အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အသက် ၂၅ နှစ်ကျော်သူများ သင်္ဘောတက်ခွင့် ပိတ်ပင်ခံရ

အလုပ်လုပ်ကိုင်ရန်၊ စစ်သားသစ်စုဆောင်းခံရမှုမှ လွတ်မြောက်ရန် ပြည်ပသို့ထွက်ခွာသူ များပြားနေချိန်တွင် စစ်ကောင်စီက နိုင်ငံခြားသင်္ဘောများသို့ သွားရောက်လုပ်ကိုင်နိုင်ခွင့်ကို ကန့်သတ်လိုက်သည်။

ဇူလိုင် ၁ ရက်နေ့မှစတင်၍ အာဏာသိမ်းစစ်ကောင်စီက အသက် ၂၅ နှစ်ကျော်သူများကို  နိုင်ငံတကာသင်္ဘောများတွင် သွားရောက်လုပ်ကိုင်ခွင့် ပိတ်ပင်မည်ဟု သိရသည်။

သင်္ဘောသားအလုပ်အကိုင်အတွက် လျှောက်ထားသူများလာချိန်တွင် ထိုအလုပ်အကိုင်အတွက် အဓိကလိုအပ်သည့် သင်္ဘောသားမှတ်ပုံတင်၊ လုပ်သက်မှတ်တမ်းစာအုပ်(SIRB)  လျှောက်ထားခွင့်များနှင့် ပတ်သက်ပြီး  ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ရေကြောင်းပို့ဆောင်ရေးညွှန်းမှုဦးစီးဌာန၏ ညွှန်ကြားစာမှာ အေဂျင်စီများသို့ ရောက်နေသည်၊ ထိုညွှန်ကြားချက်အတိုင်း  အသက် ၂၅ နှစ် ကျော်နေသူများကို လျှောက်လွှာ ထုတ်ပေးရန်၊ သင်တန်းလက်ခံရန် ငြင်းဆန်နေကြရသည်ဟု  ရန်ကုန်မြို့မှ သင်္ဘောသား အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“အခုဟာက ကျွန်တော်တို့ ကြည့်လိုက်တဲ့အချိန်မှာ (အသက်) ၂၈၊ ၂၉ တွေကအစ အခုမှစပြီး သင်္ဘောလိုက်ဖို့တွေ၊ သက်ဆိုင်ရာ Career Job (အသက်မွေးလုပ်ငန်း) နဲ့ ဒီဘက်ကို ကူးလာတဲ့သူတွေ အများကြီးပဲဗျ။ ဘာမှမဆိုင်ဘဲနဲ့လည်း ကူးလာတဲ့သူတွေတစ်ပုံကြီးပဲ” ဟု ၎င်းက ပြောသည်။ 

“၂၇၊ ၂၈ သင်တန်းတက်နေတဲ့သူတွေက စာအုပ်ထုတ်တဲ့အခါမှာလည်း သူတို့ကို အင်္ဂလိပ်စာ စာမေးပွဲ အနေနဲ့ ပြန်ပြီး Test တွေစစ်သွားမယ်ဆိုတော့ အဲ့ဒါကတော့ လက်ရှိရှိနေဦးမယ်။ ဒါပေမယ့် (လူအသစ်) အသက်ကန့်သတ်လိုက်တာဖြစ်တဲ့အတွက် သေချာတာတော့ အသက် ၂၅ အထက်မပါတော့ဘူးဆိုရင် လူဦးရေကတော့ တော်တော်ကြီးကို နည်းသွားလိမ့်မယ်” 

ထိုသတ်မှတ်ချက်ကြောင့် သင်္ဘောသားဖြစ်ရန်စီစဉ်နေသူများ အခက်တွေ့နိုင်ပြီး သင်္ဘောလိုင်းများတွင် မြန်မာအလုပ်သမားဝင်ရောက်မှုပမာဏလည်းနည်းနိုင်ကြောင်း ၎င်းက ပြောသည်။

အမှန်တကယ် သင်္ဘောလိုက်ရန်မဟုတ်ဘဲ ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာလိုသူများက သင်္ဘောသားမှတ်ပုံတင်နှင့် လုပ်သက်မှတ်တမ်းစာအုပ်(SIRB) ဝင်ရောက်လျှောက်ထားကြသလို၊ အခြားသော အခြေအနေများကြောင့် ထိုကဲ့သို့ကန့်သတ်ခြင်းဖြစ်ကြောင်း ခေတ်သစ် သတင်းဌာနသို့ ပေါက်ကြား လာသည့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားစာတွင် တွေ့ရသည်။

