
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် မော်ကွီးလူတပ်စခန်းကို ယနေ့(မေ ၁၆) နံနက်ပိုင်းတွင် သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။
မြို့အရှေ့ဘက် ၃၁ မိုင်အကွာ မယ်လရွာအနီး သောင်ရင်းမြစ်ဘေးရှိ ထိုစခန်းကို စတင်တိုက်ခိုက်ပြီး၂၄ နာရီအတွင်း သိမ်းယူခဲ့ခြင်းဖြစ်သည်။
“(တိုက်ပွဲရဲ့အစ) ပထမပိုင်းတော့ ကျွန်တော်တို့ ဒရုန်းတွေဘာတွေသုံးတယ်ပေါ့။ ဒီစခန်းက သိပ်တော့ အားမစိုက်ရဘူး။ နောက်ပိုင်း(စစ်တပ်ကပြန်ပြီး) ခုခံတာမရှိသလောက်ပဲ” ဟု KNU ၏ အဆင့်မြင့်အရာရှိ တစ်ဦးက ဆိုသည်။
ကရင်ပြည်နယ်သတင်းများဖော်ပြနေသည့် KIC သတင်းဌာန ကလည်း စခန်းတွင် ရှိသော လက်နက်ကိုင် ၄၀ ကျော်က စခန်းကို စွန့်ခွာသွားပြီးနောက် သိမ်းနိုင်ခြင်းဖြစ်ကြောင်း ရေးသားသည်။
စစ်ကောင်စီ၏ လတ်တလော ထုတ်ပြန်ချက်များတွင်မူ တိုက်ပွဲများအကြောင်း ဖော်ပြထားခြင်း မရှိပေ။
တိုက်ပွဲကြောင့် မြန်မာနိုင်ငံသား ၄၀၀ ကျော်သည် ထိုင်းနိုင်ငံ Tha Song Yang မြို့နယ်ထဲရှိ Mae La ရွာနှင့် Mae Ok Pha Lu ရွာသို့ ထွက်ပြေးတိမ်းရှောင်လာပြီး ယာယီခိုလှုံနေကြောင်း ထိုင်းနိုင်ငံသားအချို့က ၎င်းတို့ Facebook တွင် ရေးသားသည်။
လှိုင်းဘွဲ့မြို့နယ် အတွင်း တာလယ်ဗျူဟာစခန်းကို မေလ ၁၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မော်ကွီးလူစစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခြင်းဖြစ်သည်။
တပ်မဟာ ၇ နယ်မြေရှိ KNU တပ်များသည် ယခင်က စစ်ကောင်စီတပ်ကို တိုက်စစ်ဆင်မှုမရှိခဲ့ဘဲ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် နေ့ မှစ၍ လှိုင်းဘွဲ့မြို့နယ်ရှိ KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသကို တပ်မဟာ (၅) ဖာပွန်ခရိုင်တပ်များ နှင့် အတူပူးပေါင်းသိမ်းယူခဲ့ရာမှ တိုက်ပွဲများ စတင်ခဲ့သည်။
စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် (၃၁) အခြေစိုက်ရာ ပွိုင့် ၁၂၄၈ စခန်း (ခေါ် ) ပူးလူးတူတပ်စခန်း၊ ခလယ်ဒေးစစ်ကောင်စီစခန်း၊ မော်ဖားသူစခန်း၊ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်း ၊ တာလယ်ဗျူဟာစခန်း တို့ကို သိမ်းပိုက်ထားသည်။
KNU တပ်မဟာ ၆ လှုပ်ရှားရာ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အနီးတွင်လည်း စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ ၆ လက်အောက်ခံတပ်များ တိုက်ပွဲဆက်ဖြစ်နေကြောင်း KNU စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မေလ တတိယပတ်အတွင်း စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် တပ်မဟာ ၆ ဘက်က ရဲဘော် ၂ ဦးသေပြီး ၆ ဦးဒဏ်ရာရထားကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
ထို့အပြင် ကျုံဒိုးမြို့အရှေ့ဘက် ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီး မြောက်ဘက် တတန်ကူးရွာရှိ နာမည်ကျော် အောင်ဇေယျစစ်ကြောင်း နောက်တန်း ကွပ်ကဲရေးစခန်းကိုလည်း KNLAနှင့် ပူးပေါင်းတပ် များက ထိုးစစ်ဆင်နေကြောင်း KIC သတင်းဌာန၏ ရေးသားချက်အရသိရသည်။
KNU တပ်မဟာ ၅ သည် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်တစ်ကျောရှိ စစ်ကောင်စီတပ်စခန်းများကို ကုန်စင်သည်အထိ တိုက်ထုတ်ထားပြီး နယ်စပ်ကို အပြည့်အဝ ထိန်းချုပ်ထားသည်။
KNU တပ်မဟာ ၅ လှုပ်ရှားရာနယ်မြေ၏ တောင်ဘက်တွင်ရှိသည့် KNU တပ်မဟာ ၇၊ တပ်မဟာ ၆ နှင့် တပ်မဟာ ၄ တို့သည်လည်း ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်စခန်းများကို တိုက်စစ်ဆင်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူအချို့က သုံးသပ်သည်။

“တနင်္သာရီတစ်လျှောက်လုံးနဲ့ တပ်မဟာ ၄ နယ်မြေတစ်ခုလုံးမှာရှိနေတဲ့ နေရာအများစုက လုံခြုံရေးအတွက် ကျွန်တော်တို့နယ်မြေထဲမှာရှိတဲ့ ရန်သူတွေ အားလုံးကို မောင်းထုတ်ရမယ်” ဟု KNLA ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက မေလ ၁၂ ရက်နေ့ထုတ် ရုပ်သံတွင် ကရင်ဘာသာဖြင့်ပြောသည်။
တနင်္သာရီတိုင်းအခြေစိုက် KNU တပ်ဖွဲ့ဝင်များအတွက် ရည်ရွယ်သည့် တနင်္သာရီတိုင်း ကမ်ပိန်း ရုပ်သံဖိုင်တွင် ၎င်းက ပြောခြင်းဖြစ်သည်။
“ကျွန်တော်တို့လူမျိုးအတွက် စစ်မှန်ပြီး မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တည်ဆောက်ရမယ်” ဟုလည်း ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ရုပ်သံတွင် ပြောသည်။



