ၊ ၂-၃ ရက်လောက်ရှိပြီ” ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

စစ်တပ်၏ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများကလည်း ဖယောင်းတောင်ဒေသကို ပြန်လည်ရရှိပြီ ဖြစ်ကြောင်း ဩဂုတ်လ ၂၄ ရက်နေ့တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြနေသည်။ PDF များ ဖယောင်းတောင် ရွှေတူးဖော်ရေးကုမ္ပဏီအတွင်းမှ အယ်လ်ဖာဘိလပ်မြေစက်ရုံဘက်သို့ ဆုတ်ခွာသွားသည် ဟု ရေးသားဖြန့်ဝေနေကြသည်။

လက်လွှတ်လိုက်ရသည့် ဖယောင်းတောင်ရွှေတွင်းသည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးတိုင်း ဝန်ကြီးချုပ်ဖြစ်လာသူ ဦးမောင်ကို၏ ဧကထောင်ချီကျယ်ဝန်းသည့် အကြီးစား ရွှေလုပ်ကွက်များဖြစ်သည်။

မန္တလေးမြို့၏အရှေ့မြောက်ဘက် ၁၄ မိုင်အကွာတည်ရှိသော ထိုရွှေတွင်းကို စစ်တပ်လက်အောက်ခံ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ဦးမောင်ကိုပိုင် Myanmar Golden Point Family ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်နေခြင်းဖြစ်သည်။

ထိုရွှေတွင်းကြီးသည် ဧက ၅,၄၀၀ ကျယ်ဝန်းပြီး ရွှေနှင့်သတ္ထုရော စုစုပေါင်း ခန့်မှန်ခြေ သတ္တုတန်ချိန် တန် ၄၇,၀၀၀ ထွက်နိုင်သည်ဟု သိရှိရသည်။

ထိုရွှေတွင်းကြီးအား ပြီးခဲ့သည့်နှစ်မှစကာ MDY-PDFကသိမ်းပိုက်ပြီးနောက် လုပ်ငန်းရပ်တန့်ထားသည် ဟု သိရသည်။

ဖယောင်းတောင်ရွှေတွင်းလုပ်ခွင့်ရကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းကြည့်ရာ တိုက်ပွဲ များဖြစ်ကတည်းက ဝန်ထမ်းများ လုံးဝမရှိတော့ဘဲ လုပ်ငန်းများရပ်ဆိုင်းထားကြောင်း၊ ပြန်တူးဖော်ခွင့် ပြုပါကလည်း ပြန်လည်ထူထောင်ရေးများ လုပ်ကိုင်ရမည်ဖြစ်သောကြောင့် ချက်ချင်းလုပ်ငန်းပြန်စရန် မဖြစ်နိုင်သေးကြောင်း ပြောသည်။ 

 ဖယောင်းတောင်ရွှေတွင်းလုပ်ကွက် ဧရိယာအတွင်းရှိ အဆောက်အအုံများကို အပေါ်စီးမှ မြင်ရပုံ။ (ဓာတ်ပုံ – သတ္တုတွင်းဦးစီးဌာန၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာ)

စစ်ကြောင်းများခွဲကာ မတ္တရာဒေသကို ထိုးစစ်ဆင်

စစ်တပ်သည် လူအင်အား၊ လက်နက်ကြီး အင်အားအပြင် တရုတ်အကူအညီဖြင့် အဆင့်မြှင့်တင်ထား သည့် ဒရုန်းများ၊ လေယာဉ်အသုံးပြုမှုအများအပြားဖြင့် မတ္တရာမြို့နယ်အရှေ့မှ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒေသများကို ထိုးစစ်ဆင်နေသည်။

စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် ထန်းပင်ကုန်း၊ ကျောက်တံတား၊ ငါးလုံးပြွန်ရွာ၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်ရွှေတွင်းအနီးတဝိုက်တို့ကို အပြင်းအထန် ထိုးစစ်ဆင်နေသည်။

“မတ္တရာဒေသမှာ ဘက်ပေါင်းစုံကနေ ထိုးဖို့အတွက် အတွက် သူတို့ အင်အားအလုံးအရင်း ဖြည့်ထားတယ် ။ ဒဟ္တတ္တောကွန်ပျူတာတက္ကသိုလ်(ဖယောင်းတောင်အနီး) ကနေလည်း အင်အားဖြည့်လိုက်၊ ထုတ်လိုက် လုပ်နေတယ်”ဟု မတ္တရာအရှေ့ပိုင်း စစ်ရေးရင်းမြစ်တစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီသည် ဖယောင်းတောင်၏အရှေ့ဘက် ငါးမိုင်ခန့်အကွာ ကံကြီးရွာ၊ ဒဟ္ဟတောရွာတို့အနီးတွင် ရှိသော မန္တလေးကွန်ပျူတာတက္ကသိုလ်၌ အင်အားအလုံးအရင်းဖြင့်တပ်စွဲထားသည်ဟု ဒေသခံများက ပြောကြသည်။

