တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ် မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဇွန် ၂၅နှင့် ၂၆ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေးတစ်ဦးအပါအဝင် အရပ်သားတချို့ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ (ဇွန် ၂၆ ) ညပိုင်းအချိန်တွင် ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်ဟု ကျောက်မဲဒေသခံများက ပြောသည်။
ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက် ၊ မြောက်ကုန်းရပ်ရှိ ဆောက်လုပ်ရေးရုံးအား ညသန်းခေါင်အချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။
“ည ၉ နာရီလောက် တစ်ခေါက်လာဝဲတယ်။ ပြီးတော့ ညသန်းခေါင်လောက် တစ်ခေါက်လာပြီးတော့ ဆောက်လုပ်ရေးရုံးနားကို ကြဲချသွားတာ။ အနီးအနားအိမ်တွေလည်း ထိတယ်။ အမျိုးသမီးတစ်ယောက် သေတယ်” ဟု ဆိုသည်။
ဆောက်လုပ်ရေးဝင်းနှင့်ဆောက်လုပ်ရေးဧည့်ရိပ်သာကို ဗုံးထိမှန်ခဲ့ပြီး အဆိုပါဝင်းအတွင်းရှိ ဆောက်လုပ် ရေးလုပ်သား မိသားစုတစ်စုထိခိုက်သေဆုံးခြင်းဖြစ်သည်ဟု ကျောက်မဲမြို့ခံနောက်တစ်ဦးဖြစ်သော အမျိုးသားတစ်ဦးကလည်း ပြောသည်။
“ အမျိုးသမီးတစ်ဦးသေပြီး (သေသူ၏) သားနှစ်ယောက်ထိခိုက်ဒဏ်ရာရတာပါ။ ဆောက်လုပ်ရေး လုပ်သားမိသားစုပါ။ အကုန်လုံးအရပ်သားတွေချည်းပါပဲ” ဟု ထိုသူက ဆက်ပြောသည်။
စစ်ကောင်စီလေတပ်မှ ဗုံးနှစ်လုံးကြဲချခဲ့သောကြောင့် အသက် ၄၉ နှစ်အရွယ် ဒေါ်မိုးစုနောင် သေဆုံးပြီး အသက် ၁၇ နှစ်အရွယ် ကိုဇော်ထူးလင်းနှင့် အသက် ၁၉ နှစ်အရွယ် ကိုဖြိုးသန်းကျော် ဖြစ်သည်ဟု တအာင်းတပ် (TNLA) ၏ ပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ်ပြန် ထားသည်။ ကျောက်မဲမြို့ နေအိမ် နှစ်လုံးထိခိုက်ပျက်စီးသည်ဟုလည်း ဆိုသည်။

ဗုံးကြဲခံရသည့် အမှတ်(၇) ရပ်ကွက်သည် အစိုးရဌာနရုံးများနှင့်ဘုန်းကြီးကျောင်းများသာရှိပြီး လူနေအိမ် ကြဲပါး သည့်အရပ်ဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
“အခုကြဲသွားတာက မြောက်ကုန်း (၇) ကွက်၊ ရွှေကျင်ကျောင်းရဲ့အရှေ့ဘက် မျက်နှာစာတည့်တည့်ကို ကြဲသွားတယ်။ ဧည့်ရိပ်သာရုံးပေါ့” ဟု ဒေသခံလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အခုကြဲတဲ့နေရာနဲ့ ၂၄ ရက်နေ့ကအကြဲခံရတဲ့နေရာက သိပ်မဝေးဘူး တစ်ပြ (တစ်လမ်း) လောက်ပဲ။ အဲ့မှာက အစိုးရဌာနရုံးနေရာတွေ များတယ်”
စစ်ကောင်စီက ကျောက်မဲမြို့ကို မကြာသေးခင် ဇွန် ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်ရှိ လူစည်ကားရာနေရာသို့ တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အရပ်သား ငါးဦးအထိ သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။
ထိုသို့ စစ်ကောင်စီတပ်၏ ဆက်တိုက် ဗုံးကြဲမှုကြောင့် ကျောက်မဲမြို့တွင် ကျောက်မဲမြို့မဈေး အပါအဝင် ဈေးဆိုင်ခန်းများ ပိတ်ထားပြီး မြို့ခံတစ်ချို့ တိမ်းရှောင်နေကြသည်၊ ယနေ့ နံနက် လူသွားလူလာ နည်းပါး သွားပြီး တစ်မြို့လုံးခြောက်ကပ်နေသည်ဟု ဒေသခံများက ဆိုကြသည်။
“ စိုးရိမ်ကြောင့်ကြမှု ..များကြတယ်။ မြို့မှာ ညနေ ၃ နာရီနောက်ပိုင်းဆိုရင် မဖွင့်တဲ့ဆိုင်တွေများတယ်။ လူသွားလူလာလည်းသိပ်မရှိတော့ဘူး။ မနက်ပိုင်းလောက်ပဲ ၁၂ နာရီလောက်အထိလောက်ပဲ ဆိုင်တွေ ဖွင့်ကြတယ်။ ညဘက်မိုးချုပ်ပြီဆိုရင် လွတ်ကင်းတဲ့နေရာတွေမှာသွားနေကြတယ်။ စီးပွားရေးအခြေအနေ အရ တခြားဝေးတဲ့နေရာတွေမှာm တိမ်းရှောင်ဖို့ မဖြစ်နိုင်တော့ဘူး” ဟု အထက်ပါ ကျောက်မဲမြို့ခံ အမျိုးသားက ပြောသည်။
