မေးမြန်းခန်းအာဘော်

“တနင်္သာရီ ရေဖြူဘက်မှာ နေ့တိုင်းတိုက်ပွဲရှိတယ်” – NUG ဒေါနစစ်ကြောင်း  

ဒေသတွင်းအဖွဲ့များ မဟာမိတ်ဖွဲ့လိုက်ကြသည့် နိုင်ငံတောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှု များပြားသဖြင့် တိုက်ပွဲများ နေ့စဉ်ပေါ်ပေါက်နေသည်ဟု NUG ၏ ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒေါနစစ်ကြောင်း ကရင်ပြည်နယ်အတွင်း စတင်ထူထောင်ခဲ့သည်မှာ ၄ နှစ်ပြည့်ပြီဖြစ်သည်။

၂၀၂၄ ခုနှစ်မှစတင်ကာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းထိစပ်သော နေရာများဖြစ်သည့် ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင်ပါ လှုပ်ရှားလာသည်။

Myanmar Now က  ဆက်သွယ် မေးမြန်းစဉ် ဒေါနစစ်ကြောင်းနှင့် ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးဖြစ်သူ ရဲဘော်စောဒါးကိုက  စစ်ကောင်စီ အကောင်အထည်ဖော်ရန်ကြိုးစားနေသည့် ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းရှိရာ ရေဖြူမြို့နယ်တွင်း စစ်ရေးအခြေအနေအပါအဝင် ဒေါနစစ်ကြောင်း၏  စစ်ရေးအတွေ့အကြုံများအကြောင်း ပြောပြထားသည်။

မေး ။ ။ ဒေါနစစ်ကြောင်း ဖြစ်ပေါ်လာပုံကို ပြောပြပေးပါ။

ဖြေ ။ ။ ကျွန်တော်တို့ ဒေါနစစ်ကြောင်း ယခင်က အခြေစိုက်တာကတော့ ကော့ကရိတ် ဘက်မှာပေါ့။ ၂၀၂၁ ခုနှစ် ၅ လပိုင်းမှာ အခြေခံစစ်သင်တန်းပေးပြီး ၆ လပိုင်းမှာစတာပေါ့။ ပထမဆုံး ပေါ်တဲ့ PDF တပ်ရင်းတွေထဲက တစ်ရင်းလို့ ပြောလို့ရပါတယ်။ ဒေါနစစ်ကြောင်းမဖြစ်ခင်မှာ မြို့မတပ်ရင်းဆိုပြီး နေထိုင်တယ်။ အားလုံးကတော့ နာမည်ပြောင်အနေနဲ့ ဗိုလ်တထောင်တပ်ရင်းလို့လည်း ခေါ်ကြပါတယ်၊ ဗိုလ်တွေများလို့ဆိုပြီးခေါ်ကြတာပေါ့။ ၂၀၂၁ ခုနှစ်ကတည်းက တပ်ကို စလုပ်တာဆိုတော့ အခုဆိုရင် ၄ နှစ်ထဲဝင်လာပြီ။ တိုက်ပွဲစတာကတော့ ၈ လပိုင်းလောက် ကော့ကရိတ်မှာ ကျည်စထွက်တာပေါ့။

အဲဒီကနေစပြီးတော့ PDF တပ်ရင်းတွေကို သက်ဆိုင်ရာ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) နယ်မြေထဲမှာ EAO ဆီက တစ်ယောက်က စစ်ကြောင်းမှူးလုပ်တယ်။ PDF က တစ်ယောက်က ဒုစစ်ကြောင်းမှူးပေါ့။ အဲဒီလိုသတ်မှတ်ပြီး စစ်ကြောင်းတွေ ဖွဲ့စည်းခဲ့ပါတယ်။ ၁၀ လပိုင်းရောက်‌တော့ ပထမဦးဆုံး တပ်မဟာ ၆ ထဲမှာ PDF ကို စစ်ကြောင်းမှူးတာဝန်ပေးခံရတာ ကျွန်တော်တို့ဆီမှာ ပထမဆုံးပဲ။ စစ်ကြောင်းမှူးကတော့ ကျွန်တော် စောဒါးကိုပဲ ဖြစ်ပါတယ်။ 

