
တရုတ်အစိုးရဖိအားဖြင့် ကိုးကန့် (MNDAA) တပ်ဖွဲ့ထံမှ စစ်ကောင်စီ လွှဲပြောင်းယူခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် အုပ်စုဖွဲ့ သေနတ်ထောက်လုယက်မှုများ ခပ်စိတ်စိတ် ပြန်ဖြစ်လာနေသဖြင့် မြို့ခံများကြား စိုးရိမ်မှု ပိုတိုးလာနေသည်။
မေ ၁၇ ရက်နေ့ နေ့လယ်က လားရှိုးမြို့၊ အမှတ်(၇) ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်လူတစ်စု က ဓါးပြတိုက်ခဲ့ပြီး လက်ကိုင်ဖုန်းအလုံး ၅၀ ကျော်နှင့် ရွှေငါးကျပ်သား နီးပါး ယူဆောင်သွားခဲ့ကြောင်း မြို့ခံများထံက သိရသည်။
အလားတူ မေ ၁၃ ရက်နေ့ မွန်းလွဲ ၁နာရီအချိန်က လားရှိုးမြို့လယ်ခေါင် မန်ဆူဘုန်းကြီးကျောင်းအနီး ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးကို သေနတ်ကိုင်ထားသည့်လူတစ်စုက ခြိမ်းခြောက်ပြီး ရွှေဆွဲကြိုး လုယူသွားခဲ့သည်။
ပြီးခဲ့သည့် မေ ၁၁ ရက်နေ့ညနေက စစ်ကောင်စီ၏ ပြည်နယ်ရဲ တပ်ဖွဲ့ရုံး အရှေ့ဘက် ပါရမီလမ်းသွယ် အတွင်းရှိ နေအိမ်တစ်လုံးကို သေနတ်ကိုင်ထားသည့် လူတစ်စုက ဓါးပြတိုက်ခဲ့ပြီး ရွှေ၊ ငွေနှင့် အိမ်စီးကား တစ်စီးကို ယူဆောင်သွားခဲ့ကြောင်း လားရှိုးမြို့ခံများက ပြောကြသည်။
ဓါးပြတိုက်မှုများ ပိုဆိုးလာသဖြင့် ညပိုင်းတွင် စိတ်ချလက်ချအိပ်စက်မရနိုင်ကြောင်း အသက် ၅၀ အရွယ် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ဓါးပြတိုက်တာမှ တော်တော်ဆိုးတယ်။ ညကို ခေါင်းပြားအောင် မအိပ်ရဲဘူး။ တိုက်တဲ့ ဓါးပြတွေကလည်း သေနတ်တွေနဲ့ တစ်ယောက်တည်း မဟုတ်ဘူး။ အုပ်စုလိုက် လေး ငါးယောက် လာတာဆိုတော့ ကြောက်နေ ရတာ”
အဆိုပါ ဓါးပြတိုက်သည့် အုပ်စုတွင် “တရုတ်ဘာသာစကား”ပြောသည့် သူများလည်းပါ၀င်သည် ဟု မြို့ခံ တို့က ပြောသည်။
ဓါးပြအုပ်စုသည် “Crown” အမျိုးအစား အိမ်စီးကားအဖြူရောင်ကို အဓိကအသုံးပြုလေ့ရှိပြီး ပစ္စတို သေနတ်များကို ကိုင်ဆောင်ထားကြကြောင်း ဆိုသည်။
“ကျွန်တော်တို့ ရပ်ကွက်ထဲလည်း လာသေးတယ်။ ည ၈နာရီလောက်ပဲ ရှိဦးမယ်။ လူ ခုနစ်ယောက်ပါတယ်။ တံခါးဖွင့်ခိုင်းတာကို အိမ်ရှင်က မဖွင့်ပေးလို့။ လာတာက Crown ကားအဖြူနဲ့ပဲ” ဟု ကိုယ်တိုင်ကြုံခဲ့သည့် အမှတ် (၉) ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်တစ်ခုတွင် နေ့ခင်းအချိန်တွင် “Crown” အမျိုးအစား အိမ်စီး ကားဖြင့် ဆိုင်ကယ်စီးအမျိုးသမီးတစ်ဦးကို လမ်းချိုးတစ်ခုမှာ ကားဖြင့်ပိတ်ဆို့ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့သေးသည်။
“ ၁၀၂၇ စစ်ဆင်စစ်ရေး” ကာလ ၂၀၂၄ ဩဂုတ်လ ၃ ရက်နေ့တွင် MNDAA တပ်ဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်ခဲ့သည်။ ရှစ်လအကြာ မြို့ကိုအုပ်ချုပ်ခဲ့ပြီးနောက် တရုတ်ဖိအားကြောင့် ၂၀၂၅ ဧပြီ ၂၁ ရက်နေ့ တွင် စစ်ကောင်စီလက်ကို ပြန်လွှဲပေးခဲ့ရသည်။
