အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတွင် စစ်ရှောင်များခိုလှုံရာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ကလေးများအပါအဝင် နှစ်ဒါဇင်နီးပါး သေဆုံး

တိုက်ပွဲများကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များရှိရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ကလေးများပါအဝင် ၂၂ ဦး သေဆုံးသွားပြီး ၅၀ နီးပါး ဒဏ်ရာရသွား သည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူကျေးရွာရှိ စစ်ရှောင်များခိုလှုံနေသည့် သစ္စာဝါဒီဘုန်းကြီး ကျောင်းကို ယနေ့ (ဇူလိုင် ၁၁ရက်) နံနက် ၁ နာရီခန့်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့ရာ ၂၂ ဦး သေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောကြသည်။

အသက် ၈ နှစ်မှ ၁၂ နှစ်အရွယ်အကြား ကလေး ၃ ဦး၊ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၅ ဦး တို့ သေဆုံးသည်ဟု ကနဦးသိရပြီး စစ်ကိုင်းမြို့နယ် ကျော်ဇေယျာနှင့် ပုဂံတူကျေးရွာများမှ လာရောက် စစ်ဘေးရှောင်နေသူများ ဖြစ်သည်ဟု သိရသည်။

စစ်ကိုင်းမြို့တောင်ဘက် ၁၉ မိုင်အကွာတွင် တည်ရှိသည့်ကျေးရွာကို လူအများအိပ်မောကျနေချိန် တိုက်ခိုက်ရေးလေယာဉ်က ၂ ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သစ္စာဝါဒီ ဘုန်းကြီးကျောင်းတွင် သီတင်းသုံးသည့် ဘုန်းတော်ကြီးတစ်ပါးက Myanmar Now ကို မိန့်သည်။

“ (လေယာဉ်) နေ့တိုင်းဝဲနေတာ၊ အရင်ညတွေကတော့ ဘေးရွာတွေပေါ့။  ခုညမှဦးဇင်းတို့ရွာကြဲတာစစ်ရှောင်တွေ ၃၀ နီးပါးသေတယ်။ ရွာခံတွေတော့မထိခိုက်ဘူး စစ်ရှောင်တွေသေကြတာ” ဟု မိန့်ကြား သည်။

စစ်ကိုင်းမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် ကျေးရွာများမှ ဒေသခံများသည် တိုက်ပွဲများနှင့် ဝေးရာ လင်းတလူးကျေးရွာ၊ သစ္စာဝါဒီဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေခြင်းဖြစ်သည်ဟု သိရသည်။

လင်းတလူးရွာ အရှေ့ဘက်ရှိ ကျေးရွာများဖြစ်သော ကျော်ဇေယျာ၊ ပုဂံတူ၊ သစ်ချိုကုန်း၊ ရုံးပင်ကန်၊ ဆင်ပြေ၊ ဒေါင်းမ၊ မအူပင်၊ ညောင်ကုန်း၊ သပြေပင်၊ တဲကြီး၊ သလွန်ဖြူ၊ဆင်မြေ စသည့်ကျေးရွာများမှ စစ်ဘေးရှောင် ဒေသခံ ၁၅၀ ခန့် လာရောက်ခိုလှုံနေထိုင်နေသည်မှာ ရက် ၂၀ ခန့်ရှိပြီဖြစ်သည်ဟုလည်းသိရသည်။

ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတချို့ကို စီတန်းထားစဉ်။ (ဓာတ်ပုံ- ပေးပို့) 

သေဆုံးသူများကိုရှင်းလင်းခြင်း၊ ဒဏ်ရာရသူများကို ကယ်ဆယ်ဆေးကုသခြင်းတို့ လုပ်ဆောင်နေသည် ဟု စစ်ကိုင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးလှိုင်ဘွားက ပြောသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြေုာင့် ဒဏ်ရာရသူများကို ဆေးကုပေးနိုင်ရန် ခက်ခဲနေပြီး သေဆုံးသူများ တိုးလာဖွယ်ရှိသည်ဟုလည်း စစ်ကိုင်းဒေသခံတစ်ဦးကလည်း ပြောသည်။

