စစ်ကောင်စီတပ်များ ယမန်နေ့(ဇူလိုင် ၁၃) ညတွင် နောင်ချိုမြို့၏မြို့စွန်ရပ်ကွက်များထဲအထိ ရောက်လာခဲ့ပြီး တအာင်းတပ် TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့သည် စစ်တပ်လက်ထဲသို့ ပြန်ရောက်လုဆဲဆဲ အခြေအနေရောက်နေပြီဟု မြို့ခံများနှင့် ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ နောင်ချိုမြို့တွင် မြို့ပေါ်ရက်ကွက် ခြောက်ခုရှိပြီး ယင်းတို့အနက်မှ တောင်ရပ်ကွက် နှင့် ပါဟတ်ရပ်ကွက် နှစ်ခုကို တောင်းခမ်းမှ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းက စတင်ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်မြို့ပေါ်ရပ်ကွက်လေးခုဖြစ်သည့် ဈေး၊ ဘူတာ၊ သပြေရေနှင့် နားရှိုး တို့တွင် မည်သည့်တပ်များ ရှိနေသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

လူဦးရေ တသိန်းလေးသောင်းခန့်နေထိုင်သည့် နောင်ချိုမြို့နယ်ထဲမှ နေရာအများစုကို ပြီးခဲ့သည့်နှစ်၊ဇူလိုင်လ အတွင်းက ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း၊ TNLA ကစစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
TNLA ကမြို့ကို တနှစ်ကြာထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်များ မြို့ထဲသို့ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။
မြို့ခံတဦး၏အဆိုအရ တအာင်းတပ် TNLA များကို နောင်ချိုမှ စစ်ရေးအရ အရေးပါသည့် နေရာများဖြစ်သော ဂုတ်တွင်းနှင့်ဂုတ်ထိပ်တို့တွင် ယနေ့နံနက်ပိုင်း(ဇူလိုင် ၁၄) အထိတွေ့ခဲ့သည်ဟုဆိုသည်။
စစ်တပ်၏နောက်ထပ်ပစ်မှတ်များ
စစ်ကောင်စီတပ်များသည် ယနေ့ (ဇူလိုင်၁၄) နေ့လယ်ပိုင်းတွင် နောင်ချိုမှကျောက်မဲသို့အထွက် လမ်းအသုံးပြုခ ကောက်ခံ ရေးဂိတ်နှင့် မူးယစ်စစ်ဆေးရေးဂိတ်ရှိသည့်နေရာများအား ဆက်လက်ထိန်းချုပ်ရန် ပြင်ဆင်နေသည်ဟု ဒေသခံတို့ ကဆိုသည်။
စစ်တပ်၏ အမြှောက်တပ်ရှိသည့် နောင်ချိုမြို့အနီး တောင်ခမ်းကျေးရွာမှ တက်လာသည် နောက်ထပ်စစ်ကောင်စီ စစ်ကြောင်းတစ်ချို့သည် နောင်ချိုမြို့နှင့် ခြောက်မိုင်အကွာ နောင်ချို-ကျောက်မဲ လမ်းပိုင်းရှိ ဂုတ်ထိပ်တံတားအား ထိန်းချုပ်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေသည်ဟု စစ်ကောင်စီ ထောက်ခံ သူများကဆိုသည်။
ယမန်နေ့(ဇူလိုင်၁၃) ရက်နေ့ ညနေပိုင်းတွင် ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရသည်ဟု သတင်းများထွက်ပေါ် နေသော်လည်း စစ်တပ်နှင့် TNLA နှစ်ဖွဲ့လုံးက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
TNLA က နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်ထိပ်လမ်းပိုင်းမှ ခရီးသည်များ ဖြတ်သန်းခွင့်ကို ဇူလိုင် ၁၀ ရက်နေ့မှ စတင်ပိတ်ထား၍ တံတားချိုးခံရသည့် အခြေအနေအား အတိအကျ မသိရှိရသေးဟု ဂုတ်တွင်းတံတား အနီးရှိကျေးရွာတွင် နေထိုင်သူ တစ်ဦးကဆိုသည်။