နောင်ချိုမြို့အား စစ်ကောင်စီတပ် မြေပြင်ထိုးစစ် ပြင်းထန်နေချိန် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့များအား လေတပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်။

မိုးကုတ်မြို့ ဗုံးကြဲခံရမှု ကလေးတစ်ဦးအပါအဝင် ဒေသခံတချို့ထိခိုက်ဒဏ်ရာရ
ဇွန် ၂၅ ရက်နေ့ ည ၁၁ နာရီကျော်အချိန် မိုးကုတ်မြို့အရှေ့ပိုင်း၊ အုန်းကိုင်းရပ်ကွက်ကို စစ်လေယာဉ်က ဗုံးတစ်လုံး ကြဲချခဲ့ရာ ကလေးတစ်ဦး၊ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးအပါအဝင် သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသက်၂၀ ကျော်အရွယ် မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ညီမရပ်ကွက်မှာကြဲခံရတာ။ တော်တော်နိမ့်နိမ့်လေးပျံပြီး ကြဲသွားတာ။ အုန်းကိုင်းဘုန်းကြီးကျောင်း အောက်က လူကြီးတစ်ယောက်၊ ကလေးတစ်ယောက် ထိတယ်။ ဘုန်းကြီးကျောင်းက ဆွမ်းစားဆောင် လည်း ထိတယ်။ ညကကြောက်ပြီး တစ်ညလုံးအိပ်လို့မပျော်ဘူး”ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူတချို့ ဆေးကုသမှုခံယူလျှက်ရှိသည်ဟုသိရပြီး အသက်အန္တရာယ်မစိုးရိမ်ရ ဟု သိရသည်။
စစ်ကောင်စီသည် မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ကလေး တစ်ဦးအပါအဝင် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်ငါးလုံးနှင့် ဘုန်းကြီးကျောင်း ထိမှန် ပျက်စီးခဲ့သည်ဟု TNLA ကလည်း သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိများရှိရန်လိုအပ်ပြီး လေကြောင်းရန် ကာကွယ်နိုင်ရေး နည်းလမ်းများလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က ဆိုသည်။
ကမ္ဘာကျော် ပတ္တမြားထွက်ရှိသလို ကျောက်မျက်ရတနာများ ထွက်ရှိသော မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီသည် TNLA ထိန်းချုပ်နယ်မြေများသာမက မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် စဉ့်ကူး၊ မတ္တရာ ၊ သပိတ်ကျင်းနှင့်မိုးကုတ် စသည့်နေရာတို့မှ လူနေရပ်ကွက်များ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း များ၊ ကျေးရွာများကို မကြာခဏဆိုသလို ဗုံးကြဲနေသည်။
ဧပြီလအတွင်း ထိုမြို့နယ်၄ခုအား ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ရေ ၂၀ ကျော်ရှိခဲ့သည်ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောထားသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေး အချက်အချာကျရာ လမ်းကြောင်းပေါ်တွင်ရှိသည့် စစ်ကောင်စီ ခရိုင်ရုံး စိုက်ရာ ကျောက်မဲမြို့အား “၁၀၂၇ စစ်ဆင်ရေး” ကာလ ၂၀၂၄ ဇွန်လ ၂၅ ရက်နေ့တွင် TNLA နှင့် မဟာမိတ်တပ်များက စတင် တိုက်ခိုက်ခဲ့သည်။
ယမန်နှစ် ဇူလိုင်လဆန်းပိုင်းတွင် ကျောက်မဲမြို့အဝင် အမြောက်တပ်စခန်းနှင့် မြို့အတွင်းပိုင်း ဌာနဆိုင်ရာ ရုံးများအား TNLA က ထိန်းချုပ်နိုင်ခဲ့သည်။
မြို့နှင့် တစ်မိုင်ခန့်အကွာ ကျောက်မဲ -မိုင်းငေါ့လမ်းပေါ်ရှိ အမှတ် (၁) စစ်မြေမြင်ကွပ်ကဲမှုဌာနချုပ်၊ ခမရ (၅၀၁) ၊ ခမရ (၅၀၂) တပ်စခန်းများအား တစ်လကျော်ကြာအပြီးသတ် တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ သြဂုတ် ၅ ရက်နေ့တွင် ကျောက်မဲတစ်မြို့လုံးအား သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်သားများအပါအဝင် အရပ်သား ရုပ်အလောင်း ၅၀ ကျော်ကို မြို့ခံပရဟိတအဖွဲ့များက သင်္ဂြိုလ်ပေးခဲ့ရသည်။
TNLA က ကျောက်မဲမြို့ကို သိမ်းပိုက်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ စတင်သည်နှင့်အမျှ ကျောက်မဲမြို့ အား စစ်ကောင်စီတပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပစ်မှတ်ထားခံရသော ကျောက်မဲမြို့
၂၀၂၄ နိုဝင်ဘာ ၃၀ ရက်ညနေတွင် ကျောက်မဲမြို့ အင်ဂျင်တောင် ရပ်ကွက်အား စစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့၍ သီလရှင်များအပါအဝင် အရပ်သား ၁၀ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။
၂၀၂၅ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျောက်မဲမြို့ဆေးရုံအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ CDM သူနာပြုဆရာမတစ်ဦးအပါအဝင် နှစ်ဦး သေဆုံးပြီး ဆေးရုံတက်နေသည့် လူနာ အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့သည်။
ကူမင်းမြို့၌ ဧပြီလ ၂၈ ရက်မှ ၂၉ ရက်အတွင်း စစ်ကောင်စီနှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဆွေးနွေးပွဲတွင် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များအား ပြန်ပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့သည်။
စစ်ကောင်စီတောင်းဆိုချက်အား TNLA က လက်မခံသဖြင့် ဆွေးနွေးပွဲ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်က TNLA ထိန်းချုပ်ရာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့များကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသည်။
ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် တအာင်းအရပ်ဖက်အဖွဲ့ ၅ ဖွဲ့၏ ဇွန် ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ဇန်န ဝါရီလမှ မေလအထိ TNLA ထိန်းချုပ်ဒေသများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သား ၆၆ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂၇ ဦးအပါအဝင် အရပ်သား ၁၂၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
လေကြောင်းတိုက်ခိုက်ခံရသည့် ကျောက်မဲမြိုနှင့် မိုင် ၃၀ကျော် အကွာ နောင်ချိုမြို့တွင် ထိုးစစ်ဆင်လာ သည့် စစ်ကောင်စီတပ်နှင့် TNLA တို့ ယနေ့ (ဇွန်လ ၂၇) ရက်နေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
နောင်ချိုမြို့နှင့် ၁၀ မိုင်အကွာရှိ ဉာဏ်တော၊ လုံဝယ်ရွာများတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့ကြား တိုက်ပွဲ များ ပြင်းထန်နေသည်ဟု ဒေသခံများက ဆိုသည်။
TNLA ၏ ယနေ့ (ဇွန် ၂၇) ထုတ်ပြန်ချက်တွင်မူ နောင်ချိုမြို့ရှိ နောင်ဖော၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါး၊ နောင်လင် ရွာများတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းဗုံးများ အဓိကထား တိုက်ခိုက် နေသည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး ဆုံးရှုံးခဲ့ရသော စစ်ကောင်စီသည် လက်လွှတ်လိုက်ရသောမြို့များတွင် ဒေသခံများ နေထိုင်မရအောင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသောကြောင့် စစ်ကောင်စီ နှင့် သဘောတူညီမှုရခဲ့သော ကိုးကန့်ထိန်းချုပ်မြို့များမှအပ ကျန်ဒေသများကို လေကြောင်းတိုက်ခိုက်မှု များ ဆက်တိုက်လုပ်နေသည်။