“လက်ရှိသေဆုံးအပြင် နောက်ထပ်လည်း ဒဏ်ရာရတွေရှိတယ် ရုပ်အလောင်းပိုင်ရှင်တွေတော့ သယ်ခွင့် ရှိတဲ့ဟာတွေ၊ ထုတ်ခွင့်ရှိတာတွေထုတ်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများ ပြန့်ကြဲနေသည်ကို ဓာတ်ပုံမှတ်တမ်း များတွင် တွေ့ရပြီး ဘုန်ကြီးကျောင်းသည်လည်း နံရံများပြိုပျက်၊ အမိုးလည်း ပွင့်ထွက်နေသည်ကို တွေ့ရ သည်။

ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံအပေါ်သို့ ဗုံးတည့်တည့်ကျရောက်ပေါက်ကွဲသည့်အတွက် ဓမ္မာရုံလည်း ပျက်စီး သွားသည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုများသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်နွယ်နေသူများ ရှိသည့်နေရာကို သာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရသူက ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

စစ်ကိုင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သော တောတွင်းတွတ်ပီအဖွဲ့ ၏ ခေါင်းဆောင် ဆရာကျန်က ယခုတိုက်ခိုက်ခံခဲ့ရသည့် နေရာတွင် တော်လှန်ရေးတပ်သားများ ရှိမနေ ဟု ဆိုသည်။

“စစ်ကိုင်းမြို့နယ်ဘက်ခြမ်းမှာက ဘုန်းကြီးကျောင်းတွေနဲ့ဆက်နွှယ်ပြီး ကာကွယ်ရေးတပ်တွေ ထိုင်တာ မျိုး၊ အသုံးပြုတာမျိုးမရှိဘူး။ လက်ရှိကျောင်းမှာ ကာကွယ်ရေးတပ် အသုံးပြုတဲ့နေရာမဟုတ်တာတော့ ၁၀၀ ရာနှုန်းအာမခံတယ်ဗျ”ဟု ပြောသည်။

ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်းအတွင်း မြင်ကွင်းကို တွေ့ရပုံ။(ဓာတ်ပုံ-ပေးပို့)

စစ်ကောင်စီတပ်သည် ဇွန် ၁၁ ရက်နေ့မှစကာ စစ်ကိုင်းမြို့နယ်အတွင်း  မြေပြင် စစ်ကြောင်းနှစ်ကြောင်း ခွဲကာ တစ်ပြိုင်တည်း စစ်ကြောင်းထိုးနေသည်။

မြို့နယ်မြောက်ဘက်သို့ တစ်ကြောင်း၊ စစ်ကိုင်းမြို့၏တောင်ဘက် စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိကျေးရွာ များသို့ တစ်ကြောင်း စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့ကလည်း  စစ်ကိုင်းတိုင်း မြိုင်မြို့နယ်  မြိုင်မြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ရှိ သနပ်ရင်းရွာကို ညအချိန် ဗုံးကြဲခဲ့ခြင်းကြောင့် အသက်၂ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၃၀ အရွယ် ဦးလေးဖြစ်သူ သေဆုံးပြီး ၅ ဦးထက်မနည်းလည်း ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ဇူလိုင် ၉ ရက်နေ့သည် ဂေါတမဘုရား ဓမ္မစကြာတရားဦး ဟောသည့်နေ့ တရားကျင့်ကြံရန် တောထွက် သည့်နေ့ မြန်မာလအားဖြင့် ဝါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာနေ့အဖြစ် သတ် မှတ်ထားသည်။ ထိုနေ့တွင် ဗုဒ္ဓဘာသာဝင်များ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်း၊ သူတစ်ပါး အသက်သတ် ခြင်းအပါအဝင် သီလ ၅ ငါးကို စောင့်ထိန်းကြသည်။

သို့သော် စစ်ကောင်စီတပ်သည့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာထိုနေ့တွင် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ လိုလော်ထီးကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ထိုတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်နှင့် ၈ နှစ်အရွယ် ကလေးငယ်တို့အပြင် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးဟု စုစုပေါင်း ၅ ဦး သေဆုံးသည်ဟု ကရင်နီကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော အချက် အလက်များအရ ဇူလိုင် ၁ ရက်နေ့မှ ၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ ၉ ဦး သေဆုံးခဲ့ပြီး ၈ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။ 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သောဖြစ်ရပ်များ အနက် လူ ၁၀၀ ကျော် သေဆုံးခဲ့သည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်း တိုကိခိုက်မှုမှာ အထင်ရှားဆုံး ဖြစ်သည်။ 

 ဗုံးကြဲတိုက်ခိုက်ခံရသည့် လင်းတလူကျေးရွာ တည်ရှိရာပြမြေပုံ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button