
ကျောက်စိမ်းတူးဖော်ထုတ်လုပ်သည့် ကချင်ပြည်နယ် ဖားကန့်မြို့ကို စစ်ကောင်စီတပ် စီးနင်းပြီးနောက်
လက်သည်မပေါ်သည့် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် မေ ၂၇ ရက်နေ့မှ ဇွန် ၁၆ ရက်နေ့အတွင်း အရပ်သား ၃၀ ခန့်သေဆုံးခဲ့သည်ဟု မြို့ခံများထံက သိရသည်။
ကချင်လွတ်လပ်ရေးတပ် (KIA) က ဖားကန့်မြို့ အနီးဝန်းကျင်ကျေးရွာများနှင့် စခန်းကုန်းအများစုကို သိမ်းပိုက်ပြီး လက်ကျန်စစ်ကောင်စီတပ်ကို ပိတ်ဆို့ထားသောကြောင့် မိုင် ၄၀ ခန့်အကွာ ကာမိုင်းမြို့မှ စစ်ကောင်စီတပ်က အင်အား ၆၀၀ ဝန်းကျင်ဖြင့် ဖားကန့်ကိုစစ်ကူရန် ဧပြီ တတိယပတ်မှ စတင်ထွက်ခွာ လာကြသည်။
လမ်းခရီးတွင် ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် မေ ၂၇ ရက်နေ့မှ ဖားကန့်မြို့သို့ ရောက်ရှိ နိုင်ခဲ့ပြီး ထိုနေ့မှစတင်ကာ ဖားကန့်မြို့ပေါ်နှင့်ကျေးရွာများကို စစ်ကြောင်းထိုးကာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အများအပြားကို မီးရှို့ခဲ့သည်။ ဖားကန့်ဒေသသခံတချို့ကိုလည်း ဖမ်းဆီး၊ ပစ်ခတ် သတ်ဖြတ်ခံရသည်။
စစ်ကောင်စီစစ်ကြောင်း ထိုးရာလမ်းတလျှောက် မြို့အရှေ့ဘက် ကျောက်စိမ်းလုပ်ကွက်များနှင့် ရွာများမှ ဒေသခံတချို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဒဏ် ခံရသလို ဖမ်းဆီးသတ်ဖြတ်ခံရမှုများလည်းရှိနေရာ ဒေသခံ ၂၃ ဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရခဲ့သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံထားရသည်မှာလည်း ယနေ့ ဇွန် ၁၇ ရက်နံနက်အထိ ၈ ဦး ရှိလာ ကြောင်း သိရသည်။ ယနေ့ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အထွက် ယူမာကျေးရွာအဝင် တံတားလေးအနီး အမျိုးသား ၁ ဦး၏ ရုပ်အလောင်း တွေ့ရသည်။
ဇွန် ၁၆ ရက်နေ့ နံနက်တွင် ပစ်သတ်ခံထား ရသည့် အမျိုးသား ၁ လောင်း ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ ကွမ်းယာဆိုင်တစ်ခုရှေ့ တွေ့သလို အောင်ရာကျေးရွာအနီး အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာများရရှိခဲ့သည်။
ကြိုးတုပ်လျက် အမျိုးသား ၁ လောင်းကို မွန်းလွဲတွင် လုံးခင်းရွာ၊ ကျောက်စိမ်းရုံးအနီး ဥရုချောင်းထဲ ဒေသခံများက ထပ်တွေ့ရှိခဲ့သည်။
ဇွန် ၄ ရက်နေ့က မှော်စီစာ Sky Hotel ရှေ့ ရေကန်တွင် အမျိုးသား ၁ လောင်း၊ ဇွန် ၁၂ ရက်နေ့က မှော်စီစာကျေးရွာအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံထားရသည့် အိမ်ခြေရာမဲ့ အမျိုးသား ၃ ဦး အလောင်း များကို တွေ့ရှိထားသည်။

