စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်တွင် စစ်တပ်က ဖမ်းဆီးခဲ့သော ရွှေညဝါဆရာတော် အရှင်ပညာသီဟနှင့် စာရေးဆရာ မောင်သာချို တို့သည် ယနေ့( ဇူလိုင် ၁၀) တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားကြသည်။
ဒီမိုကရေစီအရေးလှုပ်ရှားမှု နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်စေတနာကောင်းများရှိ ခဲ့သော ထိုပုဂ္ဂိုလ် ၂ ဦး ဖမ်းဆီးခံရချိန်သာမက ထောင်မှ ပြန်လွတ်သည့်နေ့၊ ယခုနောက်ဆုံး သေဆုံးသွားသောနေ့ တို့သည် တိုက်ဆိုင်စွာဖြင့် တူညီနေသည်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့သူ သက်တော် ၆၁ နှစ်အရွယ် ဆရာတော်အရှင်ပညာသီဟ ခေါ် ရွှေညဝါဆရာတော် ရန်ကုန်မြို့ အာရှ တော်ဝင်ဆေးရုံ၌ နံနက် ၂ နာရီကျော်တွင် ပျံလွန်တော်မူသည်ဟု ဆရာတော်ကို အနီးကပ်ကူညီသူများထံက သိရသည်။
အကျဉ်းထောင်အတွင်း ၁ နှစ်ကျော်နေထိုင်ခဲ့ရသည့် ဆရာတော်သည် ကျန်းမာရေး တစတစ ဆိုးရွားလာခဲ့သည်။
ဆရာတော်ကို နိုင်ငံတော်အကြည်ငြိုပျက်စေမှုစွဲချက်ဖြင့် ထောင်ဒဏ် ၂ နှစ်ချခဲ့ပြီး လွတ်ရက်စေ့တော့မည့်အချိန် ၂၀၂၂ နိုဝင်ဘာတွင် စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ခေါင်းစဉ်အောက်မှ ပြန်လွှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံကို စနစ်ကောင်းမွန်ပြီး တိုးတက်စေရန် ဓမ္မအားဖြင့် အဖက်ဖက်မှ ကြိုးစား လုပ်ဆောင်ခဲ့သည့်၊ ရိုးသားဖြောင့်မတ်ပြီး လူမျိုးဘာသာမခွဲခြားသော စိတ်နေစိတ်ထား ရှိသည့် ရွှေညဝါဆရာတော် ပျံလွန်တော်မူသွားသည့်အတွက် လွန်စွာ ဝမ်းနည်းရသည်ဟု နွေဦးတော်လှန်ရေးသံဃ ကွန်ရက်မှ ဆရာတော်ဦးဝါယမ မိန့်ကြားသည်။
စစ်ကောင်စီ၏ ထောင်တွင်းအခြေအနေများကြောင့် ဆရာတော် ကျန်းမာရေး ထိခိုက်ခဲ့ရခြင်း ဖြစ်သည်ဟု သူက မိန့်သည်။
“ဆရာတော်က ထောင်ကထွက်လာရကတည်းက ကျန်းမာရေးက မကောင်းတော့တာပဲ။ ထောင် ကျနေကတည်းက အပြင်မှာ ဆေးကုသခွင့်တောင်း၊ ဆေးကုသခွင့် တော်တော်နဲ့ မပေးခဲ့ဘူး”
ဟု ဆရာတော်ဦးဝါယမ မိန့်ကြားသည်။
“ဆေးကုသခွင့်ရပြီ စပေးပြီဆိုကတည်းက ဆရာတော်ရဲ့ ကျန်းမာရေးက တော်တော်ချို့ယွင်းလာ ခဲ့တယ်”
ရွှေညဝါဆရာတော်ဟု လူသိများသည့် ဆရာတော် ဦးပညာသီဟသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အာဏာမရမီ ဖိနှိပ်ခံဘဝတည်းကပင် ပြောင်ပြောင်တင်းတင်း ထောက်ခံအားပေးသူဖြစ်ရာ အာဏာသိမ်းစစ်တပ်၏
အငြိုးထားဖမ်းဆီးခံရသည့် ပုဂ္ဂိုလ်များအနက် ထင်ရှားသူဖြစ်သည်။
ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း၊ NLD ရုံးတွင် တရားဟောပြောခြင်းတို့ကြောင့် စစ်သား တစ်ပိုင်း အရပ်သားတစ်ပိုင်းဖြစ်သည့် ဦးသိန်းစိန်အစိုးရလက်ထက်ကပင် တရားဟောခွင့်ပိတ်ပင်ခံရသည်။ ရန်ကုန်ရှိ သာဓုပရိယတ္တိစာသင်တိုက်၏ ကျောင်းထိုင်နာယကအဖြစ်မှ နုတ်ထွက်၍ ကျောင်းကို စွန့်ခွာပေးရသည်အထိ စစ်တပ်နှင့် ထိပ်တိုက်တွေ့ခဲ့သူ ဖြစ်သည်။
ကိုဗစ်ကပ်ဘေးဖြစ်စဉ် အာဏာသိမ်းသည့် စစ်တပ်က ဆရာတော်ကို နာမည်ကျော် အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး ၆ လခန့် အကြာတွင် ရွှေညဝါဆရာတော် ဖျားနာနေသဖြင့် ထောင်တွင်းဆေးရုံ၌ ဆေးကုသမှုခံယူခံရသည်။
ဆရာတော်သည် ထောင်မှ ပြန်လည်လွတ်မြောက်မှုနောက်ပိုင်းတွင်လည်း အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများအတွက် ကူညီထောက်ပံ့မှုများကို အစဉ်တစိုက်လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေး၊ ဖယ်ဒရယ်အရေးအတွက် ဆရာတော်၏ ရပ်တည်ချက်သည် မည်သည့် အခါကမျှ ယိမ်းယိုင်ခဲ့သူတစ်ဦးမဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး က Myanmar Now သို့ ပြောသည်။
၂၀၁၃ ခုနှစ်က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းရပ်တန့်ရေး တောင်း ဆိုဆန္ဒပြခဲ့ကြသော သပိတ်စခန်းကို မီးလောင်ဗုံးဖြင့် ဖြိုခွဲခဲ့စဉ်က ဆရာတော်သည် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတစ်ဦးချင်းစီကို ဂရုစိုက်ပြီး အားပေးကူညီခဲ့သည်ကို တွေ့ဖူးသည်၊ လွန်စွာ လေးစားမိသည်ဟု သူက ဆိုသည်။
“ထောင်ထဲမှာ နေ့ဆွမ်းစားတဲ့တစ်ရက် ဆရာတော်နဲ့ ထူးထူးခြားခြားစကားပြောတာ ဦးဉာဏ်ဝင်းပဲ။ ဦးဉာဏ်ဝင်းက ထောင်ထဲ ရောက်တဲ့အခါ ဘယ်သူနဲ့မှ စကားမပြောတော့ဘူးဗျ၊ အဲဒီလူကြီး ၂ ယောက်ပေါ့ဗျာ၊ ဆရာတော်လည်း အခုပျံလွန်တော်မူသွားတယ်၊ စိတ်မကောင်းကြီးစွာနဲ့ ပြန်အမှတ်ရမိတယ်” ဟု ဦးမြအေးက ပြောသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိဖြစ်သော NLD ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သူ ဦးဉာဏ်ဝင်းသည် အင်းစိန်ထောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ၂၀၂၁ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဦးမြအေးသည် ရွှေညဝါဆရာတော်၊ စာရေးဆရာမောင်သာချိုတို့နှင့် အင်းစိန်ထောင်တွင် ဆုံတွေ့ခဲ့သူ ဖြစ်သည်။
“ဆရာမောင်သာချိုရဲ့ ရယ်မော စရာ စကားတွေက ဒုက္ခတွင်း ထဲရောက်နေချိန် ကျွန်တော်တို့ရဲ့ စိတ်တွေကို အနားပေးဖို့အတွက် အများ ကြီးလုပ်ပေးခဲ့တယ်။ ဆရာ မောင်သာချိုရဲ့ ရယ်စရာမောစရာတွေကို နားထောင်ရင်းနဲ့ပဲ ဆရာတော်ကြီး ကိုယ်တိုင်လည်း ရယ်မောခဲ့တာကို ပြန်အမှတ်ရမိပါတယ်” ဟု ဦးမြအေးက ဆိုသည်။