ဧပြီ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ လားရှိုးမြို့အတွင်း ၀င်ရောက်လာပြီး တစ်ရက်အကြာ ဧပြီ ၂၃ ရက်နေ့ ညနေမှ စတင်ကာ လားရှိုးမြို့တွင် ဓါးပြတိုက်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ကြောင်း မြို့ခံများက ဆိုသည်။
Myanmar Now က ရရှိသည့် စာရင်းများအရ ၂၀၂၅ ဧပြီလ ၂၃ ရက်နေ့မှ မေလ၂၁ ရက်နေ့အထိ လားရှိုး မြို့ပေါ် အထင်ကရနေရာများတွင် ဓါးပြတိုက်မှုနှင့် လုယက်ခံရမှု အနည်းဆုံး ရှစ်ကြိမ်အထိ ဖြစ်ခဲ့သည်။
သတင်းမထွက်သည့် ဖြစ်စဥ်များလည်း ရှိသည့်အတွက် ဓါးပြတိုက်ခံရသည့် အကြိမ်အရေအတွက် ယခု ထက်ပိုများနိုင်ကြောင်း မြို့ခံများထံက သိရသည်။
ဓါးပြတိုက်ခံရသည့် ဖြစ်စဥ်အတွင်း အမျိုးသမီးနှစ်ဦးအပါအ၀င် ထိခိုက်ဒဏ်ရာရသူတစ်ချို့ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
ကိုးကန့် (MNDAA) တပ်ဖွဲ့က လားရှိုးမြို့ကို မသိမ်းပိုက်မီ ၂၀၂၃ နှစ်ဆန်းပိုင်းမှ ၂၀၂၄ ဇူလိုင်လအထိ လားရှိုးမြို့တွင် ဓါးပြတိုက်မှု၊ မြို့ခံ လုပ်ငန်းရှင်များ ပြန်ပေးဆွဲခံရမှုများ ခပ်စိတ်စိတ် ဖြစ်ခဲ့သည်။
အဆိုပါ ပြစ်မှု ကျူးလွန်သူများတွင် စစ်ကောင်စီ လက်အောက်ခံ တရုတ်စကားပြောသည့် ပြည်သူ့စစ် တပ်ဖွဲ့ ဝင်များပါဝင်ခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့သူတချို့ကို MNDAA က ဖမ်းဆီးခဲ့ပြီး လားရှိုး၊ လောက်ကိုင် မြို့များ၌ လူအများရှေ့ တွင် သေသဏ်စီရင်ခဲ့သည်။
လက်ရှိ လားရှိုးမြို့အတွင်း၌ ဖြစ်ပွားနေသည့် ဓါးပြတိုက်မှု၊ လုယက်မှုပုံစံများသည် မြို့ကို MNDAA တပ်ဖွဲ့ မသိမ်းပိုက်ခင် အခြေအနေများနှင့် ဆင်တူနေသည့် အတွက် မြို့ခံလုပ်ငန်းရှင်များကြားတွင် စိုးရိမ်စရာ ဖြစ်လာနေသည်။
“အခြေအနေက သတိထားနေရတာပေါ့။ အရင်လို ပြန်ပေးဆွဲတာတွေပါဖြစ်လာနိုင်တယ်။ ဆိုင်က အလုပ် သမားတွေကိုလည်း သတိရှိဖို့ တစ်ခုခုဆို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့ သတိပေးထားရတယ်”ဟု လားရှိုး မြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လားရှိုးမြို့ကို ပြန်လွှဲပြောင်းယူခဲ့သည့် စစ်ကောင်စီအနေဖြင့် မြို့တွင်း ဌာနဆိုင်ရာ ရုံး၊ ဆေးရုံ၊ ကျောင်း စသည့် အုပ်ချုပ်ရေးယန္တရားများလည်ပတ်နိုင်အောင် အာရုံစိုက်နေပြီး မြို့တွင်းလုံခြုံရေး အာရုံစိုက်မှု နည်းပါးကြောင်း စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်သူတချို့ကလည်း ပြောသည်။
“တိုက်ပွဲ ဖြစ်ပြီးနောက်ပိုင်း လက်နက်တွေက လူတိုင်းနီးပါးဆီမှာ ရှိနေတာ။ ရဲတွေဆိုလည်း နေ့လယ်ပိုင်း အရပ်၀တ်တွေနဲ့ လက်နက်ကိုင်ပြီး သွားလာနေတာ။ နောက်ပြီး စစ်တပ်နဲ့ပါလာတဲ့ အရင် လားရှိုးက ပြည်သူ့စစ်တွေလည်း သေနတ်တွေ ပြန်ကိုင်နေပြီ။ အခုက ဘယ်သူက ဘာမှန်းမသိရဘူး။ မြိုခံတွေ ကတော့ ကျီးလန့်စာ စားပဲ” ဟု အထက်ပါ အသက် ၅၀ အရွယ် လားရှိုးမြို့ခံက ဆိုသည်။