ထိုသတ်ဖြတ်မှုများမှာ စစ်ကောင်စီတပ်ရောက်လာပြီးမှ အဖြစ်များလာသလို ၎င်းတို့ထိန်းချုပ်သည့် မြို့ အရှေ့ခြမ်း လုံးခင်းနှင့် မှော်စီစာကျေးရွာများတွင် အဖြစ်များသည့်အတွက် စစ်ကောင်စီတပ် လက်ချက် ဖြစ်နိုင်ကြောင်း မြို့ခံအများစုက ယူဆသည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်တပ်က ဒေသခံတွေကိုသတ်ပြရင်း ပြည်သူကို အကြောက်တရားသွင်းနေသလို၊ တစ်ဖက်က တော်လှန်ရေးကို နာမည်ဖျက်တဲ့ သဘောလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ယူဆနေကြတယ်” ဟု အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။
ဖားကန့်မြို့အရှေ့ဘက် တာဝန်ကျသည့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF)တာဝန်ခံတစ်ဦး က ဒေသခံများကို ပစ်ခတ်သတ်ဖြတ်ခြင်းမှာ ၎င်းတို့မဟုတ်ဟု ဆိုသည်။
“(စစ်ကောင်စီတပ် ရောက်နေတဲ့အတွက်) ကျွန်တော်တို့ အဲဒီလမ်းတွေ သွားဖို့ လာဖို့ ပစ်ဖို့ ခတ်ဖို့ဆိုတာ တော်ရုံတန်ရုံနဲ့လုပ်ဖို့ မလွယ်ဘူး။ မမြင်ရပေမဲ့ သူတို့ဘက်က လုပ်တာ သေချာသလောက်ရှိတယ်” ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။
KIA ထိပ်ပိုင်းကလည်း အောက်ခြေအရာရှိများကို သတ်ဖြတ်လုပ်ကြံပိုင်ခွင့် မပေးထားကြောင်း၊ စစ် ကောင်စီနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များသာ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဖားကန့်ဒေသခံများ အကြောင်းမဲ့ သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းမရသေးဘဲ စစ်ကောင်စီကလည်း သတင်းမထုတ်ပြန်ပေ။
ထို့ကြောင့် စစ်ပွဲအတွင်း သေဆုံးသူ ၂၃ ဦးနှင့် လက်သည်မပေါ်ဘဲ အသတ်ခံရသူ ၈ ဦး ရှိလာသည်။
ယခင်ရက်များက တိုက်ပွဲပြင်းထန်ခဲ့သည့် ဖားကန့်မြို့တွင် ဇွန် ၁၆ ရက်နေ့ နံနက် တိုက်ပွဲဖြစ်ပွားသံများ တိတ်ဆိတ်နေကြောင်း အထက်ပါ ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။
“တိုက်ပွဲ မကြားရသေးဘူး၊ တိုက်ပွဲမရှိသေးဘူး။ မှော်ဝမ်းလေးနဲ့ မှော်ဝမ်းကြီး ဘက်မှာတော့ နှစ်ဖက် ဆိုင်နေတဲ့အနေအထား ရှိတာပေါ့။ ရွာသားတွေကို စစ်ကောင်စီဘက်က ပိတ်ထားတယ်၊ မထွက်လည်း မထွက်ခိုင်းဘူး ဝင်လည်း မဝင်ခိုင်းဘူး”
စစ်ကောင်စီကတပ် နေရာ အရွှေ့အပြောင်း မကြာမီလုပ်လာနိုင်သည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်နိုင် ကြောင်း ဖားကန့် KPDF တာဝန်ခံက မှတ်ချက်ပြုသည်။
“သူတို့က တပ်ချိန်းဦးမှာလေ၊ ပြန်ထွက်ရင် ဖြစ်ဦးမှာပဲ။ အခုက ငြိမ်သလိုလိုနဲ့ ကျင်းတွေ ဘာတွေတူးနေ နေကြတာ။ မကြာခင် ပြန်ဖြစ်လာမှာ” ဟု KPDF တာဝန်ခံက ပြောသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးနေသည်ဟု သိရသည်။
ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။