စစ်ကောင်စီ၏ မြေပြင်တပ်များသည် ရှေ့တန်းဒေသတွင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျနေကြောင်း၊ မိသားစုနှင့် အဆက်အသွယ်ပြတ်နေကြပြီး ဆိုရှယ်မီဒီယာပင် အသုံးပြုခွင့်မရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောလိုက်သည်။
အစွန့်ပစ်ခံ၊ အသုံးချခံ၊ စတေးခံများ ဖြစ်နေသော ထိုမြေပြင်တပ်များကြောင့် ကရင်ပြည်နယ် ကျေးလက်နေပြည်သူတို့ အသက်မွေးဝမ်းကျောင်းပြုမှုကို ထိခိုက်စေကြောင်း ဒုတိယဗိုလ်ချုပ်ကြီးက ပြောသည်။
Myanmar Now နှင့် ဆက်သွယ်မေးမြန်းမှု ဒုတိယပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးက လူမျိုးကြီးဝါဒ၊ KNLA နှင့် စစ်ကောင်စီတပ်များ ကွာခြားချက်၊ CRPH အပေါ် သဘောထားတို့နှင့် ပတ်သက်ပြီး ပြောပြထားသည်။
မေး။ ။ စစ်ကောင်စီတပ်က KNU နယ်မြေတွေကို လေကြောင်းကနေ စစ်ဆင်နေတာနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ လေကြောင်းစစ်ဆင်ရေးများနဲ့ပတ်သက်ပြီး ကျွန်တော် နှစ်ချက်သုံးသပ်ချင်ပါတယ်။ ပထမအချက်က မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ သွေးဆာနေတဲ့ သဘောထားနဲ့ ကရင်ပြည်သူလူထုကို မုန်းတီးပြီး အငြိုးတကြီးချေမှုန်းလိုတဲ့ အပြုအမူတွေဖြစ်တယ်။ လေကြောင်းစစ်ဆင်ရေးတွေဟာ ကျွန်တော်တို့ KNLA ရဲ့တပ်မဟာ (၅) ကို ဦးတည်ပြီး တိုက်နေတယ်ဆိုပေမယ့် ကရင်ဒေသအားလုံးနဲ့ ကရင်လူမျိုးထုတစ်ရပ်လုံးကို တိုက်ရိုက်ခြိမ်းခြောက်မှုပြုနေတဲ့ အကြမ်းဖက်တပ်မတော်ရဲ့ စစ်ဆင်ရေးလုပ်ငန်းတွေဖြစ်တယ်။ တပ်မတော်ပြောရေးဆိုခွင့်ရှိသူက တပ်မဟာ (၅) နဲ့ပတ်သက်ပြီး ဘယ်လိုပဲ သွေးခွဲပြောဆိုနေပါစေ၊ ကျွန်တော်တို့ KNLA အနေနဲ့ ဒီလေကြောင်းစစ်ဆင်ရေးလုပ်ရပ်တစ်ခုလုံးဟာ ကရင်တစ်မျိုးသားလုံးကို ရန်သူလို့ သတ်မှတ်ပြီး စစ်ဆင်နေတာလို့ပဲ နားလည်ပါတယ်။ KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေတာတွေဟာ ကျွန်တော်တို့ကရင်ပြည်သူလူထုဘဝအေးချမ်းဖို့၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ပဲဖြစ်တယ်။ ဒါပေမယ့် တောက်လျှောက် ကရင်လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို အန္တရာယ်ပြုခြိမ်းခြောက်နေတဲ့ မြန်မာ့တပ်မတော်ရဲ့ အကြမ်းဖက်လုပ်ငန်းတွေက ကရင်လူထုရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တာဝန်ယူရတဲ့ ကျွန်တော်တို့ KNLA ကို တိုက်ရိုက်စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ KNLA ရဲ့ တပ်မဟာ (၅) ကိုပဲ ထိုးစစ်ဆင်ဆင်၊ ဘယ်တပ်မဟာကိုပဲ ထိုးစစ်ဆင်ဆင် ကျွန်တော့်အနေနဲ့ တုံ့ပြန်ကာကွယ်ရမယ့်တာဝန် ရှိပါတယ်။ ကျွန်တော်ဟာ KNLA ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒေသအားလုံးက ကရင်ပြည်သူလူထုအားလုံးရဲ့လုံခြုံရေးကို ကျွန်တော်တာဝန်ခံရပါတယ်။
