သတင်း

ရခိုင်ဒေသ ၂ ရက်ဆက် ဗုံးကြဲခံရမှုတွင် ကလေးများအပါအဝင် ၁၅ ဦး သေဆုံး

ကျောက်တော်၊ ရသေ့တောင်မြို့နယ်တို့ကို လေတပ်က ဗုံးကြဲတိုက်ခိုက်ရာ သေဆုံးသူများထဲတွင် ၂ နှစ်အရွယ် မိန်းကလေး တစ်ဦး ပါဝင်သည်။

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ဒေသများကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများ နှစ်ရက်ဆက်ပြုလုပ်ခဲ့ရာ ကလေးများအပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၈ ဦး ရှိနေသည်။

ယမန်နေ့ ( မေ ၁၄) ညနေက ကျောက်တော်မြို့၊ ရွာမရပ်ကွက်  ဗုံးကြဲခံရပြီး ၃ ဦး သေဆုံး၊ နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားသည်ဟု မြို့ခံတစ်ဦးက ယနေ့နံနက်တွင် ပြောသည်။

“လူတွေကတော့ စိုးရိမ်ကြောက်လန့်ပြီး မြို့က ရှောင်ပြေး နေတဲ့သူတွေလည်းရှိပါတယ်”ဟု ၎င်းက ဆိုသည်။

သေဆုံးသူများမှာ စစ်တွေမြို့မှ စစ်ရှောင်လာသော မစန်းစန်းဝင်း (၁၈ နှစ်)၊ ကျောက်တော် ဒေသခံများ ဖြစ်သော ဒေါ်မယဉ်စိန် (၆၀ နှစ်) ၊ ဒေါ်ဝင်းရီ (၆၄ နှစ်) တို့ဖြစ်သည်၊  ဒဏ်ရာရသွားသူများမှာ  မသန်းစုလှိုင် (၁၈ နှစ်)၊ ဒေါ်မဲမ (၇၀ နှစ်)၊ ဦးဦးကြာစိန် (၇၂ နှစ်) တို့ ဖြစ်သည်။ 

ကျောက်တော်မြို့ကို ဧပြီ ၁၃၊  ၁၉ ရက်နေ့ များတွင်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ထိုစဉ်က ၁ ဦး သေဆုံးကာ ၂၄ ဦး ဒဏ်ရာရ ခဲ့သည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း ကျောက်တော်မြို့ပေါ်ကို စစ်လေယာဉ်က ၁၀ မိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲ ဖြစ်သည်။  

၁၂ ဦး သေဆုံးမှု

မေ ၁၃ နံနက်ပိုင်းတွင်  ရသေ့တောင်မြို့ အရှေ့ဘက် သုံးမိုင်အကွာမှ ထွန်းရဝေရွာဟောင်းကို စစ်လေယာဉ်က ဗုံးကြဲရာ  ၁၂ ဦး သေဆုံး၊၂၃ ဦး ဒဏ်ရာရ၊ နေအိမ် ၃၁ လုံး ပျက်စီးခဲ့သည်။ သေဆုံးသူများထဲတွင် ၂  နှစ်သမီး တစ်ဦး ပါဝင်သည်။ 

အပြစ်မဲ့ ပြည်သူများကို တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ပြင်းထန်စွာရှုတ်ချသည်ဟု AA က ဆိုသည်။

“ကြီးမားတဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်။ စစ်ကောင်စီက သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမှာဖြစ်တယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ထိုနေ့တွင် ပြောသည်။

ရသေ့တောင်၊ ထွန်းရဝေရွာဟောင်းမှ သေဆုံးသူများစာရင်း။

ယင်းနေ့ နံနက် ၄ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို ဒရုန်းဖြင့် ဗုံးချခဲ့သည်၊  တိုက်ပွဲများကြောင့် ဒေသခံအများစု တိမ်းရှောင်နေကြရသည့် လိပ်ခမော်ကျေးရွာတွင်  လူအထိအခိုက် မရှိသော်လည်း ဘုန်းကြီးကျောင်း မီးလောင်သွားသည်ဟု ရခိုင်ဒေသအကြောင်း အထူးပြုတင်ဆက်သည့် သတင်းဌာနများထံက သိရသည်။

ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ စစ်ရှုံးနေသောကြောင့် ပြည်သူလူထု များကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားတာ၊ရခိုင်ပြည်သူတွေ သေကြေရတာဟာ လူ့အခွင့်အရေးချိုးဖောက် တာနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ပြောလို့ရတယ်။ ဒီလုပ်ရပ်ကို ကန့်ကွက်တယ်။ ရှုတ်ချပါတယ်”ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင် ကျောင်းကို မေ ၁၂ ရက်နေ့က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ သေဆုံးသူ ၂၂ ဦးရှိခဲ့ပြီး ထိုအထဲမှ အများစုမှာ အခြေခံပညာကျောင်းနေအရွယ် ကလေးများ ဖြစ်ကြသည်။ နောက်ပိုင်းရက်များတွင်  ဒဏ်ရာရသူများထဲမှ ၂ ဦး သေဆုံးသွားပြန်သည်။

တရုတ်၊ ရုရှားတို့၏ အကူအညီ၊ အကာအကွယ် ရရှိနေသော စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မေ ၁၀ ရက်နေ့နောက်ပိုင်း   နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းမြောက်နှင့် ရခိုင်ဒေသတို့တွင် သေဆုံးသူ ၆၀ ထက်မနည်း ရှိခဲ့သည်။ 

စစ်ကောင်စီက  ဧပြီ ၂ မှ ၂၂ ရက်နေ့အတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေ နှင့်ပေါက်တောတို့ကို ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့ကြောင်း AA ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

စစ်သင်္ဘော၊ စစ်လေယာဉ်၊  ဒရုန်း၊ စက်တပ်လေထီးများ သုံးပြီး ဗုံးကြဲ၊ ပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူ၂၈ ဦး ရှိသည် ဟု ဆိုသည်။ ဒဏ်ရာရသူများထဲတွင် အသက် ၅ မှ ၁၄ နှစ် အကြားရှိ ကလေးများပါဝင်သည်၊ အိမ်၂၁ လုံး၊ ဆိုင် ၂ ဆိုင်နှင့် ဘာသာရေးအဆောက်အဦ ၁ လုံး ထိခိုက် ပျက်စီးခဲ့သည်။

ရခိုင်ပြည်နယ် လေကြောင်းတိုက်ခိုက်မှုပြမြေပုံ။

Related Articles

Back to top button