မိုးဗြဲမြို့အား နေရာပေါင်းစုံမှ ထိုးစစ်ဆင်ခံနေရ၍ ဒေသခံများ ထိခိုက်မှုမရှိစေရန် မိုးဗြဲမြို့တွင်း လမ်းပိုင်း သွားလာခွင့်ကို ယာယီပိတ်လိုက်ကြောင်း ရှမ်းတောင်ပိုင်းနှင့် ကယား (ကရင်နီ) ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ငါးဖွဲ့က ဇွန် ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းအဖွဲ့က မြို့အတွင်းပိုင်း နေရာများအား လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ယခုကဲ့သို့ ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်း ကရင်နီကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
“ပြီးခဲ့တဲ့ ရက်က မိုးဗြဲရပ်ကွက်ထဲ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး သေဆုံးတာလည်း ပါတယ်။ နောက်ထပ် စစ်ကောင်စီတပ်က မိုးဗြဲကို နောက်တစ်ကြိမ် ထိုးစစ်ဆင်လာလို့ ဒီလမ်းတွေကို ပိတ်ရတာပါပဲ။”
ကရင်နီဝင်ပေါက်ဟု ခေါ်ဝေါ်သည့် မိုးဗြဲမြို့တွင် ရပ်ကွက် ၁၁ ခုရှိပြီး လူဦးရေ သုံးသောင်းနီးပါး နေထိုင်သည်။
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မိုးဗြဲမြို့ ခမရ (၄၂၂) တပ်မှအပ မြို့တစ်မြို့လုံးကို သိမ်းပိုက်ခဲ့သည်။
မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ခမရ (၄၂၂) တပ်စခန်းတွင် စစ်ကောင်စီတပ်က အင်အားဖြည့်၍ မိုးဗြဲမြို့အား ပြန်လည်သိမ်းပိုက်ရန် မကြာခဏ ထိုးစစ်ဆင်နေသည်။
ပင်လောင်းနှင့် ဖယ်ခုံမြို့ လမ်းကြောင်းမှ အင်အား ၇၀၀ ဖြင့် ထိုးစစ်ဆင်လာသည့် စစ်တပ်နှင့် PNA ပြည်သူ့စစ်တပ်ဖွဲ့သည် ဇွန် ၈ ရက်နေ့မှ စတင်ကာ မိုးဗြဲမြို့အား ထပ်မံထိုးစစ်ဆင်ခဲ့သည်။
ဇွန် ၂၃ ရက်နေ့တွင် မိုးဗြဲမြို့ဈေးရပ်ကွက်ရှိ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်နေရာများအား ထိုးစစ်ဆင်၍ သိမ်းပိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ မိုးဗြဲထက်ဝက်ကျော် သွားပြီပေါ့။ တပ်တွေ ပြန်စိုးမိုးသွားတာပါပဲ။ သရက်ကုန်း၊ စည်ကာ၊ ပေါ်ဦး၊ ကွက်သစ် စတာတွေပါ။ လေးငါးရက်ကဆို အလုံးကို ရာနဲ့ချီ ရှိတယ်။ လက်နက်ကြီးကျတာလေ။ ကိုယ့်အိမ်ကို ပြန်ကြည့်တာတို့ ရိက္ခာပြန်ယူတဲ့ လူတွေ အကုန်ထိကုန်တာ။ အဲတာ အဆိုးဆုံး အချိန်ပါပဲ။”
ခမရ (၄၂၂) တပ်တွင် အထိုင်ချထားသည့် စစ်တပ်နှင့် PNA တပ်ဖွဲ့သည် လက်နက်ကြီး၊ ဒရုန်းသာလွန်အင်အားနှင့် လေကြောင်းပစ်ကူကိုပါ သုံးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
“ကလေးတွေဘက်က ဘာမှ မရှိဘူး။ စစ်တပ်ဘက် အင်အားရော လက်နက်ရော လုံလောက်လောက် သုံးနိုင်တော့ နောက်ဆုတ်ပေးလိုက်ရတာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် မိုးဗြဲမြို့အများစုကို စစ်တပ်က သိမ်းပိုက်နိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ဖော်ပြထားသည်။
ကယားပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းအား ဆက်သွယ်ရာတွင် အရေးပါသည့် မိုးဗြဲမြို့အား သိမ်းပိုက်နိုင်ရေးအတွက် စစ်တပ်သည် ညောင်ရွှေမြို့နယ်အတွင်းမှ စစ်ကြောင်းတစ်ကြောင်းဖြင့် ထပ်မံထိုးစစ်ဆင်နေသည်။