ဒုတိယအနေနဲ့က မြန်မာ့တပ်မတော်ရဲ့ရှေ့တန်းတပ်စခန်းများအခြေအနေ ဖြစ်ပါတယ်။ ဒီတပ်စခန်းက စစ်သားတွေဟာ လက်တွေ့မှာ အထက်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုလမ်းညွှန်မှု၊ အဖွဲ့အစည်း (တပ်မတော်) ရဲ့ ဖေးမပံ့ပိုးမှုတစ်စုံတစ်ရာမရှိဘဲ အမိန့်သက်သက်နဲ့ လာနေကြရတာဖြစ်တယ်။ မိသားစုနဲ့ အဆက်အသွယ်မရှိ၊ ဆိုရှယ်မီဒီယာအသုံးပြုခွင့်မရှိ၊ ဘာအကျိုးခံစားခွင့်မှမရှိဘဲ လာနေကြရတာဖြစ်တယ်။ သူတို့ရှိနေတဲ့အတွက်ကြောင့် ပြည်သူလူထုတွေအတွက် ကြောက်ရွံ့စိုးရိမ်မှုတွေကို ဖြစ်စေပြီး အသက်မွေးဝမ်းကျောင်းပြုမှုတွေကို ခက်ခဲစေတာကြောင့် ကျွန်တော်တို့က မနေစေချင်တာကတစ်ခု၊ တကယ်တမ်းကျတော့ နောက်တန်းစစ်တန်းလျားကို ပြန်ဖို့ကျပြန်တော့ နေပြည်တော်က ပြန်ခွင့်မပြုတဲ့အခါမှာ ဒီစစ်စခန်းတွေထဲက စစ်သည်တွေအတွက် အင်မတန် အခက်အခဲဖြစ်စေပါတယ်။ နှစ်ရှည်လများဖြစ်လာတဲ့အခါမှာ ဒီစစ်သည်တွေအတွက် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာမယ်ဆိုတာ ကျွန်တော်တို့ အနည်းနဲ့အများ သုံးသပ်မိပါတယ်။ စစ်ဆင်ရေးတွေလုပ်ဖို့ နေပြည်တော်က ညွှန်ကြားလာတဲ့အခါတိုင်းမှာ ရှေ့တန်းစစ်စခန်းက စစ်သည်တွေက အမျိုးမျိုးလိမ်ညာပြီး အစီရင်ခံနေတာကို ကျွန်တော်တို့ကြားသိနေရပါတယ်။ ဒီတော့ ဒီရှေ့တန်းစစ်စခန်းတွေက တပ်သားများရဲ့အခြေအနေဟာ မြန်မာ့တပ်မတော်ရဲ့ စစ်မဟာဗျူဟာအထမြောက်မှုမှာ အများကြီး စိန်ခေါ်မှုတွေဖြစ်လာနေပါတယ်။ ကမ္ဘာ့သမိုင်းထဲက စစ်သူကြီး အလက်ဇင်းဒါးသဂရိတ်ပြောခဲ့သလိုပဲ တကယ်တမ်း ရှေ့တန်းစစ်မြေပြင်က စစ်သည်တွေ စစ်မတိုက်တော့ဘူးဆိုရင် ဘယ်လောက်ထူးချွန်ထက်မြက်တဲ့ စစ်သူကြီးဖြစ်နေပါစေ၊ စစ်မဟာဗျူဟာကို ပြန်ပြီးသုံးသပ်ရတာပါပဲ။ ဒီတော့ KNU ကို စစ်ဆင်ရေးလုပ်မယ်ဆိုရင် ဒီရှေ့တန်းစစ်စခန်းတွေက စစ်သည်တွေကို ထိရောက်တဲ့အမိန့်ပေးနိုင်ဖို့အတွက် တပ်မတော်အနေနဲ့ အရင်ဆုံး စစ်သည်တွေကို အားတက်အောင်၊ စစ်တိုက်ချင်လာအောင် စည်းရုံးရမှာဖြစ်တယ်။ ဒါကြောင့် လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တာဟာ တစ်ဖက်မှာ နောက်ဆက်တွဲစစ်ဆင်ရေးကြီးတွေအတွက် ပြင်ဆင်ခြင်းလို့ ကျွန်တော်ယူဆတယ်။ အလုပ်ဖြစ်မဖြစ်တော့ ကျွန်တော်တို့မပြောနိုင်ဘူးပေါ့လေ။
