
စစ်ကောင်စီနှင့် အပစ်ရပ်ဆွေးနွေးမှု သဘောတူညီချက် မရသေးသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ဖြစ်သော တအာင်းတပ်(TNLA)နှင့် အာရက္ခတပ်တော် (AA) တို့၏ ထိန်းချုပ်နယ်မြေများကို လေကြောင်းမှ ဗုံးကြဲနေသည့်အတွက် ယမန်နေ့ညမှ ယနေ့ မေ ၁၃ ရက်နေ့ နံနက် အတွင်း သေဆုံးသူ ၁၁ ဦး ရှိခဲ့သည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်း ယနေ့ (မေ ၁၃ )၊ နံနက် ၁၀ နာရီကျော်က ဗုံးကြဲတိုက်တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြသဖြင့် အပစ်ရပ်ကြောင်း ကြေညာထားချိန် ထိုသို့ ဗုံးကြဲခြင်းကြောင့် သေဆုံးသူများမှာ အသက် ၂ နှစ်မှ ၅၄ နှစ်ကြား အရပ်သားများ ဖြစ်ကြောင်း ဒေသခံတစ်ဦး က ပြောသည်။
“ရွာလယ်ခေါင် တည့်တည့်ကို လာချခဲ့တာ။ ပေါင် ၅၀၀ အထက်တောင် ခန့်မှန်းတယ်။ ပေါင် ၅၀၀ ဗုံး တောင် မဖြစ်နိုင်။ ဘာလို့လဲဆိုတော့ ပေါင် ၅၀၀ ဗုံးတွေက ငါးပေ၊ခြောက်ပေလောက် တွင်းဖြစ်ခဲ့တယ် ။ အခု ခုနှစ်ပေ၊ ရှစ်ပေ အထိ နက်တယ်။ ပေါင် ၆၀၀ ဗုံးအထိ မှန်းတယ် ”ဟု ၎င်းက ဆက်ပြောသည်။
သေဆုံးသူများမှာ မဖူးမူချေ(၂နှစ်)၊ မနန္ဒာအေး(၂၇နှစ်)၊ ဒေါ်ခိုင်ဝင်းနု(၄၀နှစ်) ၊ ဒေါ်မဘုချေ(၈၃ နှစ်)၊ ဦးဆန်းယဉ် (၄၅ နှစ်)၊ ဒေါ်ခိုင်ဝင်းယီ(၄၀နှစ်)၊ ဒေါ်မဖြူ(၅၄နှစ်)၊ မဘုစိန် (၃၆ နှစ်)၊ ဦးကျော်သိန်းဦး(၄၅ နှစ်)၊ ကိုလှမောင်သန်း(၃၅ နှစ်) တို့ဖြစ်ကြောင်း အထက်ပါဒေသခံက ပြောသည်။
“ထိခိုက်ဒဏ်ရာရတဲ့သူတွေက ဘာမှပြင်ဆင်မှုမရလိုက်ဘူး။ တိုက်ပွဲကာလလည်း မဟုတ်ဘူး။ ထွန်းရဝေရွာတွေဟာ ရသေ့တောင်တောင်တိုက်ပွဲကာလမှာတော့ လေယာဥ်နဲ့ဗုံးတစ်ကြိမ်ချခဲ့တာရှိတယ်၊ ဘုန်းကြီးကျောင်းဘက်ကို။ နောက်ပိုင်းတော့သိပ်မပတ်သတ်။ စစ်ဇုံလည်းမဟုတ်” ဟု ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုကြောင့် လူများသေဆုံးသည့်အပြင် အိမ် ၂၀ ခန့်ပျက်စီးသွားသည်၊ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်ခြင်းဖြစ်ကာ ကြီးမားသည့်လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
“ကြီးမားတဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်။ စစ်ကောင်စီက သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ယနေ့ နံနက် ၄ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို ဒရုန်းဖြင့် ဗုံးချခဲ့သည်၊ တိုက်ပွဲများကြောင့် ဒေသခံအများစု တိမ်းရှောင်နေကြရသည့် လိပ်ခမော်ကျေးရွာတွင် လူအထိအခိုက်မရှိသော်လည်း ဘုန်းကြီးကျောင်း မီးလောင်သွားသည်ဟု ရခိုင်ဒေသအကြောင်း အထူးပြု တင်ဆက်သည့် သတင်းဌာနများထံက သိရသည်။
စစ်ကောင်စီက ဧပြီ ၂ မှ ၂၂ ရက်နေ့အတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေ နှင့်ပေါက်တောတို့ကို ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့ကြောင်း AA ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်သင်္ဘော၊ စစ်လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီးများ သုံးပြီး ဗုံးကြဲ၊ ပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူ၂၈ ဦး ရှိသည် ဟု ဆိုသည်။ ဒဏ်ရာရသူများထဲတွင် အသက် ၅ မှ ၁၄ နှစ်အကြားရှိ ကလေးများပါဝင်သည်၊ အိမ်၂၁ လုံး၊ ဆိုင် ၂ ဆိုင်နှင့် ဘာသာရေးအဆောက်အဦ ၁ လုံး ထိခိုက်ပျက်စီးခဲ့သည်။

TNLA နယ်မြေ ၃ မြို့ကို ဗုံးကြဲ၊ ၁ ဦးသေ
မေ ၁၂ ရက်နေ့က TNLA ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ မန်တုံ၊ မိုင်းငေါ့ မြို့တို့ကို လေတပ်က တိုက်ခိုက်ရာ အရပ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ယင်းနေ့ ည ၁၁ နာရီခန့်တွင် မန်တုံမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ပေါ်ရှိ အောင်ချမ်းသာရပ်ကွက်တွင် ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲသည်၊ မြို့ပေါ်ရှိ အမျိုးသား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သည်ဟု ရှမ်းမြောက်ဒေသခံ အမျိုးသားတစ်ဦးက မြို့ခံ တစ်ဦးကို ကိုးကားပြီး ပြောသည်။
