အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စိုးရိမ်နေရသည့်စစ်ကောင်စီက နိုင်ငံအနှံ့တွင် လိုင်စင်မဲ့ယာဉ်လိုက်ဖမ်းနေ

လိုင်စင်မဲ့ကား ဖမ်းဆီးမှု ရုတ်တရက် များပြားလာရာ ဆိုင်နှင့်အိမ်ထဲအထိ ဝင်ဖမ်းသည်ဟုပင် သတင်းထွက်နေသည်။

 စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများက လိုင်စင်မဲ့ မော်တော်ယာဉ်ကို  နိုင်ငံအနှံ့ လိုက်လံ စစ်ဆေးနေပြီး လမ်းပေါ်တွင်သာမက ကားနှင့်ဆိုင်ကယ်ရောင်းချသည့် ဆိုင်များတွင်ပါ  ဖမ်းဆီးနေသည်။

နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တောင်ကြီးနှင့် ပဲခူးတိုင်းတို့တွင်လည်း  အဖမ်းအဆီး ပိုမိုများလာသည်ဟု စုံစမ်းသိရှိသည်။

မေလ၂၀ရက်နေ့  အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင်က လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခ များစွာနစ်နာသည်၊  လုံခြုံရေးဆိုင်ရာ  အခက်အခဲများလည်း ဖြစ်ပေါ်လာနိုင်၍ ကြပ်မတ်ကြရန် ညွှန်ကြားခဲ့ပြီးနောက် ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

လက်ရှိ အဖမ်းအဆီးမှာ တော်လှန်ရေးအင်အားစု၏ လှုပ်ရှားမှုကို ဟန့်တားရန် ရည်ရွယ်သည်ဟု နေပြည်တော်ဝန်ကြီးဌာနတစ်ခုမှ အရာရှိတစ်ဦးက ပြောသည်။

“လိုင်စင်မဲ့တွေက တော်လှန်ရေးအဖွဲ့တွေ စီးတာများတော့၊ သူတို့တွေ မြို့တွေထဲကို ဝင်လာမှာ စိုးရိမ်တော့ ဖမ်းခိုင်းတဲ့ အခြေအနေလို့တော့ နားလည်ပေမယ့် ခုက ယာဉ်ထိန်းနဲ့ ရဲတွေအတွက်တော့ ငွေရှာရလွယ်တဲ့ ခွင်တစ်ခု ဖြစ်သွားပြီ” ဟု သူက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ယာဉ်ထိန်းတပ်ဖွဲ့ ဦးဆောင်၍ ဌာနပေါင်းစုံပါဝင်သည့် အဖွဲ့များက ကုန်တင်ကားများ၊ ဆိုင်ကယ်များကို နေပြည်တော် ပျဉ်းမနားတောင်ညိုလမ်းပေါ်နှင့် ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်တို့တွင် စစ်ဆေးလေ့ရှိသည်။ ၇ ဖွဲ့ထက် မနည်းသော ထိုအဖွဲ့များကို စစ်ကောင်စီ လက်နက်ကိုင်တို့က  လုံခြုံရေးယူပေးသည်။

ထိုသို့လိုင်စင်မဲ့ဆိုင်ကယ်များ၊ ကားများကို တက်သုတ်ရိုက်ဖမ်းနေခြင်းသည် ဆိုင်ကယ်စီးနင်းပြီး တိုက်ခိုက်တတ်သည့် မြို့ပြပြောက်ကျားများ၏ အန္တရာယ်ကို စိုးရိမ်ခြင်းကြောင့်ဟု အများက ယုံကြည်သည်။ 

မြို့ပြပြောက်ကြားလှုပ်ရှားမှု အားကောင်းခဲ့သည့် ၂၀၂၂ခုနှစ် ၂၀၂၃ ခုနှစ်များတွင် ဆိုင်ကယ်တစ်စီးတည်းတွင် အမျိုးသား နှစ်ယောက်မစီးရ၊ မိန်းကလေးမောင်းသည့် ဆိုင်ကယ်တွင် အမျိုးသား လိုက်ပါခြင်း မပြုရ စသည့် နိုင်ငံတကာတွင် မရှိသော အမိန့်ညွှန်ကြားချက်များကို စစ်ကောင်စီလက်အောက်ခံ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များက  ထုတ်ခဲ့ဖူးသည်။