မေး။ ။ သူတို့ရဲ့ မြေပြင်တပ်များအနေအထားနဲ့ တိုက်အားကို သုံးသပ်ပေးပါ။
ဖြေ။ ။ မြန်မာ့တပ်မတော်ရဲ့မြေပြင်တပ်တွေဟာ လက်တွေ့ကျကျပြောရရင် အစွန့်ပစ်ခံ၊ အသုံးချခံ၊ စတေးခံတွေဖြစ်တယ်။ နေပြည်တော်ကနေ လေကြောင်းစစ်ဆင်ရေးကို အသုံးပြုနေပေမဲ့ လက်တွေ့မှာ လေယာဉ်အသုံးပြုတဲ့ ကုန်ကျစရိတ်အားလုံးကို ထည့်သွင်းစဉ်းစားရင် KNLA တပ်မဟာ (၅) တစ်ခုတည်းကိုတောင် ချေမှုန်းဖို့မဖြစ်နိုင်ပါဘူး။ သမားရိုးကျ စစ်မဟာဗျူဟာအတိုင်းဆိုရင် လေကြောင်းစစ်ဆင်ရေးဟာ မြေပြင်တပ်တွေကို အထောက်အကူပေးတာပဲဖြစ်တယ်။ ဒါပေမယ့် လက်တွေ့မှာ မြေပြင်တပ်တွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားလုံးမှာ ချွတ်ခြုံကျနေတဲ့ အုပ်စုတွေသာဖြစ်တယ်။ ကျွန်တော်တို့ အစီအစဉ်တကျ လုပ်နိုင်မယ်ဆိုရင် တပ်မတော်ပြိုကွဲမှုရဲ့အစဟာ ဒီအောက်ခြေ မြေပြင်တပ်ကပဲ ဖြစ်တယ်လို့ ကျွန်တော်သုံးသပ်တယ်။
နောက်တစ်ခုက အောက်ခြေစစ်စခန်းများရဲ့ အနေအထားနဲ့ တိုက်အင်အားများဟာ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဒီအောက်ခြေတပ်စခန်းတွေဟာ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးခေါင်းစဉ်အောက်ကနေ ကျွန်တော်တို့ဒေသမှာ ကျူးကျော်ရောက်ရှိနေတဲ့စခန်းတွေဖြစ်တယ်။ ဒေသခံပြည်သူတွေက မလိုလားရင်၊ ကျွန်တော်တို့က ခွင့်မပြုရင် သူတို့တွေအတွက် အခက်အခဲအများကြီးဖြစ်စေတယ်။ တပ်စခန်းထဲက စစ်သည်တွေအတွက် အသက်အန္တရာယ်နဲ့ အခြားအခက်အခဲတွေ ရှိသလို၊ သူတို့တပ်စခန်းတွေရှိနေတဲ့အတွက်လည်း ဒေသခံပြည်သူလူထုအတွက် အန္တရာယ်နဲ့ အခက်အခဲ အများကြီးဖြစ်ပေါ်စေပါတယ်။ ဒီတပ်စခန်းတွေဟာ နေပြည်တော်က ဗိုလ်ချုပ်ကြီးတွေအတွက်ကလွဲရင် နှစ်ဦးနှစ်ဖက်လုံးအတွက် အနုတ်လက္ခဏာဆန်တဲ့ အရာတွေပဲဖြစ်တယ်။ အကျိုးစီးပွားအတွက် နေပြည်တော်အခြေစိုက် တပ်မတော်ခေါင်းဆောင်ကြီးတွေက စစ်သက်ကို ရှည်နေစေပေမယ့် တကယ်တမ်းကျတော့ စစ်ကို အဆုံးသတ်ချင်တာ တကယ်အသက်ရင်းပြီးတိုက်နေရတဲ့ ကျွန်တော်တို့တွေနဲ့ တပ်မတော်ရဲ့ အောက်ခြေစစ်သည်တွေပဲဖြစ်တယ်။ ကျွန်တော်တို့ဖမ်းဆီးရမိတဲ့ တပ်မတော်သားတွေကို မေးကြည့်ပါ၊ စစ်တိုက်ဖို့ မလိုတော့ရင်၊ ငြိမ်းချမ်းနေမယ်ဆိုရင် အကောင်းဆုံးပဲဖြစ်မယ်ဆိုတာ သူတို့တွေကိုယ်တိုင်က သက်သေ ထွက်ဆိုပါလိမ့်မယ်။ တစ်ခုပဲရှိတာက စစ်တိုက်ဖို့ မလိုအပ်မယ့်အခြေအနေ၊ ငြိမ်းချမ်းဖို့ လိုအပ်တဲ့ အခြေအနေတွေက ဘာတွေလဲ၊ ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ကျွန်တော်တို့အဆင့် ခေါင်းဆောင်တွေ၊ တာဝန်ခံရတဲ့ ခေါင်းဆောင်တွေ စဉ်းစားပြီး ညှိနှိုင်းဖြေရှင်းရမှာဖြစ်တယ်။ ဆိုလိုတာက တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ လူမျိုးများရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတာတွေမရှိသရွေ့၊ မတရားဖိနှိပ်အုပ်ချုပ်မှု၊ ခွဲခြားဆက်ဆံမှုတွေရှိနေသရွေ့ ကျွန်တော်တို့ KNLA အနေနဲ့က အမျိုးသားရေးတာဝန်နဲ့ အမျိုးသားနိုင်ငံရေးရည်မှန်းချက်တွေအတွက် ဆက်ပြီး တိုက်ပွဲဝင်နေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေရဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်ပိတ်ပင်နေတဲ့ အရာမှန်သမျှနဲ့ အစုအဖွဲ့မှန်သမျှကို ကျွန်တော်တို့က တော်လှန်တိုက်ထုတ်ရမှာ ဖြစ်တယ်။ အဲ့ဒီအတွက် ရှေ့တန်းစစ်မြေပြင်တပ်စခန်းတွေမှာ နယ်မြေစိုးမိုးရေး၊ လုံခြုံရေးအမည်ခံနဲ့ ကျူးကျော်ရောက်ရှိနေတဲ့ မြန်မာ့တပ်မတော်စစ်သည်တွေအတွက် အခြေအနေမကောင်းဘူးလို့ ကျွန်တော်မြင်တယ်။ ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ဆိုရင် ဒီရှေ့တန်းစစ်စခန်းတွေက စစ်သည် (တပ်ဗိုလ်၊ တပ်မှူးများအပါအဝင်) တွေက ကိုယ်ကျိုးစီးပွားကိုပဲကြည့်တဲ့ တပ်မတော်အကြီးအကဲများရဲ့ လူမဆန်တဲ့အမိန့်ကိုသာ နာခံပြီး အကြမ်းဖက်စစ်တပ်အနေနဲ့ ဆက်လက်ရပ်တည်သွားမှာလား ရွေးချယ်ရပါလိမ့်မယ်။ အဲ့ဒီလိုပဲ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ညှိနှိုင်းနေသူများအနေနဲ့ အရည်မရအဖတ်မရ အစည်းအဝေးပွဲတွေ၊ အခမ်းအနားတွေနဲ့ အချိန်တွေမဖြုန်းဘဲ အနှစ်သာရရှိရှိ နဖူးတိုက်ဒူးတိုက် ညှိနှိုင်းအဖြေရှာဖို့ လိုပါတယ်။
မေး။ ။ KNLA ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ စစ်ကောင်စီရဲ့ မြန်မာ့တပ်မတော်တစ်ခုလုံးအပေါ် ဘယ်လို သုံးသပ်လိုပါသလဲ။
ဖြေ။ ။ မြန်မာ့တပ်မတော်ဟာ ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေကိုချည်းပဲ နှိပ်စက်နစ်နာစေခဲ့တာ မဟုတ်ပါဘူး၊ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ထဲမှာ ဗမာလူမျိုးတွေ ကိုယ်တိုင်က လူမဆန်စွာ အဆက်ဆံခံနေခဲ့ရတယ်ဆိုတာကို ဗမာတွေ သိဖို့သင့်ပါပြီ။ ဗမာလူမျိုးအမည်ခံပြီး သောင်းကျန်းမိုက်မဲနေတဲ့ မြန်မာစစ်တပ်ဟာ ဗမာလူမျိုးကိုပါ သိက္ခာမဲ့စေခဲ့တာ ကြာပါပြီ။ ဒီလိုတပ်မတော်မျိုးဟာ ဗမာလူမျိုးကို ကိုယ်စားမပြုသင့်သလို တိုင်းပြည်တပ်မတော်အမည်ခံဖို့ မသင့်ဘူးလို့လည်း ကျွန်တော်မြင်တယ်။ ကျွန်တော်တို့အားလုံး ဒါကို ပြောင်းလဲနိုင်ဖို့ လိုပါတယ်။