လက်ရှိ သင်္ဘောသားဦးရေ ၈၆,၂၁၉ ဦးအနက် သင်္ဘောတက်ရောက်ပြီးသူ ၆၉,၁၀၀ ရှိပြီး အလုပ်မရဘဲစောင့်နေသည့် လူသစ် ၁၇,၀၀၀ ကျော်ရှိကြောင်း၊ အသစ်လျှောက်ထားသူများလည်း တိုးလာ၍ သင်္ဘောသား အရေအတွက်နှင့် အလုပ်အကိုင်ရရှိမှု မမျှမတဖြစ်နေကြောင်း ထိုညွှန်ကြားစာတွင် တွေ့ရသည်။

သင်္ဘောလိုက်ရန် ငွေကုန်ကြေးကျခံကြိုးစားထားသူများမှာ အသက်ကန့်သတ်ချက်ကြောင့် နစ်နာနိုင်ကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် သင်္ဘောသားတစ်ဦးက ပြောသည်။ 

“အခုလက်ရှိလိုက်ဖို့လုပ်နေတဲ့သူတွေအများကြီးရှိမယ်။ သူတို့ဆို သင်တန်းတွေ အများကြီးတက်ရမယ်။ ပိုက်ဆံတွေ အများကြီးကုန်ရပြီ” ဟု ၎င်းက ဆိုသည်။

“အဲ့ဒီကြားထဲမှာ လိုင်းချိတ်ဖို့အတွက် လိုင်းကြေးပေးသူတွေရော၊ လိုင်းကို စောင့်နေသူတွေရော အများကြီးရှိတယ်။ အဲ့ဒါကျတော့လူသစ်ပေါ့။ လူသစ်တွေကျတော့ သူတို့ အသက်ကျော်သွားရင် လုပ်ထားသမျှ အကုန်သဲထဲရေသွန်ဖြစ်သွားတာပေါ့”

မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF) တာဝန်ရှိသူတစ်ဦးကလည်း  ထိုစာကို မရရှိသေးကြောင်း၊ သက်ရောက်မှုအခြေအနေကို မပြောဆိုနိုင်သေးကြောင်း၊ ထိုညွှန်ကြားစာကို သင်္ဘောလိုင်းချိတ်ပေးသော ကုမ္ပဏီများ ရရှိထားခြင်းဖြစ်ကြောင်း ပြောသည်။

အသက်အရွယ်ကန့်သတ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းကို ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်မှုမရသေးပေ။

ပင်လယ်တွင်း စွန့်စားလုပ်ကိုင်ရသည့် သင်္ဘောသား အလုပ်အကိုင်သည် မြန်မာနိုင်ငံသားတို့အတွက် ဝင်ငွေများပြားသည့် အလုပ်အမျိုးအစား ဖြစ်သောကြောင့်  စိတ်ဝင်စားသူ များပြားနေဆဲဖြစ်သည်။ 

 စစ်ကောင်စီကလည်း နိုင်ငံခြားငွေ ရရှိကြသော သင်္ဘောသားဆိုလျှင် ပြည်ပထွက်ခွင့် ပြုထားခဲ့ရာမှ အသက်အရွယ် ရုတ်တရက် ကန့်သတ်လာခြင်း ဖြစ်သည်။ 

နိုင်ငံအနှံ့စစ်မျက်နှာပြင်များတွင် အရေးနိမ့်နေသည့် စစ်ကောင်စီသည် တပ်သားသစ် အလွယ်တကူစုဆောင်းမရသည့်နောက် လူငယ်များကို နိုင်ငံတွင်းမှ ထွက်ခွာခွင့်မရရန်နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်တားမြစ်နေကာ စစ်သင်တန်းကျောင်းသို့ အဆက်မပြတ် ပို့ဆောင်နေသည်။

၂၀၂၄ ဖေဖော်ဝါရီလတွင် စစ်ကောင်စီက အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် ၂ နှစ်မှ ၅ နှစ်ကြာ စစ်တပ်ထဲ နေရမည်ဟု ဆိုသည်။

ထိုဥပဒေထွက်လာပြီးနောက် စစ်ကောင်စီလက်မှ လွတ်ရန် လူငယ်များသည် ရသည့်နည်းဖြင့် ထွက်ပြေးရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

Related Articles

Back to top button