နှစ်ဆန်းပိုင်းက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာဆောင်ရန် ပြင်ဆင်နေသူ အသက် ၂၆နှစ်အရွယ် အမျိုးသားတစ်ဦး၏အိမ်သို့ လူတစ်စု ရောက်လာသည်။
ထိုလူစုမှာ သတို့သမီးလောင်း၏ ဆွေမျိုးများ ဖြစ်နိုင်သည်ဟု ရုတ်တရက် ယူဆလိုက်ကြသော်လည်း ထိုသူတို့မှာ စစ်ကောင်စီ၏ စစ်သားသစ်စုဆောင်းရေး တာဝန်ရှိသူများ ဖြစ်နေသည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“အဲဒီနေ့က အိမ်လာခေါ်တော့ အမျိုးသမီးဘက်က အမျိုးတွေလာခေါ်တယ်ထင်ပြီး ထွက်လာတော့ မင်း စစ်မှုထမ်းပါတယ်၊ လိုက်ခဲ့ရမယ်ဆိုပြီး စာထုတ်ပေးတော့တာပဲ” ဟု သူက ပြောပြသည်။
ထိုစာမှာ နိုင်ငံအနှံ့တော်လှန်ခုခံမှုနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီတပ်က လူအင်အား အကြီးအကျယ် လိုအပ်သဖြင့် ၂၀၂၄ တွင် အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေအရ လူသစ်စုရာတွင် သုံးသည့် စစ်မှုထမ်း ဆင့်ခေါ်စာ ဖြစ်သည်။
ဆင့်ခေါ်စာကြိုတင်ရရှိလျှင် အများအပြားက ထွက်ပြေးတိမ်းရှောင်တတ်ကြသဖြင့် စစ်သားသစ်စုဆောင်းသူတို့သည် အသိပေးခြင်း၊ စစ်သင်တန်းကျောင်းသို့ပို့ရန် ချက်ချင်းခေါ်ဆောင်သွားခြင်းတို့ကို ဒေသတချို့တွင် တစ်ပြိုင်တည်း ပြုလုပ်နေကြောင်း သတို့သားလောင်းကို ခေါ်သွားသည့် ဖြစ်ရပ်က ပြသနေသည်။

လုပ်ငန်းခွင်အထိ လာရောက် စုဆောင်းခြင်း
အထက်ပါ သတို့သား စစ်သင်တန်းတက်ရန် သုံးလကြာသွားရပြီးနောက် စစ်ကိုင်းတိုင်း တိုက်ပွဲတစ်ခုတွင် သေဆုံးခဲ့သည်ဟု အုပ်ချုပ်ရေးမှူးက မိသားစုထံ အကြောင်းကြားခဲ့ကြောင်း သူက ဆိုသည်။
စစ်သားသစ်အဖြစ် စုဆောင်းခံရပြီးချိန်မှစပြီး ထိုလူငယ်မှာ မိသားစု၊ သတို့သမီးလောင်းတို့နှင့် အဆက်အသွယ် မရရှိခဲ့ပေ။ သေဆုံးသူမှာ ထိပ်တန်းစစ်အရာရှိမဟုတ်လျှင် ရုပ်အလောင်းမှာ ရှေ့တန်းတွင်ပင် စွန့်ပစ် သို့မဟုတ် သင်္ဂြိုဟ်ခံရမည် ဖြစ်သည်။
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အောင်ဇဗ္ဗူရပ်ကွက်တွင် မေလအတွင်းက စစ်မှုထမ်းရန် အကျုံးဝင်သူ ငါးဦးပါရှိခဲ့ပြီး သုံးဦးက ကြိုတင်သတင်းရ၍ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည်၊ တိမ်းရှောင်ခြင်းမရှိသည့် ကျန် အသက် ၂၀ကျော်အရွယ် နှစ်ဦးမှာ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရသည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါနှစ်ဦးအနက် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင် ကားဝပ်ရှော့တစ်ခုတွင် နေထိုင်အလုပ်လုပ်ကိုင်သူ အသက် ၂၇နှစ်အရွယ် အမျိုးသားကို လုပ်ငန်းခွင်သို့ ရောက်လာသူများက ဖမ်းသွားသည်ဟု သူ၏မိသားစုနှင့် နီးစပ်သူများက ဆိုသည်။
