အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့တွင် ကျန်းမာပါစေကြောင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြောခွင့်ရများ၊ နိုင်ငံတကာ သံရုံးများနှင့် အများပြည်သူတို့က ဆုတောင်းပေးခဲ့ကြသည်။
အလားတူ တိုင်းရင်းသားနယ်မြေများအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထားသည့် နယ်မြေများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများကလည်း မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြပြီး မွေးနေ့ကိတ်ခွဲခြင်းနှင့် မေတ္တာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်ကိုလည်း တွေ့ရသည်။
စစ်တပ်၏ ဖမ်းဆီးခံထားသူ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်သည် လူမြင်ကွင်းမှ ပျောက်ကွယ်နေပြီး စစ်ကောင်စီကနေပြည်တော် မည်သည့်နေရာတွင် ချုပ်နှောင်ထားခြင်းမသိရှိရပေ။

ပြင်ပနှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများကိုသာ ဖတ်ရှုနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းအတွက် ဆုဆောင်းပေးသည့် ဆန္ဒပြုမှုများကို ကြားမြင်၊ သိရှိခွင့်ရနိုင်မည်မဟုတ်ပေ။
သို့သော် သူ့မွေးနေ့အတွက် တက်ကြွလှုပ်ရှားသူများက Suu 80 Birthday Campaign အမည်ဖြင့် မွေးနေ့ဆုတောင်းမှု အရေအတွက် ၈၀,၀၀၀ စုဆောင်းခဲ့ကြရာ ဆုတောင်းပေးမှု အရေအတွက် ၁၀၀,၀၀၀ ကျော်ရရှိခဲ့ပြီး မွေးနေ့ရှင်တစ်ဦးအတွက် ဆုတောင်းပေးမှုအရေအတွက် အများဆုံးဖြင့် ကမ္ဘာ့မှတ်တမ်းဝင်သွားခဲ့သည်။
ထိုမွေးနေ့ ဆုတောင်းများတွင် နိုင်ငံတကာရောက် မြန်မာကလေးငယ်များလည်းပါဝင်ပြီး “ဖွားဖွားစု ကျန်းမာပါစေ” ဟု ဆုတောင်းပေးသည့် ရုပ်သံဖိုင်များလည်းပါဝင်သည်။
နိုင်ငံတွင်းမှ ပြည်သူများနှင့် ပြည်ပရောက်မြန်မာများက ချစ်ခင်စွာဖြင့် အသက် ၈၀ပြည့် မွေးနေ့ပွဲကိုဆုတောင်းပေးနေကြသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပန်းပန်းခြင်း လှုပ်ရှားမှုတွင် ပါဝင်ပြီး ပန်းပန်ပါက အကြမ်းဖက်အားပေးရာရောက်ပြီး ထောင်ထမင်းစာရမည်ဟု ခြိမ်းခြောက်မှုများလည်းရှိနေသည်။
စစ်ကောင်စီက ခြိမ်းခြောက်မှုများရှိနေသာ်လည်း မန္တလေးမြို့တွင်းက လူစည်ကားသည့်ဈေးတစ်ခုတွင်လည်း လူငယ်များမှ ဦးဆောင်ပြီး သပိတ်လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း ရုပ်သံဖိုင်ကိုမန္တလေးသပိတ်အင်အားစုက ထုတ်ပြန်လာသည်ကိုလည်း တွေ့ရသည်။
ယနေ့ကျရောက်သည့် အသက် ၈၀ မွေးနေ့အတွက် အချုပ်အနှောင်တစ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည် မည်သို့ရှိနေမည်ကို မသိသော်လည်း ၂၀၂၂ ခုနှစ် အသက် ၇၇နှစ်ပြည့်မွေးနေ့ကို သူမကိုယ်တိုင်ကိတ်ခွဲ၍ ရှေ့နေများနှင့်အတူ ကျင်းပခွင့်ကို စစ်ကောင်စီကခွင့်ပြုပေးခဲ့သည်ဟု Myanmar Now က စုံစမ်းသိရသည်။