တိုင်းပြည်တစ်ခုရဲ့တပ်မတော်ဆိုတာ တိုင်းပြည်ထဲမှာရှိနေတဲ့ ဖြစ်တည်မှုတွေကို ရောင်ပြန်ဟပ်နိုင်ဖို့ လိုအပ်သလို အဲ့ဒီတိုင်းပြည်ရဲ့အခြေခံစံတန်ဖိုးတွေနဲ့ တည်ဆောက်ထားတဲ့ တပ်မတော်လည်း ဖြစ်သင့်ပါတယ်။ ဒါမှလည်း တိုင်းပြည်တပ်မတော်ရဲ့ တာဝန်ဟာ တိုင်းပြည်ရဲ့စံတန်ဖိုးတွေနဲ့အညီ အဲ့ဒီစံတန်ဖိုးတွေကို ကာကွယ်ဖို့ဆိုတဲ့တာဝန်ကို ယူနိုင်မှာဖြစ်တယ်။ လက်ရှိမြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ မတူကွဲပြားစုံလင်မှုတွေကို ညီမျှတဲ့ရောင်ပြန်ဟပ်မှုမရှိတဲ့အပြင် လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုကို အခြေပြုတဲ့ လူမျိုးကြီးဝါဒနဲ့ တည်ဆောက်စုဖွဲ့ထားတဲ့ တပ်မတော်ဖြစ်နေတာဟာ တိုင်းပြည်အတွက် အဆိပ်အတောက်ဖြစ်စေခဲ့ပါတယ်။ ထို့အတူ ပထမဦးဆုံးကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ဗိုလ်ချုပ်စောစမစ်ဒွန်းကို ဖယ်ရှားပစ်ခဲ့ပြီးကတည်းက မြန်မာ့တပ်မတော်ဟာ ဗမာလူမျိုးကြီးဝါဒကို အစီအစဉ်တကျ ရည်ရွယ်ချက်ရှိရှိနဲ့ အကောင်အထည်ဖော်နေခဲ့တဲ့ တပ်မတော်ပဲဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ မြေလှန်ပြောင်းလဲပစ်နိုင်ဖို့ လိုအပ်ပါတယ်။
နိုင်ငံရဲ့နယ်နိမိတ်ကို ကာကွယ်ပြီး နိုင်ငံ့ဂုဏ်ရည်ကို မြှင့်တင်ရမယ့် တပ်မတော်ဟာ လူသတ်ဂိုဏ်းအဆင့်သာသာရှိပြီး အင်မတန်ကို သိက္ခာသမာဓိမဲ့တဲ့ အဖွဲ့အစည်းဖြစ်နေခဲ့တာပါ။ လူသတ်၊ မုဒိမ်းးကျင့်၊ ဖျက်ဆီး၊ ခိုး၊ လုယက် စတဲ့ တရားဥပဒေချိုးဖောက်တဲ့ အလုပ်တွေအကုန်လုပ်ပြီး မိမိအကျိုးစီးပွားအတွက်ပဲကြည့်တဲ့ လူတစ်စုလက်ထဲမှာ တပ်မတော်ဟာ တိုင်းပြည်ကို ချွတ်ခြုံကျစေခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျွန်တော်တို့ ကရင်ဒေသနဲ့ အခြားတိုင်းရင်းသားဒေသတွေက ဒီမြန်မာ့တပ်မတော်ရဲ့ အဖျက်လုပ်ငန်းသမိုင်းကို ပြန်လိုက်ကြည့်ပါ၊ အနာဂတ်မှာ ပြတိုက်ထောင်ပြီး ဒီလိုအဖျက်လုပ်ငန်းပေါင်းများစွာကို လုပ်ဆောင်ခဲ့တဲ့ တပ်မတော်ရဲ့လုပ်ရပ်တွေကို သင်ခန်းစာယူပြီး သမိုင်းတစ်ကျော့ပြန် မဖြစ်ရလေအောင် ကျွန်တော်တို့ ကြိုးစားဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ မြင်တာက ဒီလိုစစ်သွေးကြွပြီး လူသတ်ဖို့ ဝန်မလေးတဲ့ တပ်မတော်မျိုးဟာ ကရင်လူမျိုးအတွက်ချည်းပဲ မဟုတ်ပါဘူး၊ မြန်မာတစ်နိုင်ငံလုံးအတွက် မရှိသင့်ဘူးလို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီတပ်မတော်ကို ရင်ဆိုင်ဖို့ ကျွန်တော်ဝန်မလေးပါဘူး။ လွတ်လပ်ချင်တဲ့ကျွန်တော်၊ လွတ်လပ်ချင်တဲ့ ကျွန်တော်တို့ကရင်လူမျိုးနဲ့ လွတ်လပ်တဲ့မြန်မာပြည်ဖြစ်ဖို့ ဒီလိုတပ်မတော်မျိုးကို ကျွန်တော်တို့ အမြစ်ဖြတ်ချေမှုန်းမှဖြစ်မှာပါ။