“ရှိလားမေးတော့ ကျွန်တော်တို့က အလုပ်ထဲခေါ်တဲ့ နာမည်ပဲသိတော့ မရှိဘူးဆိုပြီးပြောနေတုန်း အဲဒီကလေးထွက်လာပြီး ကျွန်တော်ပါလို့ပြောတော့ စာအိတ်ထုတ်ပေးပြီး မင်းစစ်မှုထမ်းပါတယ်၊ ငါတို့နဲ့လိုက်ခဲ့ဆိုပြီး ပါသွားတာပဲ” ဟု ယင်း ဖြစ်စဉ်ကို သိရှိနေသူ အမျိုးသားတစ်ဦးက ဆိုသည်။
လာရောက်ခေါ်ယူသူများသည် အရပ်ဝတ် ဝတ်ထားကြကြောင်း၊ စစ်မှုထမ်း ဆင့်ခေါ်စာထုတ်ပြချိန်တွင် ၎င်းတို့၏ ဝန်ထမ်းကဒ်ကို တစ်ပါတည်း ပြသကြောင်း သူက ဆက်ပြောသည်။
ထိုသို့သော မအခြေအနေကြောင့် စစ်ကောင်စီထိန်းချုပ်မှု ပိုမိုအားကောင်းသော ရန်ကုန်၊ နေပြည်တော်နှင့် ပဲခူးတိုင်းရှိ အမျိုးသားငယ် အများအပြားသည် ယာယီပုန်းခိုနိုင်သည့် နေရာများကိုလည်း စီစဉ်ထားရကြောင်း၊ နေရာ ပြောင်းရွှေ့နေထိုင််သူများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။
ပေါ်တာဆွဲခြင်း
ရှေ့တန်းစစ်မြေပြင်တွင် စစ်လက်နက်ပစ္စည်းများ ထမ်းပိုးစေရန် ရည်ရွယ်ချက်နှင့် လမ်းပေါ်တွင် သွားလာနေသူများကို ဖမ်းဆီးသည့် အလုပ်ကို တပ်မတော်က လုပ်ဆောင်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာနေပြီ ဖြစ်ပြီး ထိုသို့ ပြုမူခံရလျှင် ပေါ်တာဆွဲခံရသည်ဟု ခေါ်ဆိုကြသည်။ အထမ်းသမား ဟူသော အင်္ဂလိပ်စကားလုံး porter ကို အသုံးပြုကြခြင်း ဖြစ်သည်။
ယခုအခါ တပ်မတော်က တရားလက်လွှတ် ဖမ်းဆီးခြင်းများ ဆက်လက် ကျူးလွန်နေရာ စစ်သားသစ်စုဆောင်းရန်အတွက် ဖမ်းဆီးခြင်းကိုလည်း ပေါ်တာဆွဲသည်ဟု အများက ခေါ်ဆိုနေကြသည်။
လစဉ် စစ်သားသစ် စုဆောင်းခေါ်ယူပေးရန် ပျက်ကွက်သည့် ရပ်ကွက်၊ ရွာများတွင် အုပ်ချုပ်ရေးမှူးများကိုယ်တိုင်က ညပိုင်းအချိန်တွင် ပေါ်တာဆွဲဖမ်းဆီးနိုင်ရန် ပူးပေါင်းဆောင်ရွက်နေကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ်မှ အသက် ၅၀ကျော်အရွယ် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“စစ်မှုထမ်းစာရင်းပါတာကို တရားဝင်အကြောင်းကြားပြီး လူရအောင်ခေါ်ပေးတဲ့ရပ်ကွက်ကို မဖမ်းဘူး၊ ကင်းလွတ်ခွင့်ပေးတယ်” ဟု ၎င်းက ရှင်းပြသည်။
“လူမရဘူးဆိုတဲ့ ရပ်ကွက်ကတော့ အုပ်ကြီးကို အဲဒီကောင်လေးဘယ်အချိန်ရှိလဲ၊ ဘာလုပ်လဲ စုံစမ်းခိုင်းပြီး ဝင်ခေါ်တာ၊ အုပ်ချုပ်ရေးမှူးပေါ်မှာ မူတည်ပြီး အခြေအနေတွေက ကွဲပြားသွားတာပါ”
စစ်ရုံးချုပ်ရှိရာ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အောင်ဇေယျာရပ်ကွက်တွင်လည်း အသက် ၂၅နှစ်အရွယ် အမျိုးသားတစ်ဦးရှိသည့်အိမ်သို့ နေ့ခင်းပိုင်းတွင် ဆင့်ခေါ်စာ ပို့ခဲ့ပြီး ထိုနေ့ ညပိုင်းတွင် စစ်သားသစ်စုသူများက အိမ်ထဲသို့ ဝင်ရောက်လာသည်ဟု ထိုသူ၏ ဆွေမျိုးနီးစပ် အမျိုးသမီးတစ်ဦးက ဆိုသည်။
“အုပ်ချုပ်ရေးမှူးနဲ့ အင်အား ၁၀ ယောက်လောက်နဲ့ ဝင်ခေါ်တာ။ အကုန်ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး အဖေက စစ်သားဟောင်း၊ ဓာတ်ပုံတွေ့တော့မှ လာခေါ်တဲ့အရာရှိနဲ့ အေးဆေးစကားပြောပြီး နောက်တန်းမှာ ထားပေးမယ်၊ သူတို့အချင်းချင်းပြောပြီး ပါသွားတာပဲ။ ထားတော့မထားခဲ့ဘူး” ဟု ထိုအမျိုးသမီးက ဆိုသည်။