ထိုစဥ်ကမွေးနေ့ပွဲကို ဇွန် ၁၉ရက်နေ့တွင် ကျင်းပပေးခဲ့ခြင်းမဟုတ်ဘဲ တစ်ရက်နောက်ကျ၍ တနင်္လာနေ့ဇွန် ၂၀ရက်နေ့ နံနက်ပိုင်းတွင်သာ ဇဗ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ကောင်စီဝန်းထဲရှိ အိမ်အမှတ်(၁)ရှိအထူးတရားရုံးထဲတွင် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါသည့် မွေးနေ့ကိတ်ဖြင့် ပြုလုပ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ထိုမွေးနေ့ပွဲတွင် မွေးနေ့ကိတ်ကိုခွဲပြီး ရှေ့နေအဖွဲ့ကို ခွံ့ကျွေးခဲ့သလို လုံခြုံရေးဝန်ထမ်းများနှင့်တရားရေးဝန်ထမ်းအချို့ကိုလည်း ခွဲပေးခဲ့သည်ဟု သိရသည်။ ထိုနေ့ မွေးနေ့တွင်သူမခေါင်းပေါ်တွင် ပုံမှန်အတိုင်း ပန်းပန်ဆင်ထားခြင်းမရှိသော်လည်း လမ်းလျှောက်သည့်ဟန်ပန်နှင့်စကားပြောသံများကလည်း ပြောင်းလဲမှုမရှိခဲ့ကြောင်း မြင်တွေ့ခဲ့သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းအချို့
ဗိုလ်ချုပ် တားဘုန်းကျော် (တအာင်းပြည်၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF/TNLA
“ဒေါ်အောင်ဆန်းစုရဲ့ ပေးဆပ်မှုဟာ မြန်မာပြည်အတွက် တော်တော်ကို အတိုင်းအဆကြီးလွန်းသွားပြီ။ လွတ်မြောက်ချိန်တန်ပါပြီ။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ၊ နွေဦးတော်လှန်ရေးအဖွဲ့တွေအားလုံး ဝိုင်းကြိုးစားနေကြတယ်။
ကျွန်တော်တို့ အလုပ်တွေ ဆက်လုပ်ကြရမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု၊ နိုင်ငံရေးအတွေးအခေါ်တွေနဲ့ တိုင်းပြည်ကို အချိန်မီ ပြန်တည့်မတ်နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့နဲ့ ဗမာပြည် အပြောင်းအလဲက အခု တော်လှန်ရေး မျိုးဆက်အားလုံးရဲ့ ပခုံးပေါ်မှာ တာဝန်ရှိတယ်။ အားလုံး စုစုစည်းစည်း၊ တက်ညီလက်ညီနဲ့ အကုန်ဝိုင်းလုပ်ကြမှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ၊ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူအားလုံး လွတ်မြောက်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မလို့ ဒီထက်ပိုပြီးတော့ စုစည်းမှုတွေ၊ အားတွေပြပြီး အလုပ်လုပ်ဖို့လိုတယ်လို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်”

ပဒိုစောတောနီး (ကရင်အမျိုးသား အစည်းအရုံး KNU ပြောခွင့်ရ)
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်မွေးနေ့မှာ ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အဲ့ဒါအပြင် တိုင်းပြည်ရဲ့ တာဝန်ကိုလည်း ဒီထက်ပိုပြီးတော့ ထမ်းရွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်”
ဗိုလ်မှူးကြီးနော်ဘူ (ကချင်လွတ်မြောက်ရေး တပ်မတော် KIA ပြောခွင့်ရ)
“ဒေါ်အောင်ဆန်းစုကြည်လည်း အခုအချိန်မှာ အကျဉ်းထောင်ထဲမှာ နေရတဲ့ဘဝဆိုတော့ ကျွန်တော်တို့ ပြည်သူလူထုအားလုံးအနေနဲ့လည်း သူ့ရဲ့ကျန်းမာရေးအတွက်တော့ ကျွန်တော်တို့ ဆုတောင်းနေပါတယ်။ ကျန်းကျန်းမာမာသက်ဆိုင်ရာ သူနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နိုင်ပါစေလို့ ကျန်းမာပါစေလို့ ဆုတောင်းပါတယ်”

ဦးအောင်ဆန်းမြင့် (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဗဟိုကော်မတီဝင်)
“ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကတော့ ကျွန်တော်တို့ ရှင်းရှင်းပြောရရင်တော့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတင်မကဘူး။ စစ်အာဏာရှင် ပြုတ်ကျရေးအတွက်ကို ကျွန်တော်တို့ လုပ်နိုင်မှပဲ လူထုခေါင်းဆောင်က ပြန်လည်လွတ်မြောက်နိုင်မယ်၊ အခုလောလောဆယ်ကတော့ သူတို့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့နိုင်ငံရေးအခင်းအကျင်းနဲ့ လိုက်မီသည်ဖြစ်စေ၊ မလိုက်မီသည်ဖြစ်စေ လူထုရဲ့ယုံကြည်မှုက သူ့ဆီမှာ အများကြီးရှိတဲ့အတွက် ဒါကို စစ်ကောင်စီက ကြောက်နေတာ ဖြစ်တယ်လေ။ အဲ့အတွက်ကြောင့် ကျွန်တော်တို့က စစ်ကောင်စီပြုတ်ကျရေးက အဓိကပဲ။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကလည်း ဒါနဲ့ဆက်နွယ်နေတယ်”