မေး။ ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာပြည်သူလူထုကို မိတ်ဆက်ပေးပါ။
ဖြေ။ ။ ကျွန်တော် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အကြောင်းကို ဒီလိုရှင်းပြချင်ပါတယ် — ကရင့်လက်နက်ကိုင်တော်လှန်ရေးထဲမှာ ကျွန်တော်ဟာ စစ်သက်အတော်အသင့်ရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော် သာမန်ရဲဘော်ဘဝကတည်းကနေ ခု လက်ရှိအချိန်အထိ စစ်ဆိုတာကို ပေါ့ပေါ့တန်တန် တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ကျွန်တော်ဟာ ကရင်လူမျိုးတစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့သူဖြစ်ပြီး ကရင်လူမျိုးတစ်ဦးအနေနဲ့ ဂုဏ်သိက္ခာရှိရှိ အသက်ရှင်နေထိုင်ချင်သူဖြစ်ပါတယ်။ ဒီလိုဂုဏ်သိက္ခာရှိရှိ အသက်ရှင်နေထိုင်နိုင်ဖို့ အခွင့်ကို တိုက်ယူရမယ်ဆိုရင်လည်း ကျွန်တော်တိုက်ယူမှာဖြစ်ပါတယ်။ ဒါ ကျွန်တော့်ရဲ့ခံယူချက်ဖြစ်တယ်။ ဒါဟာ ကရင့်တော်လှန်ရေးရဲ့ အနှစ်သာရလည်းဖြစ်တယ်။ ကရင်လူမျိုးတွေ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ဖို့မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူမှု၊ လွတ်လပ်မှုနဲ့အတူ တရားမျှတမှုတွေရှိတဲ့ လူ့အသိုင်းအဝိုင်းဖြစ်နေဖို့ လိုအပ်တယ်၊ ဒါကို တော်လှန်ရေးတစ်ခုဆင်နွှဲပြီး တိုက်ယူမှရမယ်ဆိုတဲ့ အနေအထားမှာ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း၊ ကရင်အမျိုးသားလက်နက်ကိုင်တပ်မတော် စတာတွေဟာ ရှိလာတာဖြစ်တယ်။ ဒီထဲမှာမှ ကျွန်တော်က အုတ်တစ်ချပ်သဲတစ်ပွင့် တာဝန်ယူနေတာပဲဖြစ်တယ်။ ကျွန်တော်တို့ လက်နက်ကိုင်တပ်တွေဟာ စစ်သွေးကြွတွေမဟုတ်သလို စစ်မက်တွေထဲမှာ ယစ်မူးနေတဲ့ လူတွေမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် အိပ်မက်တွေရှိပါတယ်၊ မျှော်ရည်ချက်တွေရှိပါတယ်။ ဒီအိပ်မက်တွေ၊ ဒီမျှော်ရည်ချက်တွေအတွက်ကို အကောင်ဖော်နိုင်ဖို့ ကျွန်တော်တို့ လက်နက် ကိုင်ဆောင်ရတာဟာ အင်မတန်မှ ကံမကောင်း၊ အကြောင်းမလှတဲ့ အချက်တစ်ချက်ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ရှင်းလင်းခိုင်မာတဲ့နိုင်ငံရေး အမြော်အမြင်တွေအပြင် လိုချင်တာ၊ လိုအပ်တာကို တိုက်ယူရဲတဲ့သတ္တိနဲ့ ခံယူချက်ပါရှိတယ်ဆိုတာကို မြန်မာ့တပ်မတော်က လျှော့တွက်ပုံရပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ဘယ်သူ့အဖေကမှ မွေးဖွားပေးလိုက်တာ မဟုတ်ပါဘူး။ ကရင်ပြည်သူလူထုက မွေးဖွားပေးလိုက်တဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး ပြည်သူနဲ့ တစ်သားတည်းရှိဖို့ အစဉ်တစိုက်ကြိုးစားနေတဲ့ တပ်မတော်ဖြစ်တယ်။ ရှုထောင့်မျိုးစုံကနေ အားနည်းချက်တွေရှိပေမယ့် ပြည်သူကို ပြစ်မှားစော်ကားတဲ့တပ်မဖြစ်ဖို့တော့ ကျွန်တော်တို့ အစဉ် သတိရှိရှိကျင့်ကြံနေထိုင်တယ်။ ကျွန်တော်တို့ဟာ ကရင်ပြည်သူတွေ ကျွေးတဲ့ထမင်း စားပြီး အသက်ရှင်နေထိုင်တဲ့တပ်ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ဦးထိပ်ပန်ရမယ့် တာဝန်တွေအားလုံးထဲမှာ ကရင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ ပါပါတယ်။ ဒါဟာ ကျွန်တော်တို့ KNLA နဲ့ မြန်မာ့တပ်မတော်ရဲ့ ကွာခြားချက်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကို မြန်မာပြည်သူလူထုကလည်း ခွဲခြားမြင်တတ်ဖို့ လိုပါတယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ စစ်တပ်ဟာ ဖက်ဒရယ်တပ်မတော်တစ်ရပ်ဖြစ်လာရမယ်လို့ လက်နက်ကိုင်အဖွဲ့တွေက နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ပြောခဲ့ မျှော်လင့်ခဲ့ကြတယ်။ ဒီအချိန်ဟာ ဖက်ဒရယ်တပ်မတော် ထူထောင်ရေးအတွက် လုပ်ဆောင်သင့်တဲ့အချိန် မဟုတ်ဘူးလား။
ဖြေ။ ။ ဖက်ဒရယ်စနစ်နဲ့ ဖက်ဒရယ်နိုင်ငံကို မတည်ဆောက်နိုင်ပါဘဲ ဖက်ဒရယ်တပ်ကို ကျွန်တော်တို့ ဘယ်လိုထူထောင်ကြမှာလဲ။ ဒီကနေ့ နိုင်ငံရေးဆွေးနွေးပွဲများရဲ့ အခြေခံဟာ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံတစ်ခုကို သေသေချာချာအကောင်အထည်ဖော်ဆောင်နိုင်ဖို့ပါပဲ။ ဖက်ဒရယ်စနစ်ထဲကနေ ထွက်ရှိလာမယ့် တပ်မတော်ဖြစ်စေ၊ ပညာရေးစနစ်ဖြစ်စေ အားလုံးဟာ ဖက်ဒရယ်ပဲဖြစ်ပါလိမ့်မယ်။ အဓိကကတော့ ဖက်ဒရယ်စနစ်နဲ့ နိုင်ငံတော်တစ်ခုလုံးရဲ့ လုံခြုံရေးစနစ်အစီအမံတွေကို စဉ်းစားလိုက်ရင် ကျွန်တော်တို့လိုချင်တဲ့ ပြည်ထောင်စုတပ်မတော် (ဖက်ဒရယ်တပ်မတော်) ကို ထူထောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ ဖက်ဒရယ်တပ်မတော်ထူထောင်ရေး ကြိုးပမ်းရာမှာ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းလုပ်ကိုင်ရမယ်ဆိုတော့ ဘယ်လောက်အထိ ခက်ခဲမယ်လို့ ယူဆပါသလဲ။