ဖယောင်းတောင်ရွှေတွင်းကို သိမ်းပိုက်ပြီးချိန်မှစ၍ မန္တလေးမြို့မြောက်ဘက် ဆယ်မိုင်ကျော်အကွာအဝေး အထိ တော်လှန်ရေးတပ်များ ရောက်လာသောအခြေအနေကြောင့် ရွှေတွင်းအနီး ပြီးခဲ့သည့် တစ်နှစ်လုံး စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးခဲ့သည်။

ယမန်နှစ်က ဖယောင်းတောင်ကို တော်လှန်ရေးတပ်များထိန်းချုပ်အပြီး  စက်တင်ဘာလ၂ ရက်နေ့မှ စကာ ဒဟတ္တောကျေးရွာအရှေ့ဘက်ရှိ ကံကြီးကျေးရွာအနီး တပ်စွဲထားသည့်စစ်တပ်က အင်အား ၅၀ ခန့် ဖြင့် အဆိုပါဖယောင်းတောင်ဘက်သို့ စစ်ကြောင်းထိုးခဲ့သော်လည်း ပြန်ဆုတ်ခွာသွားရသည်ဟု ဒေသခံများက ပြောကြသည်။

ထိုစက်တင်ဘာလအတွင်း ဖယောင်းတောင်ဒေသအား လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ပြီး ဖယောင်းတောင်အနောက်ဘက် ထီးတော်မိုးရွာ အခြေစိုက် စစ်တပ်ကလည်း လက်နက်ကြီး မကြာခဏပစ်ခတ်ခဲ့သည်။

ယခုနှစ်တွင်မူ အဆိုပါဖယောင်းတောင်ဒေသအား အင်အား ၃၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး လတ်တလောတွင် အဆိုပါစစ်ကြောင်းသည် ပုသိမ်ကြီးမြို့နယ်အရှေ့မြောက်ဘက် ရှမ်းရိုးမတောင်တန်း များပေါ်သို့ စစ်ကြောင်းထိုးနေဆဲဖြစ်သည်ဟု ပုသိမ်ကြီးမြို့နယ်မှ စစ်ရေးရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။

“ခု…ထိုးနေတဲ့ စစ်ကြောင်းက စိန်ခနောက်၊ မြခနောက် တောင်တန်းတွေအပေါ်ကနေ ထိုးနေပြီး ဖယောင်းတောင်နဲ့ မတ္တရာအရှေ့ MDY-PDF သိမ်းထားတဲ့ဆီ ရသလောက် တိုးနေဆဲပဲ သိထားပါတယ် ။ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေရော တောက်လျှောက်သုံးပါတယ်။ တောင်ပေါ်ကို စစ်ကြောင်း သုံးကြောင်းခွဲထိုးပါတယ်။ အယ်လ်ဖာနားအထိတော့ မရောက်နိုင်သေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

“ ဖယောင်းတောင်က ရွှေထွက်တယ်လေ။ ဒီကောင်တွေ ငမ်းငမ်းတက်လိုချင်တာပေါ့”

မတ္တရာအရှေ့ခြမ်းမှ စစ်ရေးရင်းမြစ်နောက်တစ်ဦးကလည်း  “စစ်ကြောင်းကတော့ တောင်ဂေါင်းရဲ့ အထက်ကနေတကြောင်း၊ မြကန်သာကနေ ထန်းပင်ကုန်းကို အင်အားဖြည့်ပြီး ထိုးတာက တစ်ကြောင်း၊ ကျောက်တံတားကနေ လက်ဝဲကြီး လမိုင်းဘက်ကိုထိုးတာကတကြောင်း လက်ရှိထိုးနေတယ်”ဟု ဆိုသည်။

“ထန်းပင်ကုန်းအနီးတဝိုက်နဲ့ကြားရွာတွေ၊နောက်ပြီးကျောက်တံတားရွာရဲ့အနီးတဝိုက်တို့ကို အရင် ရက်ပိုင်းတွေက မီးတွေရှို့တယ်။ မိုးရွာလည်းရှို့နေတာပဲ”ဟု ၎င်းက ဆက်သည်။

မန္တလေးတိုင်းအတွင်း ရွှေတူးဖော်ရေးလုပ်ငန်းများ ရှိသည့် စဉ့်ကူးမြို့ကို MDY-PDF က တိုက်ခိုက် သိမ်းပိုက်ထားပြီး အခြားရွှေထွက်နှုန်းကောင်းသည့် သပိတ်ကျင်းနှင့်မတ္တရာတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ရှေ့တန်းတစ်နေရာတွင် တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- မိုးဦး- Myanmar Now)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button