“ကျွန်တော်တို့ တိုင်းပြည်အတွက် အများနဲ့မတူဘဲနဲ့ တိုင်းပြည်အတွက် စွမ်းစွမ်းတမံ မိသားစုအရေး လျစ်လျူရှုပြီးတော့မှ ပြည်သူအရေးကို ဆောင်ရွက်ပေးတဲ့ ခေါင်းဆောင်တစ်ယောက်အမြန်ဆုံး အကျဉ်းစခန်းကနေ လွတ်မြောက်ပြီးတော့မှ ပျော်ရွှင်တဲ့ဘဝကို ပြည်လည်တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်”
ရဲဘော်နီနီကျော် (ပြည်သူ့လွတ် မြောက်ရေးတပ်မတော် PLA ပြောခွင့်ရ)
“ဒေါ်အောင်ဆန်းစုကြည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ အမြန်ဆုံးလွတ်လာပါစေလို့ ဆုတောင်းပါတယ်။ သားသမီး၊ မြေး၊ မြစ်တွေနဲ့လည်း အတူတကွ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပါစေ အဲ့လိုလည်း ဆုတောင်းပါတယ် သူ့ရဲ့အဖေက ဗိုလ်ချုပ်အောင်ဆန်း၊ ကျွန်မတို့ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖေက ကွန်မြူနစ်တစ်ယောက်ဖြစ်တယ် ဖက်ဆစ်တွေကို တိုက်ထုတ်တဲ့အချိန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အလံကိုကိုင်ပြီးတော့ တိုက်ခဲ့တယ်။ သူ့ရဲ့သမီးဖြစ်တဲ့အတွက်လည်း သံယောဇဉ်ရှိတယ်၊ လေးစားပါတယ်”
“သူကျန်းကျန်းမာမာနဲ့ သူမြင်ချင်တဲ့နိုင်ငံရေးကိုလည်း ဖြစ်စေချင်တယ်။ သူ့ဖေဖေ ဖြစ်စေချင်တဲ့လမ်းကို သူကိုယ်တိုင်လည်းသိပြီးတော့ ရောက်အောင် လျှောက်လှမ်းစေချင်တယ်။ဒီနေ့မှာကလည်း ကျွန်မတို့ PLA ကလည်းပေါ့နော်။ ပြောမယ်ဆို PLA ကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတွေးအခေါ်နဲ့ ကွန်မြူနစ်တွေနဲ့ စုစည်းထားတဲ့တပ်ကလည်း ဒီနေ့ သူ့ရဲ့ ၈၀နှစ်မြောက်မွေးနေ့မှာ ကန့်ဒေါင့်ရဲစခန်းကို အောင်မြင်အောင်သိမ်းပိုက်နိုင်ခဲ့တဲ့တိုက်ပွဲနဲ့ သူ့ရဲ့မွေးနေ့ကို လက်ဆောင်ပေးလိုက်ပါတယ်”
အလားတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ဒိန်းမတ်၊ အမေရိကန်၊ ဆွစ်ဇာလန်နို၊ ပြင်သစ်သံရုံးများနှင့် ဥရောပ သမဂ္ဂတို့ကလည်း ယင်းတို့၏ သက်ဆိုင်ရာ Facebook စာမျက်နှာများတွင် မွေးနေ့ဆုတောင်းပေးခဲ့ပြီး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခဲ့ပြီး အမှု ၁၉မှုဆင်ကာထောင်ဒဏ် ၃၃နှစ် အမိန့်ချထားပြီး လျော့ပေါ့ပြစ်ဒဏ်ဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရသည်။
အသက်အရွယ်ကြီးလာသည့် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၀နှစ်ပြည့်ပြီးအကျဉ်းထောင်ထဲတွင် အထီးကျန်စွာ ဖြတ်သန်းနေရသော်လည်း ပြည်သူကို မမေ့မလျော့သည့်စကားကို သူမအမြဲပြောလေ့ရှိကြောင်း ဆုတောင်းသံကို ကြားဖူးသူတစ်ဦးက ပြောပြသည်။
ယခုလည်း ပြည်သူများအတွက် ထိုဆုတောင်းအတိုင်း ဆုတောင်းနေမည်ဟု ယုံကြည်ကြောင်း ထိုသူက ဆိုသည်။ ထိုဆုတောင်း မေတ္တာပို့သသည့် စကားလုံးမှာ “ပြည်သူတွေ ကျန်းမာပါစေ၊ပြည်သူတွေ၊ တောင့်ခံနိုင်ပါစေ” ဟူ၍ ဖြစ်သည်။