ဦးညွန့်သောင်း ခေါ် စာရေးဆရာ မောင်သာချိုသည် ယနေ့ (ဇူလိုင် ၁၀ ရက်) နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် ဆီးကျိတ်ကင်ဆာရောဂါဖြင့် ကွယ်လွန် သွားသည်ဟု ၎င်းနှင့်ရင်းနှီးသော မိတ်ဆွေများထံက သိရသည်။
မောင်သာချိုသည် ဂျက် (ကွမ်းခြံကုန်း) ကလောင်ဖြင့်လည်း 7Day သတင်းစာတွင် သရော်စာများ ရေးသားလေ့ရှိသည်။
နိုင်ငံအနှံ့ စာပေဟော ပြောပွဲများသို့ သွားရောက် ဟောပြောလေ့ရှိသူ ၆၇ နှစ်အရွယ် စာရေးဆရာ မောင်သာချိုသည် ဗိုလ်ချုပ်ကြီးများ အာဏာသိမ်းစဉ် အစောဆုံး အဖမ်းခံခဲ့ရသူများအနက်တစ်ဦးဖြစ်သည်။
စစ်တပ်က သူ့ကို ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် တရားစွဲခဲ့ပြီး အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
ယခုကွယ်လွန်သွားသော ပုဂ္ဂိုလ် ၂ ဦးစလုံးသည် တိုင်းပြည် နှင့် လူမျိုးအပေါ် ရိုးရိုးသားသားချစ်ပြီး ကောင်းစားနေစေချင်သည့် စိတ်တစ်ခုတည်းဖြင့် အမှန်တရားဘက်မှ ရပ်တည်ခဲ့သူများဖြစ်သည်ဟု ၎င်းတို့၂ ဦးနှင့် အင်းစိန်ထောင်၌ အတူခဲ့ဖူးခဲ့သူ တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင် ကိုမင်း သွေးသစ်က ပြောသည်။
“သူတို့က တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ လူမှန်သမျှကို ကူညီဖို့ စဉ်းစားတယ် ၊ ဘယ်ရာထူး၊ အရာခံ ကြောင့်မှ အမှန်တရားဘက် ရပ်တည်တာမဟုတ်ဘူး၊ လိုချင်တပ်မက်မှုလည်း မရှိဘူး။ တိုင်းပြည်ကို ကောင်းစားစေချင်တယ်၊ ပြည်သူတွေကိုလည်း ကောင်းစားစေချင်တယ် စိတ်တွေပဲရှိကြတဲ့သူတွေ ဖြစ်တယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် အကျဉ်းထောင်များတွင် ဆေးဝါးကုသမှု လုံလောက်စွာမရသဖြင့် သေဆုံးရသည့် လူသိများသော နိုင်ငံရေးအကျဉ်းသားများထဲတွင် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းတို့ပါဝင်ပြီး စစ်ကောင်စီက ပြန်လည် လွတ်ပေးပြီးနောက် သေဆုံးသူများထဲမှ လူသိများသူတချို့မှာ NLD ပါတီဗဟိုကော်မတီဝင် မုံရွာ အောင်ရှင်၊ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ကိုဖေမောင်စိမ်းတို့ ပါဝင်သည်။
အကျဉ်းထောင်များအတွင် ဆေးဝါးကုသမှု လုံလောက်စွာ မရသဖြင့် သေဆုံးရသူ နိုင်ကျဉ်းအရေအတွက်မှာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ စုစုပေါင်း ၂၃ ဦး ရှိလာပြီဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားသည်။
ဒိုက်ဦးထောင် ၊ ကျိုက်မရော၊ အိုဘိုး၊ မကွေးထောင်၊ ကလေးထောင်၊ အင်းစိန်ထောင် တို့တွင် အကျဉ်းချခံထားရစဉ် သေဆုံးကြရခြင်း ဖြစ်သည်ဟု သိရသည်။