အင်အား ၁၀၀၀ ကျော်ပါသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့ စစ်ကြောင်းသည် ဇွန် ၂ ရက်နေ့မှ စတင်ကာ ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာ၊ ရေပူကျေးရွာများမှ စတင်ထိုးစစ်ဆင်ခဲ့သည်။
အဆိုပါ စစ်ကြောင်းသည် ဇွန် ၂၄ ရက်နေ့တွင် ဖယ်ခုံအင်းအရှေ့ဘက် ဆောင်နန်းခဲရွာမှ ဖယ်ခုံနှင့် မိုးဗြဲမြို့သို့ ဆက်လက်ထိုးစစ်ဆင်နေပြီး လမ်းတစ်လျှောက်ရှိ ဘုရားတောင်၊ ရေပူနှင့် ဆောင်နန်းခဲရွာမှ နေအိမ် အနည်းဆုံး ၃၀ ကျော်အား မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုးစစ်ဆင်လာသည့် စစ်ကြောင်းများအား ရှမ်းတောင်နှင့် ကယား (ကရင်နီ) အခြေစိုက် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ဒီမော့ဆို (PDF)၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ခုခံနေသဖြင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။
စစ်တပ်ဘက်မှ လူ၊ လက်နက်၊ ရိက္ခာအင်အား သာလွန်နေသည့်ကြားမှပင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ တောင်ခံနေသည့် အခြေအနေရှိနေကြောင်း ဒေသခံများက ဆိုသည်။
မိုးဗြဲမြို့အား လက်လွှတ်ရပါက ကယားပြည်နယ် ဒီမော့ဆိုအထိ ထိုးစစ်များ ရောက်လာနိုင်သဖြင့် သတိထားရမည့်အခြေအနေ ရှိကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုသည်။
“မိုးဗြဲရသွားရင် ကရင်နီနယ်မြေထဲက ပီကင်း၊ ဒီမော့ဆိုအထိ ပြီးရင် တဖြည်းဖြည်းချင်း ချဲ့လာမယ့် အနေအထားမျိုးလို့ မြင်တယ်။ ဒီမော့ဆိုကို ဆီးပူးဘက်ရော မိုးဗြဲကနေပါ ဝင်လာရင် ဒီမော့ဆိုအတွက် ပိုပြီးစိတ်ပူရတယ်။”
တော်လှန်ရေးတပ်ဖွဲ့များက မိုးဗြဲ လမ်းပိုင်းအား သွားလာခွင့် ပိတ်ထားသကဲ့သို့ စစ်တပ်ဘက်မှလည်း ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ လမ်းမကြီးအတိုင်း သွားလာခွင့်အား ဇွန် ၂၀ ရက်နေ့မှ စတင်ကာ ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ လမ်းပိုင်းရှိ ရွာများတွင် စစ်တပ်က နေရာအနှံ့ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ နေရပ်စွန့်ခွာနေကြရသည်။
ဇူလိုင် ၁ ရက်နေ့ ယနေ့အထိ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်းသို့ ရှမ်းပြည် တောင် ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ညောင်ရွှေမြို့နယ်များမှ ထွက်ပြေးလာသည့် ဒုက္ခသည် အရေအတွက် လေးသောင်းကျော် ရှိနေကြောင်း ကရင်နီကြားကာလ စီမံအုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
မိုးဗြဲမြို့ကို ယခင်အစိုးရအဆက်ဆက်က ရှမ်းပြည်နယ်တောင်ပိုင်း၏ အုပ်ချုပ်ရေးတွင် ထည့်သွင်းထား သော်လည်း စစ်ကောင်စီကို ဆန့်ကျင်သည့် ကြားကာလ ကရင်နီပြည် အုပ်ချုပ်ရေးကောင်စီ (IEC) ကမူ ကရင်နီပြည်နယ်၏အစိတ်အပိုင်း မြို့နယ်အဖြစ် ၂၀၂၄ ခုနှစ်တွင် သတ်မှတ်ထားသည်။



