အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA နှင့် မဟာမိတ်တပ်ဖွဲ့၏ တန်ပြန်ထိုးစစ်ကြောင့် နောင်ချိုတွင် တိုက်ပွဲပြင်းထန်နေ

တအာင်းတပ် TNLA နှင့်တိုက်ခိုက်ရန် နောင်ချိုစစ်မျက်နှာပြင်ဆီသို့ သင်တန်းဆင်းပြည်သူ့စစ်မှုထမ်းအ များအပြားကို ယခုသတင်းပတ်အတွင်း စေလွှတ်ခဲ့သည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။

နောင်ချိုမြို့နှင့် ၁၀ မိုင်ကျော်အကွာရှိ နောင်လင်၊ ဉာဏ်တော၊ သရက်ကုန်းရွာမျာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား TNLA နှင့် မဟာမိတ်တပ်များက ဇွန်လ ၂၃ ရက်နေ့မှ စတင်ကာ တန်ပြန် ထိုးစစ်ဆင်နေသဖြင့် ယနေ့(ဇွန် ၂၄) နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေသည်ဟု တိုက်ပွဲ ဖြစ်ပွားသည့် အနီးအနားတွင် ရှိသည့် နောင်ချို မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူ ကိုအဓိက သုံးနေဟု အဆိုပါ ဒေသခံက ဆိုသည်။

“သရက်ကုန်း၊ နောင်လင်၊ နောင်ချိုကြီး၊ တိမ်ပင်လယ်နဲ့ အဲတကြောက စစ်တပ်သိမ်း ထားတဲ့ နေရာတွေကို ပြန်ထိုးစစ်ဆင်နေတာ။ စစ်တပ်ဘက်က အတော်ထိပုံရတယ်။ လေယာဉ် တွေနေ့၊ ည မနားဘဲ ဗုံးလာကြဲနေတာ” ဟုဒေသခံတဦးကဆိုသည်။

တိုက်ပွဲဖြစ်ရာ အဆိုပါ ကျေးရွာများသို့ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် Y12  လေယာဉ် ဖြင့် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက်ဗုံးကြဲခဲ့ပြီး ယနေ့ မနက်ပိုင်း ၁၀နာရီ တွင် Y12 လေယာဉ်ဖြင့်တစ်ကြိမ်၊ နေ့လယ်ပိုင်း ၁နာရီအချိန်တွင် တစ်ကြိမ်ထပ်မံ လာ ရောက်ဗုံးကြဲခဲ့သည် ဆိုသည်။

တိုက်ပွဲကြောင့် အဆိုပါကျေးရွာရှိ ဒေသခံများ ကျောက်မဲမြို့သို့ တိမ်းရှောင်နေကြရသည် ဟု ဒေသခံတို့က ဆိုသည်။

နောင်ချို တောင်ခမ်းလမ်းပေါ်တွင် ရှိသည့် အဆိုပါကျေးရွာများအား ၁၀၂၇ စစ်ဆင်ရေး ကာလတွင် TNLA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ပြီး တောင်းခမ်းမှ တန်ပြန်ထိုးစစ် ဆင်လာသည့် စစ်ကောင်စီတပ်က အဆိုပါကျေးရွာများအား ဇွန်လ ၁၆ ရက်နေ့တွင် ပြန် လည် ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် တအာင်းတပ် TNLA နှင့်ပြင်းထန်သည့်တိုက်ပွဲများဖြစ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုစစ်မျက်နှာပြင်ဆီသို့  သင်တန်းဆင်းပြည်သူ့စစ်မှုထမ်းအများအပြားကို ယခုသတင်းပတ်အတွင်း စေလွှတ်ခဲ့သည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းတပ် TNLA နှင့်မဟာမိတ်တို့က သိမ်းပိုက်ထားပြီး ထိုမြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်တပ်ကထိုးစစ်ဆင်နေသည်။

စစ်တပ်သည် မြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသည့် အုမ္မသီးရွာသို့ ၎င်းတို့ထိန်းချုပ်ရာ ပြင်ဦးလွင်မြို့မှတဆင့် သင်တန်းဆင်းပြည်သူ့စစ်မှုထမ်းများကို ယခုလ ၁၉ ရက်နေ့တွင် ပို့ဆောင်ခဲ့သည်ကို မြင်ခဲ့ရသည်ဟု ဒေသခံတို့ကဆိုသည်။

“၁၂ဘီး ကားတွေနဲ့ ပို့တာဗျာ။ လူငယ်တွေပဲ အများစုက။ အခုမှ သင်တန်းဆင်းတာတွေ ထင်တယ်” ဟု ၎င်းကဆိုသည်။

အုမ္မသီရွာ လမ်းခွဲသည် မန္တလေးတိုင်း ပြင်ဦးလွင်၊ မိုးကုတ်မြို့များအား ဆက်သွယ်ရာတွင် အဓိက ကျသည့်အတွက်အဆိုပါ လမ်းကြောင်းအား ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ အပြင်းအထန် ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲများ နေ့စဉ် ဖြစ်နေသည်ဟု ဒေသခံတို့က ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ အပြင်းအထန်ခုခံနေသည့် အုမ္မသီး၊ ဆမ္မဆယ်၊ သုံးဆယ် ကျေး ရွာများသို့ စစ်ကောင်စီတပ်က Y12 ၊ ဂျက်တိုက် လေယာဉ် ဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေ သည်ဟု နောင်ချို ဒေသခံတစ်ဦးက ယနေ့( ဇွန်၂၃) တွင် ပြောသည်။