ယခုအခါ နေပြည်တော်ရှိ  ဆိုင်ကယ်အရောင်းပြခန်းနှင့် အရောင်းဆိုင်ခန်းများကိုပါ စစ်ဆေးသည်ဟု စုံစမ်းသိရသည်။

လိုင်စင်မလိုသည့် အင်ဂျင်ပါဝါ 50 cc ဆိုင်ကယ် အရောင်းဆိုင်များကိုလည်း စစ်ဆေးနေရာ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကနေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အဆိုပါ ဆိုင်ကယ်များရောင်းချသည့် ဆိုင်ရှင်တစ်ဦး အဖမ်းခံရသည်ဟု သိရသည်။ ထိုသူကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဖြစ်စဉ်ကိုသိသည့်  အသက် ၄၀ကျော်အရွယ် တရားလွှတ်တော်ရှေ့နေ အမျိုးသားတစ်ဦးက ပြောသည်။

“တရားရုံးကို အမှုစွဲတင်တာမျိုးမရှိသေးဘူး။ အမှုဖွင့်ပြီး စစ်ဆေးနေတာမျိုး၊ ညှိနှိုင်းနေတာမျိုးတွေတော့ လုပ်နေတယ်” ဟု အထက်ပါ ရှေ့နေက ဆိုသည်။

နေပြည်တော်တွင် စစ်ဘက်အရာရှိများ၊ အုပ်ချုပ်ရေးမှူးများ၊ ထိုသူတို့နှင့် နီးစပ်သူများက လိုင်စင်မဲ့ကား အများဆုံးစီးနင်းကြသည်။ နာရေးကူညီမှုအသင်းအချို့၊ ပရဟိတအဖွဲ့အစည်းတချို့ကလည်း  လိုင်စင်မဲ့ယာဉ် သုံး​လေ့ရှိသည်။

လိုင်စင်မဲ့ကား ရောင်းချသူများမှာလည်း စစ်ရုံးချုပ်ထဲမှ စစ်tရာရှိများပင် ဖြစ်ကြောင်း ကားဝယ်ရောင်းလုပ်နေသည့် ဗိုလ်ကြီးဟောင်းတစ်ဦးက ပြောသည်။

“အရေးယူမယ်၊ စစ်မယ်ဆိုရင် လိုင်စင်အတုလုပ်တဲ့ ကညန၊ ရောင်းတဲ့သူတွေဆိုရင် စစ်တပ်နဲ့ ပက်သက်တဲ့သူတွေချည်းပဲ အရေးယူခံရမှာ” ဟု ၎င်းက ဆိုသည်။ 

လိုင်စင်မှာ ကားထက် စျေးကြီးနေသဖြင့် လိုင်စင်မဲ့ကားကို နိုင်ငံအနှံ့ အသုံးပြုနေကြသည်။

လိုင်စင်မဲ့ကားများသည် ကားအမျိုးအစားပေါ်မူတည်၍ ကျပ်သိန်း ၁၀၀ မှ ၂၀၀ ကြား ရှိသည်။

မန္တလေး၊ ပဲခူး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အခြေအနေ

 ဆိုင်ကယ်မြို့တော်ဟု ခေါ်ဆိုသည့် မန္တလေးမြို့တွင်လည်း လိုင်စင်မဲ့ယာဉ်များကို လမ်းပေါ်တွင်   ဖမ်းဆီးစစ်ဆေးမှု အရှိန်အဟုန်မြင့်နေကြောင်း ဒေသခံများက ဆိုသည်။

“လမ်းမကြီးတွေမှာကတော့ အဖမ်းအဆီးတွေကြောင့် နည်းနည်းလေး လိုင်စင်မဲ့တွေ လျော့သွားလို့ လားမသိဘူး၊ ရှင်းပြောင်နေတဲ့ အခြေအနေရှိတယ်” ဟု အသက် ၃၀ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“လမ်းကြိုလမ်းကြားမှာတော့ ယာဉ်အရမ်းကြပ်တယ်၊ လမ်းတွေပိတ်တာတွေရှိတယ်၊ လူတွေက ရှောင်ကွင်းသွားနေကြတာ၊ လမ်းကြိုလမ်းကြားကနေ”

