
ငလျင်ကြောင့် ဝန်ထမ်းအိမ်ရာများပျက်စီးပြီး ထိုအိမ်ရာများကို ပြန်ဆောက်ရန် မသေချာဘဲဖြစ်နေရာ နေစရာမရှိ စားဝတ်နေရေး ခက်ခဲနေကြသည့် နေပြည်တော်မှ စစ်ကောင်စီဝန်ထမ်းများသည် နှုတ်ထွက်စာများတင်ထားကြကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီလက်အောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ၃၀ဦး၊ အမျိုးသားမှတ်တမ်းများထားရှိသည့် မော်ကွန်းတိုက်ဦးစီးဌာနမှ ၂၁ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၇ဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ၁၇ဦးတို့ အလုပ်ထွက်စာ တင်ထားပြီး လစာမဲ့ခွင့်တင်သူများလည်း ရှိသည်ဟု ထိုဌာနဆိုင်ရာ ဝန်ထမ်းများက Myanmar Now ကို ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊စိုက်ပျိုးရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအချို့လည်း နုတ်ထွက်စာတင်ထားကြသည်ဟု စုံစမ်းသိရသည်။
ထွက်စာတင်သူများထဲတွင် ညွှန်ကြားရေးမှူးနှင့်၊ လက်ထောက် ညွှန်ကြားရေးမှူးအဆင့်အရာရှိများလည်းပါဝင်ပြီး၊ အမှုထမ်းများမှာ အများဆုံးပါဝင်ကြောင်း စစ်ကောင်စီ အစိုးရအဖွဲ့ရုံးမှအရာရှိတစ်ဦးက ပြောသည်။
“ထွက်စာတွေက နေ့တိုင်းနီးပါးတက်လာတယ်၊ ဌာနပေါင်းစုံကပဲ” ဟု ၎င်းက ပြောသည်။
အမှုထမ်း ဝန်ထမ်းများသည် စစ်ကောင်စီမှ ပေးသည့် ဝန်ထမ်းလိုင်းခန်းများတွင် မှီခိုနေထိုင်ရပြီး ငလျင်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ယာများ ပြန်မဆောက်နိုင်ဘဲဖြစ်နေရာ မိမိကိုယ်ပိုင်ဘဝကို ပြန်လည်ရပ်တည်ရန်ပင် အခက်ခဲများရှိနေသည်ဟု ပညာရေးဝန်ကြီးဌာနမှ အရာရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ဌာနမှပေးသည့် လစာမှအပ ကြားပေါက်ဝင်ငွေမရရှိသည့် ဝန်ထမ်းများ ပိုမိုခက်ခဲနေသည်ဟုလည်း အထက်ပါ အမျိုးသမီးက ပြောသည်။
“ဌာနကနေ (ပိုက်ဆံဝင်ငွေ) income ရှိတဲ့ဝန်ထမ်းတွေကတော့ လိုအပ်တာပြန်ဝယ်၊ပြန်လုပ်ဖို့ရတယ်လေ၊ တစ်အိမ်ပြိုရင် နောက်တစ်အိမ်တက်နေ၊ ငှားနေရတဲ့သူတွေကတော့အောက်ခြေက ဘဝတွေကို ဘယ်သိမလဲ၊ ဘာအပူမှမရှိဘူး၊ အောက်ခြေမှာက တတယ့်ဘဝတွေပျက်ကုန်တာ” ဟု ၎င်းက ဆိုသည်။

ငလျင်လှုပ်ခတ်ပြီးနောက် နေပြည်တော် ဝန်ကြီးဌာနများမှ ဝန်ထမ်းများသည် နေထိုင်ရေး အခက်ခဲများကြောင့် ဇာတိမြေများသို့ အိမ်ထောင်ပရိဘောဂများ ပြန်လည်သယ်ဆောင်လာပြီးတာဝန်မထမ်းဆောင်တော့ဘဲ ထွက်စာတင်သူများလည်းရှိသည်ဟု သမဝါယ ဦးစီးဌာနမှ အသက် ၄၀ကျော်အရွယ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
မြေငလျင်လှုပ်ခတ်မှုကြောင့် ဝန်ထမ်းအိမ်ယာ ပြိုကျပျက်စီးပြီး အိမ်ထောင်ပရိဘောဂအကုန်နီးပါး ဆုံးရှုံးလိုက်ရပြီး နေစရာပင်မရှိတော့သည့် ၃၀ကျော်အရွယ် ဝန်ထမ်းအမျိုးသမီးကလည်း ဇာတိမြေပဲခူးတွင် ပြန်လာနေပြီး အလုပ်ထွက်စာကို စာတိုက်မှတစ်ဆင့် ပေးပို့ထားသည်ဟု ဆိုသည်။
“နေပြည်တော်က အသိဝန်ထမ်းတွေဆီ မေးတော့လည်း နေရေးကလည်း အဆင်မပြေ ဒုက္ခတွေအခက်ခဲတွေနဲ့ဆိုတာလည်း ပြန်ကြားတော့ အမျိုးသားနဲ့ တိုင်ပင်ပြီး မပြန်တော့ဘူး၊ ရွာမှာပဲလုပ်ကိုင်စားသောက်မယ်ဆိုပြီး ထွက်စာတင်လိုက်တာ” ဟု ယင်းအမျိုးသမီးက ပြောသည်။