အဓိကကတော့ တပ်မတော်ထားရှိရတဲ့ ရည်ရွယ်ချက်နဲ့ တပ်မတော်ရဲ့ အင်္ဂါရပ်တွေ၊ အခြေခံမူတွေအားလုံးဟာ ကျွန်တော်တို့တည်ဆောက်မယ့် ပြည်ထောင်စုနိုင်ငံရဲ့ စံချိန်စံနှုန်းတွေနဲ့ ညီနေဖို့ပါပဲ။ နောက်တစ်ခုက ကျွန်တော်တို့ပြောနေတဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာဟာလည်း ဂြိုဟ်သားအစုအဖွဲ့တစ်ခုအကြောင်းပြောနေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့တည်ဆောက်မယ့် ပြည်ထောင်စုကြီးထဲက ပြည်ထောင်စုသားများနဲ့၊ ပြည်ထောင်စုမူဝါဒများ၊ ပြည်ထောင်စုဥပဒေများနဲ့အညီ ဖွဲ့စည်းမယ့် တပ်မတော်ပဲဖြစ်ပါတယ်။ ဆိုလိုတာက ဖက်ဒရယ်တပ်မတော်ထူထောင်ရေးကြိုးပမ်းရာမှာ ရင်ဆိုင်ရမယ့် အခက်အခဲစိန်ခေါ်မှုတွေဟာ တပ်မတော်ကောင်းတစ်ခုထူထောင်ရာမှာ ရင်ဆိုင်ရမယ့်အခက်အခဲ စိန်ခေါ်မှုများနဲ့ အတူတူပဲဖြစ်ပါတယ်။
မေး။ ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဘယ်လောက်အထိ အရေးပါတယ်လို့ ယူဆသလဲ။ သူတို့ရဲ့ လှုပ်ရှားမှုက နှေးကွေးမနေဘူးလား။
ဖြေ။ ။ ကျွန်တော်ဟာ တော်လှန်ရေးစစ်သားတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံရေးကဏ္ဍရဲ့ အရေးပါလှပုံကို ကျွန်တော် ကောင်းကောင်းသဘောပေါက်ပါတယ်။ မြန်မာနိုင်ငံမှာပြုလုပ်ခဲ့ဖူးတဲ့ ရွေးကောက်ပွဲမှန်သမျှမှာ ကျွန်တော် အကြောင်းအမျိုးမျိုးကြောင့် တစ်ခါမှ ပါဝင်မဲပေးခွင့် မရှိခဲ့သေးပါဘူး။ ကျွန်တော့်တစ်ယောက်စာအတွက် CRPH ဟာ ဘာမှ အရေးမပါပါဘူး။ ဒါပေမယ့် ဒီမိုကရေစီရဲ့ အနှစ်သာရကို နှစ်သက်လက်ခံသူတစ်ယောက်အနေနဲ့ မဲပေးခွင့်ရှိတဲ့ ပြည်သူအချို့ရဲ့ မဲပေး ရွေးကောက်ခံခဲ့ရသူများအနေနဲ့ ကျွန်တော် CRPH ကို အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ချီတက်ရမယ့် ဒီခရီးရှည်ကြီးထဲမှာလည်း CRPH ကို ခရီးသွားဖော်တစ်ဖွဲ့အနေနဲ့ မြင်ပါတယ်၊ ဒီလောက်ပါပဲ။ သူတို့ရဲ့လှုပ်ရှားမှုအနှေးအမြန်ဟာ သူတို့ရဲ့နည်းပညာအရ လှုပ်ရှားနိုင်စွမ်းထက် ကျွန်တော်တို့နိုင်ငံရဲ့ နှစ်ပရိစ္ဆေဒကြာညောင်းလှတဲ့ ဒဏ်ရာဒဏ်ချက်တွေကို သူတို့ ဘယ်လောက်မြန်မြန်ဆန်ဆန် လေ့လာနားလည်နိုင်သလဲ၊ တာဝန်ခံဖို့ ဘယ်လောက် သဘောထားကြီးကြီးနဲ့ နှိမ့်ချနိုင်မလဲ၊ အမှားအများကြီးကို ပြင်ဆင်ဖို့ စိတ်ရောကိုယ်ပါ သူတို့ ဘယ်လောက်ပြင်ပြင်ဆင်ဆင်ရှိကြမလဲ ဆိုတာတွေအပေါ်မှာ အများကြီးမူတည်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကို ပြင်ဖို့၊ အကောင်းဘက်ကို ပြောင်းလဲနိုင်ဖို့မှာ ကျွန်တော်တို့တွေအားလုံးဟာ နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ စတာတွေကို ဘာသာရပ်ပိုင်းဆိုင်ရာ နားလည်ကျွမ်းကျင်တာထက် ပိုရပါလိမ့်မယ်။ ကျွန်တော်တို့တစ်ဦးစီရဲ့ စိတ်နေသဘောထားနဲ့ နိုင်ငံရေးစိတ်ဆန္ဒတွေအပေါ်မှာ အများကြီးမူတည်ပါလိမ့်မယ်။