အန္တရာယ်အတွက် ပြင်ဆင်ခြင်း
ခရီးသွားနေစဉ်မှာပင် စစ်သားစုဆောင်းခံရမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း နေပြည်တော်မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၂၉ နှစ်အရွယ် အမျိုးသားက ပြောသည်။
ရန်ကုန်-မန္တလေးလမ်းဟောင်း လှည်းကူးမြို့နယ်ရှိ တိုးဂိတ်တစ်ခုတွင် မှတ်ပုံတင်စစ်ဆေးချိန် လူငယ်များ ထိုဂိတ်တွင် ထိန်းသိမ်းခံထားရသည်ကို တွေ့ဖူးကြောင်း သူက ပြောသည်။
“အဲဒီနေ့က မှတ်ပုံတင်ကြည့်တော့ မင်းစစ်မှုထမ်းဖို့ အသက်မှီသေးတာပဲ၊ လာ… ငါတို့အရာရှိနဲ့ လိုက်တွေ့ဆိုပြီး ပြောတာပဲ၊ ကျွန်တော်လည်း လိုက်သွားတော့ ရွယ်တူ ငါးယောက်လောက်တွေ့တယ်“ ဟု ယင်းအမျိုးသားက ဆက်ပြောသည်။
“ကျွန်တော်က ဝန်ထမ်းကတ်ပြတော့မှ ပြန်လွှတ်တာ၊ ကျန်ခဲ့တဲ့သူတွေတော့ ဘာဖြစ်လဲမသိဘူး”
အာဏာမသိမ်းမီကပင် စစ်တပ်ထဲ ဝင်ရောက်လိုသူ နည်းပါးခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး လမ်းပေါ်ထွက်ဆန္ဒပြသူတို့ကို ပစ်သတ်ခြင်းကြောင့် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ စစ်တပ်ထဲဝင်ရောက်အမှုထမ်းလိုသူ မရှိသလောက် ရှားလာသည်။
စစ်သားသစ်များထဲတွင် ငွေကြေးရယူ၍ လူအစားထိုးလိုက်သူလည်း ရှိတတ်သည်။
စစ်တပ်ထောက်ခံသူများ ကိုယ်တိုင် ထိုသို့စုဆောင်းသည့် နည်းကို မနှစ်သက်ကြောင်း ထုတ်ဖော်ပြောဆိုလာမှုများလည်း ရှိသည်။
စစ်ကောင်စီကမူ စစ်သားသစ်များ မိမိသဘောဖြင့် စစ်တပ်ထဲသို့ဝင်ရောက်လာကြောင်း၊ စစ်တပ်က အတင်းအဓမ္မ ခေါ်ယူခြင်းမျိုးမဟုတ်ကြောင်း လူငယ်များ ပြောဆိုနေသည့် ရုပ်သံများ ထုတ်လွှင့်တတ်သည်။
စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် လူငယ် ငါးထောင်နှုန်းဖြင့် သင်တန်းပေးနေရာ အပတ်စဉ် ၁၄ ရောက်နေပြီ ဖြစ်သည်။ ထိုကိန်းဂဏန်းအတိုင်းဆိုသာလျှင် စစ်သားသစ် ၇၀,၀၀၀ အထိ စုဆောင်းနိုင်ပြီ ဖြစ်သည်။
စစ်သားသစ် တက်သုတ်ရိုက် စုဆောင်းနေမှုတွင် သားကောင်ဖြစ်သွားနိုင်သဖြင့် စစ်တပ်ထဲမှ ထွက်ပြေးနိုင်သည့် နည်းလမ်းများကို လူငယ်တိုင်း ကြိုတင်လေ့လာထားသင့်သည်ဟု စစ်တန်းလျားကို ကျောခိုင်းခဲ့သူ ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။
“တာဝန်ကျရာ တပ်တွေရောက်ရင် နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့တွေပဲ ဖြစ်ဖြစ် ၊ နီးစပ်ရာ နယ်စပ်တွေသွားတာဖြစ်ဖြစ် ချိတ်ဆက်ပြီး ထွက်နိုင်တာလည်းရှိတယ်၊ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်ပြီဆိုရင် မပါအောင် ဘယ်လိုရှောင်ရှားမလဲဆိုတာကို ကြိုတင်စဉ်းစားပြီး ဆောင်ရွက်သင့်ပါတယ်” ဗိုလ်ကြီးကောင်းသူဝင်းက ပြောလိုက်သည်။