ထိုသို့ စစ်ဆေးခံရချိန်တွင် လိုင်စင်မဲ့ယာဉ် မောင်းနှင်သူကိုပါ ဖမ်းဆီးခံသည့်ဖြစ်စဉ်များလည်း ရှိကြောင်း မန္တလေး၊ မဟာအောင်မြေမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဆိုင်ကယ်စစ်ဆေးခံရင်းနဲ့ လိုင်စင်မဲ့ ဆိုင်ကယ်မှန်းသိတော့ ဆိုင်ကယ်ရော လူပါ ဖမ်းဆီးခံလိုက်ရတာ၊ ပြီးတော့ နှစ်သိန်းနဲ့တော့ ပြန်ရွေးလိုက်ရတယ် “ ဟု ၎င်းက ဆိုသည်။ 

ထို့အပြင်   ရပ်ထားသည့် ကားများကို လိုင်စင်မဲ့ကားဟု သံသယရှိပါက ထိုကားအနီး နေအိမ်ထဲ အထိ ဝင်ရောက်စစ်ဆေးကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။

မွန်ပြည်နယ်တွင်လည်း ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ကားများနှင့် ဆိုင်ကယ်များ မစီးနင်ရန်နှင့် လက်ဝယ်မထားရန် မြို့နယ်သံဃနာယက အဖွဲ့က ဇွန် ၂ရက်စွဲဖြင့် စာထုတ်ပြန်ထားသည်။

မော်လမြိုင်မြို့တွင်လည်း မြို့အဝင်အထွက်နေရာများတွင် လိုင်စင်မဲ့၊ ကား၊ ဆိုင်ကယ်များကို ဖမ်းဆီး၍ ယာဉ်မောင်းအချို့ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများနှင့် ရဲတပ်ဖွဲ့တစ်ဦးက ပြောသည်။

“အိမ်ထဲထိ ဖမ်းတာမျိုးတော့မရှိပါဘူး၊ တနေ့က မြို့ထဲမှာ ညီဝမ်းကွဲတစ်ယောက် လိုင်စင်မရှိတဲ့ ဘီးနဲ့အဖမ်းခံရလို့ လူကြီးတွေကတဆင့် လိုက်လုပ်ပေးတာ၊ ဘယ်သူမှ အာမခံမလွတ်ပေးရဲဘူး၊ နောက်ဆုံး ဒဏ်ကြေးဆောင်ပြီး လွတ်ပေးလို့ရတဲ့နည်းနဲ့ပဲ ညှိပြီး လွတ်ပေးတာ” ဟု မော်လမြိုင်မြို့ ဒေသခံ ရဲတပ်သားတစ်ဦးက ပြောပြသည်။

ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်း အလားတူ စစ်ဆေးနေသည်၊ သို့သော်လည်း စစ်ကောင်စီလက်အောက်ခံ ဌာနများနှင့် ပြည်သူ့စစ်အဖွဲ့အစည်းများက စီးနင်းနေကြဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပဲခူးတိုင်း မြို့ပေါ်များတွင်လည်း လိုင်စင်မဲ့ဘီးများစီနင်းပါက ထောင်ဒဏ်တစ်လမှ သုံးလထိ ချမှတ်နေကြောင်း ရဲတပ်ဖွဲ့ သတင်းရပ်ကွက်က ပြောသည်။

ထိုသို့ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးမှုများကြောင့် လိုင်စင်မဲ့ အရောင်းအဝယ်များ ခေတ္တရပ်နားထားပြီးလိုင်စင်ရှိသည့် ကားနှင့် ဆိုင်ကယ်များ ဈေးအနည်းငယ် တက်သွားသည်၊  ဆိုင်ကယ်ဈေးများမှာ ကျပ်တစ်သိန်းမှ သုံးသိန်းထိမြင့်တက်သွားသည်ဟု မော်တာ်ယာဉ် အရောင်းအဝယ်လုပ်နေသူ အချို့ကပြောသည်။

Related Articles

Back to top button