ထိုသို့ အလုပ်ထွက်စာ မတင်ခင်က ၎င်းတို့ ဝန်ကြီးဌာန၏ စီမံဌာနမှ ညွှန်ကြားရေးမှူး အဆင့်ရှိသူကရုံးသို့ ပြန်လည်သတင်းပို့ အကြောင်းကြားရန်ဖိအားပေးခံရသည့် အခြေနေလည်း ကြုံတွေ့ခဲ့ရကြောင်း၎င်းက ဆိုသည်။
စစ်ကောင်စီဝန်ထမ်းအလုပ်မှ ထွက်ရန် အကြောင်းပြချက် နည်းပါးသူများအနေဖြင့် ကနဦးတွင် ပုံမှန်ခွင့်ယူပြီး နောက်ပိုင်းတွင်လစာမဲ့ခွင့် လစဉ်ယူ၍ ဌာနမှ အလုပ်ထုတ်ပစ်ပယ်သည့် နည်းလမ်းဖြင့်လည်း အလုပ်ထွက်ရန်ကြိုးစားလာကြကြောင်းစုံစမ်းသိရသည်။
ထိုသို့အလုပ်ထွက်မှုများအတွက် စစ်ကောင်စီက အသင့်ပြင်ထားပြီး စစ်ဗိုလ်များကို အရပ်ဘက်ပြောင်းကာ မိုးကျရွှေကိုယ်များနှင့် အစားထိုးရန်ပြင်ဆင်ထားသည်ဟု စစ်ကောင်စီရုံး အရာရှိတစ်ဦးက ဆိုသည်။ ဝန်ကြီးဌာနရုံးများနှင့် စစ်တပ်မိသားစုဝင်များ၏သားသမီးများကို အရာရှိထောက်ခံချက်ဖြင့် ဝန်ကြီးဌာနတွင် အလုပ်လျှောက်ထားကြရန် စီစဉ်နေသည်ဟုလည်း ထိုအရာရှိက ပြောသည်။
“ရုံးကြေးနန်းတွေထွက်လို့ အရပ်ဘက်ဝန်ထမ်းတွေကို စိတ်မချဘူးဖြစ်နေရာကနေ ခုလိုအလုပ်ထွက်တော့ စစ်တပ်ကသူတွေက ပိုတောင်သဘောကျနေတယ် ထင်တာပဲ” ဟု ၎င်းက ဆက်ပြောသည်။

အလုပ်ထွက်စာတင်သူများထဲတွင် ပင်စင်အသက်ပြည့်မှီသူများနှင့် အသက်ကြီးဝန်ထမ်းများကို အလုပ်ထွက်ခွင့်ပေးပြီး ငယ်ရွယ်သူ ဝန်ထမ်းများကို နိုင်ငံရေးနှင့် ပက်သက်မှုရှိ၊ မရှိပြည်ထဲရေးဝန်ကြီးဌာနကို စုံစမ်းခိုင်းနေကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်ချ်စတာစကေး ၇.၇ အဆင့်ရှိသည့် ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အပါအဝင် ပြည်နယ်နှင့် တိုင်း၁၀ခုမှ လူဦးရေ ၅သိန်းကျော် ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃ထောင်ကျော်ရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့အပြင် လူနေအိမ် ၅သောင်းကျော်၊ ဌာနအဆောက်အအုံ ၁သောင်းကျော်၊ ဆေးရုံနှင့် ဆေးခန်း၇၀၀ကျော်၊ စာသင်ကျောင်း၊ ၂၅၀၀ကျော်၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် အခြားဘာသာရေးအဆောက်အအုံပေါင်း ၅၅၈၈ပျက်စီးခဲ့သည်။
စစ်ကောင်စီသည် ငလျင်ကြောင့် ပျက်စီးသွားခဲ့သည့် ဝန်ကြီးဌာနအဆောက်အအုံများနှင့် အိမ်ရာများကိုပြန်လည်မတည်ဆောက်နိုင်သေးဘဲ ယာယီအစားထိုး Modular House ဟု ခေါ်သော အသင့်တပ်ဆင်တည်ဆောက်နိုင်သည့် ယာယီအဆောက်အအုံများဖြင့် အစိုးရယန္တရားကို လည်ပတ်နေကြရသည်။
ငလျင်ကြောင့် ပျက်စီးမှု ပမာဏာသည် အမေရိကန်ဒေါ်လာ ၁၁ဘီလီယံကျော် ရှိမည်ဟု ကမ္ဘာဘဏ်၏မေ၇ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။ ပျက်စီးမှု ပမာဏာမှာ တိုင်းပြည်ကုန်ထုတ်လုပ်မှု တန်ဖိုး၏၁၄ရာခိုင်နှုန်းဖြစ်သည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
၂၀၂၄ခုနှစ်တွင် ဆင်းရဲနွမ်းပါးနှုန်းသည် မြန်မာလူဦးရေစုစုပေါင်း၏ ၃၁ရာခိုင်နှုန်းရှိပြီး၊ ပဋိပက္ခနှင့်ငလျင်ဘေးကို ဆက်လက်ရင်ဆိုင်နေရ၍ ယခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်း ထပ်မံတိုးနိုင်ကြောင်လည်းကမ္ဘာ့ဘဏ် ဇွန် ၁၂ရက် ထုတ်ပြန်ချက်တွင် ဆိုသည်။
သို့သော် စစ်ကောင်စီသည် ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးဘဲ ပြိုပျက်သွားသည့် အဆောက်အဦးများ ရှင်းလင်းရေးကိုပင် သုံးလကျော်ကြာမြင့်ချိန်အထိ အပြီးသတ် မရှင်းလင်းနိုင်သေးဘဲ ရှိနေသည်။