“စစ်တပ်က ရှေ့တိုးလာတော့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ဖြစ်နေတာ တစ်ပတ်လောက် ရှိပြီ။ လေယာဉ်ကတော့ နေ့တိုင်းပဲလာချနေတာပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း မဆုတ်ဘူး ခုခံနေတာ” ဟု၎င်းကဆိုသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ တွင်အသက်သွင်းခဲ့ပြီး ယခုနှစ်ဇွန်လလယ်အထိ စစ်သင်တန်း ၁၆ ကြိမ်ဖွင့်ထားသည်။ သင်တန်းအပတ်စဉ်တခုလျှင် တပ်သားသစ် ၅၀၀၀ စစ်သင်တန်းပေးမည်ဟု စစ်ကောင်စီကကြေညာခဲ့ရာ အရပ်သား ၈၀၀၀၀ ခန့် တပ်သားသစ်ဖြစ်လာသည်ဟု နားလည်ရသည်။

ဥပဒေအသက်သွင်းချိန်တွင် အရပ်သားတပ်သားသစ်များကို ရှေ့တန်းမပို့ဟုစစ်ကောင်စီက လိမ်ညာဝါဒဖြန်ခဲ့သော်လည်း လက်တွေ့တွင် ရှေ့တန်းစစ်မျက်နှာပြင်များသို့ ပို့ဆောင်နေသည်။

နောင်ချိုမြို့အား ၁၀၂၇ စစ်ဆင်ရေး ကာလ ၂၀၂၄ ဇူလိုင်တွင် TNLA ၊MDY-PDF နှင့် မဟာ မိတ် တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး အုမ္မသီးရွာအထိ တော်လှန်ရေး အင်အားစုများက ထိန်း ချုပ်ထားသည်။

အုမ္မသီး၊ အုမ္မခါးရွာ အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ရာ နောင်ချို မြို့ နှင့် ခြောက်မိုင်ကျော်အကွာတွင်ရှိသည့် လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွှေသွန်း၊ လုံဝယ်၊ ဆမ္မဆယ်‌ကျေး ရွာမျာတွင် တိုက်ပွဲ များ ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်မှ  လက်နက်ကြီး ဒရုန်းဗုံးများ ဖြင့် တိုက်ခိုက်ခဲ့သည် ဟု TNLA  ဘက်ကဆိုသည်။

ဇွန်လ ၂၂ ရက်နေ့ ဉာဏ်တောကျေးရွာ တိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်း တိုက်‌ခိုက်မှုကြောင့်  အရပ်သားနေအိမ်များ ပျက်စီးခဲ့သည်ဟု TNLA ပြောခွင့်ရသူ လွေယေဦး ကပြောသည်။

“လတ်တလော ထိုးစစ်ဆင်မှု အနေအထားကတော့ အုမ္မသီး၊ အုမ္မခါးဘက်မှာပဲရှိ နေ တယ်။ ပြီးတော့ ဉာဏ်တောရွာဘက်မှာ ထိုးစစ်ဆင်မှုတွေ ရှိနေပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေ ပျက်စီးတာရှိတယ်။ကျွန်မတို့ ကတော့ အတတ်နိုင်ဆုံး ခုခံကာကွယ်နေပါတယ်” ၎င်းကပြောသည်။

နောင်ချိုမြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် ခြင်း မရှိသေးပေ။ စစ်တပ်ထောက်ခံသူများကမူ နောင်ချိုမြို့အား စစ်တပ်က သိမ်းပိုက်နိုင် တော့မည်ဟု ဝါဖြန့်ကြသည်။

နောင်ချိုမြို့၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ  ခမရ-၁၁၄၊ ခမရ-၁၁၅၊ ဒုံးတပ်ရင်း-၆၀၆၊ အမှတ် (၉၀၂) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် (တောင်းခမ်း) လက် အောက်ခံ အမတ-၃၅၄ (မကျီးရေ)၊ အမတ-၄၀၆ (နားရှိုးရွာ)၊ အမတ-၂၀၆ တပ်စခန်း များ အခြေစိုက်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလ ၂၀၂၄ ဇွန်လတွင် TNLA နှင့် MDY PDF  တပ်ဖွဲ့ များ က ခမရ-၁၁၅၊   ခမရ-၁၁၄ ၊  ဒုံးတပ်ရင်း-၆၀၆ တို့ကို တိုက်ခိုက်ပြီး နောင်ချိုမြို့ကို အပြည့်အ၀ သိမ်းပိုက်ခဲ့သည်။

၂၀၂၄ ဩဂုတ်လကုန်ပိုင်းတွင်  မြို့နှင့် မိုင် ၂၀ အကွာတွင်ရှိသည့် တောင်းခမ်း အခြေ စိုက်အမတ-(၄၀၆) ၊ အမတ (၂၀၆) ကို  TNLA  ဦးဆောင်သည့် တော် လှန်ရေး အင်အားစု က သိမ်းပိုက်ခဲ့သည်။

၂၀၂၅ ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် စစ်ကောင်စီတပ်က တောင်းခမ်း တိုက်နယ်အတွင်းရှိ TNLA တပ်စခန်း များကို ပြန်လည် ထိုးစစ်ဆင်ခဲ့ပြီး လေးလအကြာတွင် နောင်ချိုနှင့် ခြောက်မိုင်ကျော် အကွာ အထိ စစ်တပ်ထိုးစစ် ရောက်လာပြီး တော်လှန်ရေး တပ်ဖွဲ့များ နှင့် နေစဉ်လိုလို တိုက်ပွဲဖြစ်နေသည်။

တိုက်ပွဲကြောင့် နောင်ချိုမြို့နယ်အတွင်းမှ လူဦးရေ တစ်သိန်းကျော် နေရပ်စွန့်ခွာ နေရ သည်။

Related Articles

Back to top button