
ကချင်ပြည်နယ် ဝိုင်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်းအနီး၊ ဝိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်(KIA)က နေရာယူထားရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် ထိုးစစ်ဆင်နေသည်ဟု ဒေသခံများထံက သိရသည်။
ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင်ရှိသည့် ဝိုင်းမော်မြို့တွင် ခလရ(၅၈) အခြေစိုက်ထားပြီး အဆိုပါတပ်ရင်း၏ အရှေ့ဘက် ၄ မိုင်အကွာရှိ ဝိုင်းမော်-ကန်ပိုက်တီလမ်းမပေါ်ရှိ လမြန်ရွာအနီးတွင် KIA တပ်များ တပ်စွဲထားခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်က ပိတ်ဆို့ခံထားရမှုကို ရှင်းလင်းပြီး ရှေ့ဆက်တိုးရန် ထိုးစစ်ဆင်နေသည်၊ လမြန်ရွာတွင် တိုက်ပွဲဖြစ်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဝိုင်းမော်လမြန်ဘက်မှာ တိုက်ပွဲတွေ သုံးရက်လောက်ရှိပါပြီ ဆက်တိုက်ရှိတာ၊ မြေပြင်ကနေလည်း ဆက်တိုက်ထိုးတာ၊ နောက် လေကြောင်းကတော့ ဒရုန်းကိုအားကိုးပြီးမှ ဗုံးကြဲတာရှိပါတယ်၊ ဒီနေ့ကတော့ မကြားရသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့်အတွက် ဇွန် ၁၁ ရက်နေ့တွင် လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု လမြန်ရွာအနီးရှိ ဝါရှောင်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လမြန်ရွာမှ ဒေသခံများမှာ တိုက်ပွဲစတင်ပြင်းထန်သည့် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ကာ နီးစပ်ရာ ကျေးရွာများ၊ ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့များသို့ တိမ်းရှောင်နေရသည့်အတွက် ပြည်သူများ ဒဏ်ရာ မရသော်လည်း နေအိမ်များ ပျက်စီးသည်ဟု သူက ဆက်ပြောသည်။
“လောလောဆယ် ဒီနေ့ကတော့ စစ်ဆိုင်ထားတဲ့ သဘောပဲ၊ သူတို့ကလည်း (စစ်ကောင်စီကလည်း) တိုးဖို့ ကြိုးစားနေတယ်၊ ဒီဘက်ကလည်း ခံပစ်နေတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
နေ့စဉ် နံနက်တိုင်း တိုက်ပွဲများ ပြင်းထန်နေသလို ညဘက်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ညတိုင်းနီးပါးပစ်ခတ်နေသည်ဟု သိရသည်။
ဝိုင်းမော်မြို့၏ အရှေ့ဘက် ၄၅ မိုင်ခန့်အကွာတွင် ဆဒုံးမြို့ရှိပြီး မိုင် ၇၀ ခန့်အကွာတွင် နယ်စပ်ကုန်သွယ်ရေးဒေသဖြစ်သော ကန်ပိုက်တီမြို့တည်ရှိကာ ကချင်အထူးဒေသ (၁) ဟု စစ်ဗိုလ်ချုပ်များ သတ်မှတ်ခဲ့သည့် အဆိုပါမြို့နယ်များကို ပြီးခဲ့သည့်နှစ်တွင် KIA က သိမ်းပိုက်ထားပြီးဖြစ်သည်။
မူလကထိုမြို့ကို “ကန်ပိုက်တီ” ဟုခေါ်ရာမှ ၂၀၂၃ ဖေဖော်ဝါရီတွင် “ကံပိုင်တည်” ဟု စစ်ကောင်စီက အမည်ပြောင်းခဲ့သည်။
တရုတ်နိုင်ငံနယ်စပ်သို့ရောက်ရန် နာရီပိုင်းသာ ကြာမြင့်ပြီး စီးပွားရေးအရ အရေးပါသည့် အဆိုပါ လမ်းပိုင်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ရန် ထိုသို့ ထိုးစစ်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သူတို့က ကန်ပိုက်တီဘက်ကိုလည်း ထိုးချင်တာ၊ အဲဒီလမ်းတွေကို ရချင်တာ။ စီးပွားရေးနဲ့ ပြောမယ်ဆိုရင်တော့ တရုတ်ပြည်နဲ့ မြစ်ကြီးနားကိုဝင်တဲ့ တကယ့်မိန်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလမ်းကို ပြန်ရဖို့ ကြိုးစားနေတာ၊ နောက် ချီဖွေ၊ ပန်ဝါ၊ အဲဒီ သူတို့ပြောတဲ့ ကချင်အထူးဒေသ (၁) ဘက်ကို ပြန်ရချင်တယ်လို့ပြောတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့ကြောင့် အဆိုပါ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် လမ်းအစဖြစ်သည့် ဝိုင်းမော်မြို့မှ စတင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
၂၀၂၄ မတ်လမှ စတင်သည့် KIA ထိုးစစ်ကြောင့် ကချင်ပြည်နယ်၊ ဧရာဝတီမြစ်နှင့် မေခမြစ် အရှေ့ဘက်ခြမ်းရှိ ဒေသအများစုကို KIA က ထိန်းချုပ်နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမြို့အားလုံးကို သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် အကျိုးစီးပွားအများစုကို ပြန်လည်ရယူနိုင်ရန် ကြိုးစားနေပြီး ဖားကန့်မြို့ရှိ ၎င်းတို့ လက်လွှတ်ထားရသည့် ကျောက်စိမ်းအခွန်များကို ပြန်ရရန် ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ စစ်အင်အားရာချီ အသုံးပြုပြီး ထိုးစစ်ဆင်ခဲ့သည်။
ယနေ့အထိ ဖားကန့်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများသတ်ဖြတ်ခံရသလို ကျောက်စိမ်းကုမ္ပဏီအချို့လည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ခံနေရသည်။
KIA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့တွင်မူ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများမှလွဲပြီး မြေပြင်ထိုးစစ်များ ငြိမ်သက်နေသည်ဟု သိရသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် ဖိအားပေးနေသည်ဟု သိရသည်။
ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။