ကချင်ပြည်နယ် ဖားကန့်မြို့နှင့် အင်းတော်ကြီးဒေသတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်(KIA)တို့ ယမန်နေ့ (ဇူလိုင် ၁၄)မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ဖားကန့်မြို့တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများနှင့် KIA တို့ထံက သိရသည်။
မြို့အနောက်ဘက်တွင်ရှိသည့် မှော်ဝမ်းလေး၊ မှော်ဝမ်းကြီးနှင့် မော်မောင်းလျံကျေးရွာတို့တွင် ယမန်နေ့မွန်းလွဲမှ စတင်၍ တိုက်ပွဲပြင်းထန်နေပြီး ယနေ့လည်း တနေကုန်နီးပါး တိုက်ပွဲများဖြစ်ပွား နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဖားကန့်ဘက်မှာ တိုက်ပွဲတွေဖြစ်တယ်၊ မှော်ဝမ်လေးတို့ မှော်ဝမ်းကြီးတို့ အဲဒီဘက်မှာ တိုက်ပွဲတွေ တနေကုန်လောက် တိုက်ပွဲဖြစ်တယ်။ လေကြောင်းနဲ့တောင်မှ ဗုံးလာကြဲတဲ့အဆင့်ရှိတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
သို့သော် မြေပြင်ရှိ အသေးစိတ်အခြေအနေများကို အတိအကျ မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ဖားကန့်မြို့အနောက်ဘက် ကပ်လျက်တွင်ရှိသည့် မော်မောင်းလျံရွာကို စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖားကန့် အခြေစိုက် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) တာဝန်ခံ တစ်ဦးက ပြောသည်။
သို့သော် ဗုံးကြဲခံရသည့် မော်မောင်းလျံရွာတွင် စစ်ကောင်စီတပ်များသာ တပ်စွဲထားကြောင်း ၎င်းက ဆိုသည်။
“(KPDF တပ်များ)အထိအခိုက်မရှိဘူး။ သူတို့နေရာ သူတို့ပစ်သွားတယ်။ ကျွန်တော်က ရှေ့မှာမို့ ကျန်တာမသိဘူး”
တိုက်ပွဲဖြစ်ပွားနေသည့်၊ ဗုံးကြဲတိုက်ခိုက်ခံရသည့် ကျေးရွာများတွင် ဒေသခံများ မရှိကြောင်း၊ ဇွန်လမှစတင်ကာ စစ်ရှောင်နေကြကြောင်း သိရသည်။
ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှာ ယနေ့နံနက် ၅ နာရီခွဲခန့်မှစတင်ကာ တိုက်ပွဲနယ်မြေဖြစ်သော မှော်ဝမ်းကြီး၊ မှော်ဝမ်းလေးနှင့် မော်မောင်းလျံ၊ မော်မောင်းဘွမ်ရွာတို့ကို လက်နက်ကြီးများဖြင့် တနေကုန်ပစ်ခတ်နေသည်ဟု သိရသည်။
အင်းတော်ကြီး-ဖားကန့်လမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ် နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေသောကြောင့် KIA နှင့် ယမန်နေ့နံနက်စတင်ကာ ယနေ့နံနက်အထိ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
အင်းတော်ကြီးဒေသတွင် အခြေအနေကို KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
“အင်းတော်ကြီးဘက်မှာတော့ တိုက်ပွဲဖြစ်ပါတယ်။ မနေ့က တော်တော်ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တယ် ဆိုတာ ကြားရပါတယ်။ ဒါပေမဲ့ စခန်းသိမ်းရတာတို့ ဘယ်လောက်ထိပြင်းထန်တယ်ဆိုတာ မကြားရပါဘူး”
ဖားကန့်မြို့တောင်ဘက် မိုင် ၅၀ ခန့်အကွာ အင်းတော်ကြီးဒေသ မိုင်းနောင်ရွာအနီး တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာသည့်အတွက် KIA, KPDF ပူးပေါင်းတပ်များမှာ နောက်ဆုတ်ပေးနေရသည်ဟု သိရသည်။

ယမန်နေ့က တိုက်ပွဲအတွင်း KPDF ရဲဘော် ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံများ အဆိုအရ သိရသည်။
ထို့ပြင် မိုင်းနောင်ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တချို့မီးလောင်ပျက်စီးခဲ့ သလို ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည်ဟု KPDF တပ်များနှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မိုင်းနောင်က အရပ်သားပြည်သူတစ်ဦးကျည်ထိမှန်တယ်၊ လက်နက်ကြီးကျလို့ နေအိမ်တချို့ မီးလောင် တယ်။ ရှမ်းနီတပ်တွေ ရမ်းပစ်ပြီး ရွာထဲဝင်လို့ ထိခိုက်ကြတာ” ဟု အဆိုပါ ဒေသခံက ပြောပြသည်။
ယနေ့မွန်းလွဲ ၁ နာရီခန့်တွင်မူ KIA ပူးပေါင်းတပ်များ နောက်ဆုတ်သွားသည့်အတွက် တိုက်ပွဲရပ်သွားပြီး မိုင်းနောင်နှင့် မိုင်းကိုင်မှ ယာယီစစ်ရှောင်ခဲ့ကြသည့် ဒေသခံများ ရွာတွင်း ပြန်လည်ဝင်ရောက်သွားကြပြီ ဟု သိရသည်။
စစ်တပ်ဝါဒဖြန့်အွန်လိုင်းစာမျက်နှာတချို့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြိုနယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင် နှင့် မမုန်ကိုင်ကျေးရွာတို့ရှိ KIA/PDF စခန်းကို စစ်တပ်နှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့ တို့က ရှင်းလင်းနိုင်ခဲ့ကြောင်း ယနေ့ ဖော်ပြထားကြသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးနေသည်ဟု သိရသည်။
ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။