“တံတားချိုးခံရတယ်ဆိုပြီး သတင်းထွက်နေတာတော့ ဟုတ်တယ်။ အတိအကျတော့ ဘာမှ မသိရဘူး။ သွားလို့ လည်း မရဘူး၊ အခုလိုင်းပေါ်မှာတွေ့တဲ့ ပုံတွေက စစ်တပ်ဘက် ဒရုန်းနဲ့ ရိုက်ထားတဲ့ ပုံလို့ပြောတယ်။ အတိအကျ ပြောဖို့ခက်တယ်” ဂုတ်တွင်း တံတားအနီးရှိ ကျေးရွာတွင် နေထိုင်သူတစ်ဦးကဆိုသည်။
တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ TNLA ပြောခွင့်ရသူ လွေးယေဦးကို Myanmar Now ကဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
စစ်ကောင်စီ ထောက်ခံသူများကမူ နောင်ချိုမြို့တွင်းသို့ စစ်တပ်စစ်ကြောင်းများရောက်ရှိ ထိန်းချုပ်နိုင်ပြီး၊ ရက်ပိုင်း အတွင်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်တော့မည်ဟု ရေးသားနေကြသည်။
နောင်ချိုမြို့အနီး တိုက်ပွဲ ပြင်းထန်နေချိန်၊ နောင်ချို-ပြင်ဦးလွင် ရှောင်ကွင်းလမ်းများမှ ခရီးသွားလာခွင့်အား ဇူလိုင်လဆန်းမှစတင်ကာ စစ်ကောင်စီတပ်က တင်းကြပ်ထားသည်။
ပြင်ဦးလွင်မှ နောင်ချိုသို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းများသည် ယခုရက်ပိုင်းတွင် နောင်ချို-မိုးကုတ်လမ်းရှိ ဆမ္မဆယ်ကျေးရွာ ထက်ဝက်နီးပါးအား ထိန်းချုပ်ထားပြီး စစ်ကြောင်းအချို့သည် နောင်ချိုနှင့် လေးမိုင်အကွာ ကျောက်ကြမ်းရွာအား ဇူလိုင် ၁၃ ရက်တွင် ထပ်မံ ထိန်းချုပ်လိုက်သည်ဟု စစ်ကောင်စီ ထောက်ခံသူတို့က ဆိုသည်။
ကျောက်ကြမ်းရွာနှင့် တစ်မိုင်အကွာတွင် စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းနှင့် ခမရ ၁၁၅ တပ်ရင်းများရှိသည်။
အဆိုပါတပ်ရင်းများအား ၂၀၂၄ ဇွန်လကုန်ပိုင်းတွင် TNLA နှင့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးကာလ တွင် သိမ်းပိုက်ထားခြင်း ဖြစ်ပြီး တစ်နှစ်နီးပါးထိ ထိန်းချုပ်နိုင်ခဲ့ သည်။
တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချိုမြို့အား ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ဇူလိုင် ၁၀ ရက်တွင် TNLA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ ကူမင်းမြို့ဆွေးနွေးပွဲတွင် TNLA ထိန်းချုပ်မြို့များမှ နောင်ချို၊ ကျောက်မဲ အပါအဝင် ၅ မြို့ကို ပြန်ပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့သော်လည်း သဘော တူညီမှု မရခဲ့ပဲ စစ်ကောင်စီတပ်က ရှမ်းမြောက် ဝင်ပေါက် နောင်ချိုမြို့ကို ပြန်ရရန် အပြင်းအထန် ထိုးစစ်ဆင်နေသည်။
ဇူလိုင် ၅ ရက်နေ့က ပြုလုပ်သော TNLA သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံက တိုက် ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် တအောင်းတပ်တို့ကို မကြာသေးခင်က သီးခြား စီတွေ့ ဆုံ စကားပြောခဲ့ပြီး နှစ်ဖက်လုံးကို အပစ်ရပ်ရန် ပြောခဲ့ကြောင်း TNLA မှ လွေးယေဦးက မီဒီယာများကို ပြောခဲ့သည်။သို့ရာတွင် စစ်ကောင်စီဘက်မှ လေကြောင်းနှင့် မြေပြင်ထိုးစစ်များ ဆက်ရှိနေပြီး TNLA နှင့် တိုက်ပွဲ များ ဆက်လက် ပြင်းထန်နေသည်။



