
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းများမှ တိုက်ခိုက်နေသည်ဟု ဒေသခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်ဖြူမြို့တောင်ဘက် မိုင် ၂၀ အကွာရှိ ကျောက်ပြောက်ကျေးရွာကိုလည်း ယမန်နေ့ (ဇူလိုင်လ ၂၁ ရက်)က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုကြောင့် ကျောက်ပြောက်ဘုန်းကြီးကျောင်းတွင် စစ်ရှောင်အဖြစ် တည်းခိုနေသည့် သက်တော် ၉၃ နှစ်အရွယ် ဘုန်းတော်ကြီး ဦးအာစိဏ္ဏ ထိခိုက်ဒဏ်ရာရသွားသည်ဟုလည်း ဒေသခံ တစ်ဦးက ပြောသည်။
“စစ်တပ်လေယဉ်နဲ့ ပစ်ချသွားတာ ကျောက်ပြောက်ဘုန်းကြီးကျောင်းကို ကျပါတယ်။ ဘုန်းကြီးတစ်ပါး ဒဏ်ရာ ရသွားပါတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ဒဏ်ရာရရှိသွားသည့်ဆရာတော်မှာ ဇိုင်ချောင်းရွာမှ ကျောက်ပြောက်ရွာသို့ စစ်ဘေးရှောင်လာသည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ စစ်ကောင်စီလေတပ်က ဂျက်လေယာဥ်ဖြင့်ဗုံးကြဲချခဲ့ရာ ကျောင်းဝင်းအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး အအောက်အအုံတစ်ချို့လည်း ပျက်စီးသွားကြောင်းဒေသခံတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့အနီးဝန်းကျင်တွင်လည်း တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ယမန်နေ့ညတွင် ပေါက်ကွဲသံများ ဆက်တိုက်ကြားရသည်ဟုလည်း ကျောက်ဖြူမြို့ပေါ်နေ အခြားဒေသခံတစ်ဦးက ပြောသည်။
“မနေ့(ဇူလိုင်လ ၂၁ ရက်) ညနေ ၇ နာရီလောက် ဗုံးအကြီးကြီးတစ်လုံး ပေါက်ကွဲတာ တစ်မြို့လုံး တုန်ခါသွားပါတယ်။ မြို့နဲ့ တော်တော် နီးပါတယ်။ ပြီးတော့ ညဘက် ၂ နာရီလောက်မှာရော တလုံး ကြားလိုက်ရပါ” ဟု အထက်ပါ ဒေသခံက ပြောသည်။

ကျောက်ဖြူမြို့သည် ပင်လယ်ကမ်းစပ်မြို့ဖြစ်ရာ ပင်လယ်ပြင်တွင် တပ်စွဲထားသည့် ရေတပ်သင်္ဘောများမှလည်း ကင်းလှည့်ကာ ပစ်ခတ်နေသည်ဟုလည်း ဆိုသည်။ “ကျောက်ဖြူမြို့နားမှာပဲ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် နေဗီး(စစ်)သင်္ဘော ၁၀ စီးကျော်လောက် ပင်လယ်ပြင်မှာ လှည့်နေတာမျိုးရှိပါတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
AA နှင့်စစ်ကောင်စီတပ်တို့သည် ကျောက်ဖြူမြို့နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့်မတ်လတို့တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်တွင်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးသီးချခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းတို့ လုပ်နေသည်ဟု ဒေသခံတို့က ဆိုသည်။
သို့သော် AA သည် ကျောက်ဖြူမြို့တောင်ဘက်အစွန်ရှိ အမှတ် ၃၂ ရဲတပ်ရင်းဌာနချုပ်၊ ဓညဝတီ ရေတပ်ဌာနချုပ်၊ကျောက်ဖြူမြို့ သဘာဝ ဓာတ်ငွေသန့်စင်စက်ရုံ(OGT)တို့ကို ဝိုင်းဝန်းပိတ်ဆို့ထားသည်ဟုလည်း ဒေသခံများက ဆိုသည်။

စစ်ရေးပြင်းထန်နေသည့် ကျောက်ဖြူမြို့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး ယမန်နေ့ (ဇူလိုင် ၂၁ရက်နေ့)က သွားရောက်ခဲ့ပြီး ဆေးရုံတက်နေသည့် ဒဏ်ရာစစ်သားများကို သွားရောက်ကြည့်ရှုခဲ့သည်။
ဗိုလ်ချုပ် ကျော်စွာဦးသည် AA သိမ်းပိုက်ခဲ့သည့် အနောက်ပိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ မကျခင်ကပင် ပြည်နယ်မြို့တော် စစ်တွေတွင်သာနေထိုင်လေ့ရှိပြီး အခမ်းအနားတက်ခြင်း၊ လူလုံးထွက်ပြခြင်းများ မရှိခဲ့ပေ။
ယခုရက်ပိုင်းအတွင်း စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ ရသေ့တောင်၊ ပေါက်တောမြို့၊ ပုဏ္ဏားကျွန်းမြို့နယ်များရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို AA က သိမ်းပိုက်ထားသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များကိုသာ AA က တိုက်ခိုက်သိမ်းယူရန် ကျန်တော့သည်။




