မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း လူစည်ကားရာရပ်ကွက်များအား စစ်ကောင်စီတပ်က ယနေ့ (ဇူလိုင် ၂၉) နံနက်တွင် လေကြောင်းမှ ဗုံးကြဲခဲ့ရာ လေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့သည်ဟု တအာင်းတပ် (TNLA) သတင်းထုတ်ပြန်သည်။
မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်နှင့် ရွှေဘုံသာရပ်ကွက်၊ BOC ကားကြီးကွင်းနေရာများအား ပေါင် ၅၀၀ ဗုံးသုံးလုံး၊ ပေါင် ၂၅၀ ဗုံးနှစ်လုံးဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု TNLA ဘက်က ဆို သည်။ သေဆုံးသူများ၏ အသက်နှင့် ကိုယ်ရေးအချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။
လေကြောင်းတိုက်ခိုက်ခံရသည့် ရပ်ကွက်နှစ်ခုတွင် ဂေါ်ရခါးလူမျိုးများနှင့် လီဆူလူမျိုးများ အများဆုံး နေထိုင်ကြသည်ဟု မြို့ခံတို့က ဆိုသည်။
သေဆုံးသူများထဲတွင် မင်းတံတားရပ်ကွက်ရှိ ဂျုံစက်၌ အလုပ်လုပ်ကိုင်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးပါဝင်သည်ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။ အခြားသေဆုံးသူများ၏ အချက် အလက်များကို မူအသေးစိတ် မသိရှိရသေးပေ။
ထိခိုက်ဒဏ်ရာရသူများတွင် အမျိုးသမီး လေးဦး၊ အမျိုးသား ငါးဦး ပါဝင်ပြီး လမ်းဘေးဈေးရောင်း နေသူများ၊ လမ်းသွားလမ်းလာများ ပါဝင်ကာ ဒဏ်ရာ ပြင်းထန်သူများလည်း ရှိသည်ဟု အထက်ပါ မိုးကုတ်မြို့ခံက ဆိုသည်။
“လူနာတင်ကားတွေနဲ့ သယ်သွားတာ တစ်ချို့က ဒဏ်ရာအတော်ပြင်းထန်တယ်။ အတိအကျတော့ ပြောလို့မရဘူး။ ဗုံးကြဲခဲ့တဲ့နေရာတွေကို ဝင်ထွက်ခွင့်လည်း ပိတ်ထားတယ်” ဟု ၎င်းက ဆက်ပြောသည်။
TNLA က မိုးကုတ်မြို့ကို သိမ်းထားသည့်ကာလတစ်လျှောက် စစ်တပ်ဗုံးကြဲမှုများတွင် ယခုတစ်ကြိမ် သည် အပြင်းထန်ဆုံးဖြစ်သည်ဟု မိုးကုတ်ဒေသခံ နောက်တစ်ဦး ပြောသည်။
“ပထမစစချင်းလာကြဲတာ မင်းတံတားရပ်ကွက်ကို လာကြဲသွားတာ။ ဒုတိယတစ်ခေါက်လည်း အရှေ့ရွာ (ရပ်ကွက်)ရယ် မင်းတံတားရယ်ကို လာကြဲတာ။ တတိယတစ်ခေါက်မှာ အရှေ့ရွာရယ် ရွှေဘုံသာရယ်ကို လာကြဲ သွားတာ။ ဒီတစ်ခေါက် ဗုံးကြဲတာတော့ မြို့သိမ်းပြီးကတည်းကနေ အပြင်းထန်ဆုံးလို့ ပြောလို့ ရတယ်”

ကမ္ဘာကျော် ပတ္တမြားအပါအဝင် ကျောက်မျက်ရတနာအများအပြား ထွက်ရှိသည့် မိုးကုတ်မြို့ကို TNLA က “၁၀၂၇” စစ်ဆင်ရေးများအတွင်း သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက တရုတ်ဖိအားဖြင့် ပြန်လည်တောင်း ယူနေသည့်မြို့ ဖြစ်သည်။
TNLA က ပြန်ပေးရန် ငြင်းဆန်ပြီးနောက် စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်နေသော မြို့ဖြစ်လာ ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့က မိုးကုတ်မြို့ ရွှေလိပ်ပြာဟိုတယ်အား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်။
အလားတူ ဇူလိုင် ၈ ရက်မှ ၂၆ ရက်အတွင်း မိုးကုတ်မြို့လေကြောင်းမှ တိုက်ခိုက်မှုများအတွင်း ကလေး နှစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့သည်ဟု TNLA က ဆိုသည်။ ဒဏ်ရာရသူ ၂၂ ဦး ရှိသည်ဟု ဆိုသည်
