အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ

ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ ပါဝင်သည့်စစ်ကောင်စီစစ်ကြောင်းတစ်ခုက ကျေးရွာများကို လှည့်လည်မီးရှို့ရာ အိမ်ခြေ ၂၀၀ နီးပါး ပျက်စီးသွားသည်ဟု ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် ဇွန်လလယ်မှစ၍   ၁၁ ရွာထက်မနည်း ဖျက်ဆီးခံနေရခြင်း ဖြစ်ပြီး ထိုအထဲတွင် တောင်ပြတ်ရွာ၊ ရွေးကုန်းရွာ၊ ဦးတိုကျွဲလမ်းစုရွာ၊ ဗိုလ်တထောင်ရွာ၊ ဆားချောင်းရွာ၊ ဆင်အိုင်ချောင်းပေါက်ရွာ၊ ငလှစမ်းရွာ၊ စမ်းဘုတ်ရွာ၊ ခွကမရွာ၊ ကျွဲမကိုင်းရွာတို့ ပါဝင်သည်ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

ငလှစမ်းရွာတွင် အိမ်ခြေ ၅၀ ဝန်းကျင်၊ ကျွဲမကိုင်းရွာတွင် အိမ်ခြေ ၄၀ကျော် မီးရှို့ခံရပြီး ထိုရွာများသည် ပျက်စီးမှုအများဆုံးဖြစ်သည်ဟုလည်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဇူလှိုင် ၂ရက်နေ့ နံနက်ပိုင်းတွင် ဇရစ်မျှောင်ရွာနှင့် ရွှေပေါက်ပင်ရွာများရှိ နေအိမ်များလည်း မီးရှို့ခံရပြီး ပျက်စီးမှု အသေးစိတ်ကို မသိရသေးပါ။

ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ မင်းလှမြို့နယ်နှင့် စစ်ကွင်းမြို့၏အရှေ့ဘက်ရှိ ရန်ကုန်-ပြည်လမ်းမှတဆင့် ပဲခူးရိုးမသို့ ဦးတည်ကာ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

 ရန်ကုန်- ပြည်လမ်းရှိ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်နှင့် ရဲကင်းစခန်းကို သာယာဝတီခရိုင် PDF က စီးနင်းပစ်ခတ်အပြီး  ထိုဒေသကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟုလည်း ဒေသအခြေစိုက် တော်လှန်တပ်ဖွဲ့များက ဆိုသည်။

ဇွန် ၁၆ရက်နေ့ ညနေပိုင်းတွင် စစ်ကွင်းမြို့အရှေ့ဘက် ရန်ကုန်-ပြည်လမ်းပေါ်ရှိစစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်၊ ရဲကင်းစခန်းတို့ကို သာယာဝတီခရိုင် PDF အမှတ်(၃) တပ်ရင်း(၃၈၀၃-တပ်ရင်း) က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင်၂၀ ဦး သေဆုံးခဲ့သည်။

“ဒီအရာရှိကြီးတွေ သေသွားတဲ့အပေါ်မှာ ပြန်မဲတာပေါ့ဗျ၊ ပြန်မဲတဲ့အခါ PDF ကိုမျက်နှာချင်းဆိုင် သူတင်ကိုယ်တင်တိုက်ကြပေါ့၊ PDFတွေနဲ့ ဘာမှမပက်သက်တဲ့ လက်လုပ်လက်စားပြည်သူတွေရဲ့ အိမ်တွေ ရွာတွေကို ဖျက်ဆီးတာကတော့ တော်တော်ယုတ်ပဲ့လွန်း အားကြီးတယ်ပေါ့” ဟု မင်းလှ မြို့နယ် ပကဖတာဝန်ရှိသူက ပြောသည်။

ထိုမီးရှို့ခံရသည့် ကျေးရွာများတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ  ဖြတ်သန်းသွားလာသော်လည်း စခန်းချနေထိုင်ခြင်း မရှိကြောင်း၊ ထိုကျေးရွာများ   မီးရှို့၊ ပစ်ခတ်ခံနေရခြင်းကြောင့် ဒေသခံများ အန္တရာယ်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်သားတွေ့ရဲ့ သတ်ဖြတ်ခြင်းတွေ၊ လက်နက်ကြီးဒဏ်တွေ ခံရတာရှိတယ်။ PDF စခန်းတွေသေချာတယ် (ဆိုရင်) ရှိတဲ့နေရာကိုပစ်၊ ရွာတွေ ဘာလို့ပစ်တာတုန်း၊ ရွာတွေကို ပစ်တော့ ရွာသူရွာသားတွေ တော်တော်ဒုက္ခရောက်ပါတယ်” ဟု  ၎င်းက ပြောသည်။

ကျေးရွာ မီးရှို့ခံရသည့် ဒေသခံများထဲမှ တချို့မှာ  တောထဲသို့ ထွက်ပြေးတိမ်းရှောင်၍ အမိုးအကာမဲ့ နေထိုင်ရပြီး ထိုအထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

စစ်ရှောင်အများစုသည် မင်းလှအပါအဝင် ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့များတွင် တိမ်းရှောင်ကြပြီးစစ်ရှောင် ၁၀,၀၀၀ ကျော်ခန့်မှာ ပဲခူးရိုးမနှင့် အနီးနားရှိ ဆွေမျိုးများရှိရာ ကျေးရွာများတွင် ခိုလှုံနေထိုင်နေကြရသည်။

ထိုသူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်နေသည်ဟုလည်း သိရသည်။

Related Articles

Back to top button