“ဒဏ်ရာရတဲ့သူတွေကတော့ သိပ်မစိုးရိမ်ရဘူး၊ သေတဲ့သူကတော့ တစ်ခါတည်းသေတာ၊ ပွဲချင်းပြီးတဲ့ အခုကတော့ ရှင်းလင်းရေးဆက်လုပ်မယ်ထင်တယ်၊ သူတို့ (TNLA) ကတော့ ပြည်သူတွေကို သတိထားဖို့ ပြောနေတယ်” ဟု ထိုသူက ပြောသည်။
ဗုံးကြဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ၊ ဒဏ်ရာရသူများရှိကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက အတည်ပြုသော်လည်း သေဆုံးသူနှင့် ဒဏ်ရာရသူ ၃ ဦး၏ အသေးစိတ်အချက်အလက် များကို မသိရသေးပေ။
ထို့ပြင် အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ် ၃၀ ခန့်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ယင်းမတိုင်မီ ည ၇ နာရီခန့်က TNLA ထိန်းချုပ်သည့် မိုင်းငေါ့မြို့ကိုလည်း စစ်လေယာဉ်ဖြင့် ၂ ကြိမ် ဗုဲးကြဲ ခဲ့ရာ စာသင်ကျောင်းတစ်ခုအနီး ပေါက်ကွဲခဲ့ပြီး အဆောက်အဦတချို့ ပျက်စီးခဲ့သည်ဟု TNLA ဘက်က ထုတ်ပြန်သည်။
အလားတူ နောင်ချိုမြို့နယ်ရှိ နေရာတချို့ကိုလည်း အဆက်မပြတ်ဗုံးကြဲနေပြီး ယင်းနေ့ ညနေ ၅ နာရီခန့် က နောင်ချိုမြို့နယ်၊ ယာပြင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တစ်ဆက်တည်းမှာပင် နောင်ချိုမြို့တောင်ဘက် ၁၀ မိုင်ကျော်အကွာရှိ နောင်လင်ရွာအနီး တိုက်ပွဲပြင်းထန် နေစဉ် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးဖြင့် ၃ ကြိမ်ကြဲခဲ့သလို ဒရုန်း၊ လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက် ခဲ့သည်ဟု TNLA ထံက သိရသည်။
နောင်ချိုမြို့တောင်ဘက် တောင်းခမ်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ အပြန်အလှန် တိုက်ပွဲများ ဖြစ်နေကြသည်။
“ ၁၀၂၇ စစ်ဆင်ရေး” နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် မြို့များ ကို သိမ်းပိုက်ရရှိခဲ့သည်။
မြောက်ပိုင်းအဖွဲ့ဝင် ကိုးကန့်တပ်(MNDAA)မှာ တရုတ်နိုင်ငံ၏ ဖိအားကြောင့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးထားရပြီးနောက် စစ်ကောင်စီ၏ နောက်ထပ်ပစ်မှတ်မှာ TNLA ဖြစ်လာသည်။
တရုတ်၏ စီစဉ်မှုဖြင့် ပြီးခဲ့သည့် ဧပြီ ၂၈, ၂၉ ရက်များတွင် စစ်ကောင်စီနှင့် TNLA တို့ တရုတ်နိုင်ငံတွင် ဆွေးနွေးခဲ့စဉ် စစ်ကောင်စီက TNLA တပ်များ ရှမ်းပြည်နယ်မြောက်ပိုင်းမှ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့မှ ဆုတ်ခွာပေးရန် တောင်းဆိုထားသည်။
TNLA ဘက်က လိုက်လျောရန် ငြင်းဆန်ခဲ့သဖြင့် ဩဂုတ်တွင် ထပ်မံဆွေးနွေးမည်ဟု ဆိုသည်၊ ဤအတောအတွင်း စစ်ကောင်စီတပ်က TNLA ထိန်းချုပ်မြို့များကို လေကြောင်းမှ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်သည်။
MNDAA, AA, TNLA ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဧပြီနှင့် မေ နှစ်လ အပစ်ရပ်ထားသည်၊ စစ်ကောင်စီဘက်ကလည်း ဧပြီ ၂ မှ မေလကုန်အထိ အပစ်ရပ်ထားသည် ဟု အသီးသီး ကြေညာထားကြသည်။
သို့သော် TNLA က ၎င်းတို့ထိန်းချုပ်နယ်မြေများ နေ့စဉ် တိုက်ခိုက်ခံနေရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရေးအတွက် စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်ဟု TNLA က သတိပေးထားသည်။
စစ်ကောင်စီသည် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲနေရာ ရက်ပိုင်းအတွင်း ၄၅ ဦးခန့် သေဆုံးခဲ့သည်။ မေ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်း တစ်မြို့နယ်တည်းတွင် ကလေးအများစုအပါအဝင် ၂၂ ဦး သေဆုံးသည်။
မေ ၁၀ ၊ ၁၁၊ ၁၂ ရက်နေ့တို့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ၂၂ ဦး၊ ဝက်လက်မြို့နယ်တွင် ၁၂ ဦး၊ ချောင်းဦးမြို့နယ်တွင် ၅ ဦး၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် ၆ ဦး တို့ သေဆုံးခဲ့သည်။
တိုက်ခိုက်မှုများအနက်မှ ဒီပဲယင်း ဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ဟု တရားဝင် ငြင်းဆိုထားသည်။