“ ၁၀၂၇ စစ်ဆင်ရေး” ကာလ ၂၀၂၄ ဇွန်လ ၂၅ ရက်တွင် TNLA နှင့် ပူးပေါင်းတပ်များက မိုးကုတ်မြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ ဇူလိုင် ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ် သည်။
စစ်ကောင်စီက TNLA ကို ပြန်ပေးရန် တောင်းဆိုခဲ့သည့် မန္တလေးတိုင်း မိုးကုတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးမိတ်မြို့များအား TNLA က ပြန်မပေးသည့်နောက် နောင်ချိုမြို့ကို ထိုးစစ် ဆင် သိမ်းပိုက်ခဲ့သည်။
ကျန်နေသည့် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့များအား လေကြောင်းမှ နေ့စဉ်နီးပါး တိုက်ခိုက်နေသည်။
နောင်ချို ရပြီးနောက် စစ်ကောင်စီတပ်၏ ထပ်မံပစ်မှတ်ထားလာသည့်မြို့မှာ မိုးကုတ်မြို့ဟု ယူဆရပြီး ဇူလိုင် ၂၇ ရက်နေ့တွင် မိုးကုတ်မြို့နှင့်နောင်ချိုမြို့အား ဆက်သွယ်ရာတွင် အရေးပါသည့် သုံးဆယ်ရွာ လမ်းပိုင်းအား စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်သည်။
လူဦးရေ ၆၀၀၀ ကျော်ရှိပြီး တိုက်နယ်ဆေးရုံရှိသော ထိုရွာသည် မိုးကုတ်မြို့တောင်ဘက် မိုင် ၆၀ ကျော် သာ ကွာဝေးသည်။
အလားတူ မန္တလေး-သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်း သပိတ်ကျင်းမြို့နယ်အား စစ်ကောင်စီတပ်က သိမ်း ပိုက်ခဲ့သောကြောင့် သပိတ်ကျင်းအရှေ့ဘက် မိုးကုတ်မြို့ဘက်သို့ ဦးတည်လာနိုင်မည်ဟု ယူဆရသော ကြောင့် TNLA က မိုးကုတ်မြို့ဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်ထားသည်။
မိုးတွင်းကာလဖြစ်၍ ရှောင်ကွင်းလမ်းများ ပျက်စီးနေသဖြင့် ပြုပြင်မည်ဟု ဆိုကာ ဇူလိုင် ၂၉ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ကုန်ကားများနှင့် ခရီးသွားကားများ သွားခွင့်ကို TNLA က တားမြစ်ထားသည်။
လက်ရှိတွင် ဒေသခံများနှင့် ခရီးသွားအများစုသည် ရှောင်ကွင်းလမ်းများမှ သွားလာနေကြရသည်။
စစ်ကောင်စီတပ်သည် နောင်ချိုဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ သပိတ်ကျင်းဘက်မှ တစ်ကြောင်းဖြင့် မိုးကုတ်မြို့ကို ထိုးစစ်ဆင်လာမည်ဟု ယူဆ၍ ဒေသခံများအကြား စိုးရိမ်နေကြသည်။
မိုးကုတ်မြို့ကို စစ်ကောင်စီပြန်ရပါက မြောက်ဘက်ရှိ TNLA ထိန်းချုပ်သိမ်းပိုက်ထားသည့် နယ်မြေများ ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နှင့် နယ်မြေတစ်ဆက်တည်းဖြစ်သော မိုင်းလုံ ၊ မိုင်းငေါ့၊ နမ့်ဆန်၊ နမ္မတူမြို့တို့ရှိသည်။
ထို ၄ မြို့သည် စစ်ကောင်စီက တရုတ်ဖိအားဖြင့် ပြန်ပေးရန် TNLA ထံ တောင်းထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များ၏ အထက်ဘက် ကပ်လျက်တည်ရှိသည်။
“၁၀၂၇” စစ်ဆင်ရေးများအပြီး တော်လှန်ရေးတပ်များ ထိန်းချုပ်လိုက်သော ဧရာဝတီမြစ်အရှေ့ခြမ်းနှင့် ရှမ်းမြောက်တို့ နယ်မြေတစ်ဆက်တည်းတည်ရှိနေရာမှ သပိတ်ကျင်းကျပြီးနောက် မိုးကုတ် ကျပါကာ တော်လှန်ရေးနယ်မြေများအတွင်း စစ်ကောင်စီထိန်းချုပ် အင်အားဖြည့်ရာ နေရာများအဖြစ် တော်လှန် ရေးနယ်မြေများကို ခြိမ်းခြောက်လာနိုင်မည် ဖြစ်သည်။