ဓါးပြတိုက်မှုဖြစ်စဥ်များနှင့်ပတ်သက်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းက ခေါ်ယူသည့် အစည်းဝေးများ တွင် မြို့ခံများက တင်ပြထားကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် လားရှိုးမြို့ခံတစ်ဦးကလည်း ပြောသည်။
အခုရက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့၀င်များ ပူးပေါင်းပြီး ညပိုင်းတွင် လှည့်ကင်း များ စတင်ဆောင်ရွက်လာကြောင်း မြို့ခံများကို ကိုးကား၍ သိရသည်။
လက်ရှိ လားရှိုးမြို့တွင် ဆေးရုံကြီးကို မေ ၅ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပြီး မြို့ပေါ်လဝကရုံးနှင့် ကျောင်းများ၊ လေဆိပ်တို့ကို ပြန်ဖွင့်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေကာ မြို့အခြေစိုက်တပ်များတွင် စစ်ကောင်စီ တပ်သားများ၊ တပ်မိသားစုဝင်များ ပြန်နေထိုင်နေပြီဖြစ်သည်။
လားရှိုးမြို့နှင့် သုံးမိုင်ပတ်၀န်းကျင်တွင် တပ်စွဲထားသည့် MNDAA တပ်ဖွဲ့၀င်များအနေဖြင့် မြို့တွင်း အခြေအနေများ၌ ၀င်ရောက်စွက်ဖက်ခြင်း မရှိတော့သည့်အတွက် ဓါးပြမှုများမှာ တစ်နေ့တခြား ပိုမို ကြီးထွားလာနေကြောင်း မြို့ခံများက ပြောသည်။
မြို့ခံတချို့ကမူ MNDAA အနေဖြင့် မြို့တွင်း၌ဖြစ်ပေါ်နေသည့် ဓါးပြတိုက်မှုများကို လျစ်လျူရှု မထားစေ လိုကြောင်း ဆိုကြသည်။
လားရှိုးအခြေအနေနှင့်ပတ်သက်၍ မည်သို့ ဆက်လက်ကိုင်တွယ်မည်ကို အခုရက်ပိုင်း ကူမင်းဆွေးနွေးပွဲ ပြီးမှသာ သိနိုင်မည်ဟု လားရှိုးအခြေစိုက် MNDAA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။
MNDAA ခေါင်းဆောင်တချို့ ယခုရက်ပိုင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေကြသည်ဟု သိရပြီး အခြေအနေ အသေးစိတ်မသိရသေးသလို စစ်ကောင်စီနှင့် သဘောတူညီချက် မရသေးသည့် တအာင်းတပ် (TNLA)တို့ လာမည့် ဩဂုတ်လတွင် ဆွေးနွေးပွဲ ပြန်စမည်ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည့် လားရှိုးတွင် မြောက်ပိုင်း၏တစ်ခုတည်းသော လေဆိပ် တည်ရှိသလို အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည်။
စစ်ကောင်စီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ မတ်လထုတ် စာရင်းများအရ လားရှိုးမြို့ ပေါ် ရပ်ကွက် ၁၂ ခုတွင် လူတစ်သိန်းလေးသောင်းကျော် နေထိုင်ပြီး လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာ ၇၅ ခု တွင် လူတစ်သိန်းခွဲခန့် နေထိုင်သည်။
လားရှိုးမြို့ကို လက်လွှတ်လိုက်ရသော်လည်း MNDAA သည် ၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့များဖြစ်သည့် လောက်ကိုင်နှင့် ချင်းရွှေဟော်အပြင် သံလွင်မြစ် အနောက်ဘက် မုံးကိုး၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ ကွမ်းလုံနှင့် သိန္နီမြို့များကို သိမ်းပိုက်ရရှိခဲ့သည်။