ဒေါနစစ်ကြောင်းဟာ အခုဆိုရင် စစ်သင်တန်းအပတ်စဉ် (၁၁) အထိ ဖြစ်သွားပါပြီ။ အင်အားအရဆိုရင် ၂၀၀၀ ကျော်သွားပါပြီ။ သင်တန်းအပတ်စဉ် (၁) ပြီးတော့ စစ်ဆင်ရေး လိုအပ်ချက်အရ တပ်မဟာ ၆ ဂွင်ထဲမှာ စစ်ကြောင်းတွေခွဲထုတ်တာပေါ့။ အခုဆိုရင် ခွဲထုတ်လိုက်တဲ့ စစ်ကြောင်းပေါင်းက ၉ ကြောင်းလောက်ရှိပါတယ်။ တပ်ရင်းအနေနဲ့ဆိုရင် တပ်ရင်း ၉ ရင်းစာရှိပါပြီ။ 

 ရန်ကုန် ၅၁၀၂၊ ပြီးရင် SOG, SOF, ဧရာဝတီတပ်ရင်း၊ ပြီးရင် ပဲခူးအရှေ့ပိုင်းတပ်ရင်းတွေအကုန်လုံးဖွဲ့ပြီး အခုနောက်ဆုံး ကျွန်တော်အခြေစိုက်တဲ့ ရေး၊ တနင်္သာရီဘက်ကို ရောက်လာတယ်ပေါ့။ ဒီကိုရောက်လာပြီးတော့ အခုနောက်ဆုံး KNU တပ်မဟာ ၁ ဘက်ကို တပ်ရင်း ၁ ရင်းထပ်ဖြည့်ပေးလိုက်တာရှိပါတယ်။ ဒီဘက်မှာတော့ လက်ရှိအင်အား အနည်းဆုံး ၇၀၀ လောက် ကျန်ပါသေးတယ်။ 

ဒေါနစစ်ကြောင်းသည် PDF တပ်ရင်း စစ်စစ်ဖြစ်တယ်။ NUG ရဲ့ COC (အမိန့်ပေးကွပ်ကဲမှု) အရသွားတဲ့တပ်ရင်းဖြစ်တယ်။ ကော့ကရိတ်ဘက်မှာ ရှိစဉ်ကလည်း ကျွန်တော်တို့ နယ်မြေခံ KNU အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတိုက်ပွဲဝင်တာတွေ ရှိတယ်။ စခန်းသိမ်းတာတွေရှိတယ်။ 

၄ နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ တိုက်ပွဲပေါင်း ၈၀ ကျော်လောက် တိုက်ထားပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေကတော့ ၂၀ ကျော်လောက်ရှိပါတယ်။ ရန်သူအကျအဆုံးကတော့ စစ်ကောင်စီဘက်က ဖရဲသီးသတင်းပေးချက်တွေအရရော မြေပြင်မှာ မြင်ရသလောက်ရော ၁၅၀၀ လောက်ရှိပြီလို့ ခန့်မှန်းရပါတယ်။ ဒါကတော့ ကျွန်တော်တို့ စစ်ကြောင်းရဲ့ ဖြတ်သန်းမှုပေါ့။

မေး ။ ။ တနင်္သာရီတိုင်းဘက်ကို ရောက်လာတာကြာပြီလား။ ဘာကြောင့်ရောက်လာတာလဲ။

ဖြေ ။ ။ အရင်တုန်းကတော့ ကျွန်တော်တို့ ဒီဘက်မရောက်ခင်မှာ မြေပြင်မှာအဖွဲ့တွေအများကြီးပါ။ စုစည်းမှုအားနည်းတဲ့အတွက် စစ်ရေးကို လိုအပ်တဲ့အတိုင်းအတာတစ်ခုအထိ မဖော်ဆောင်နိုင်ပါဘူး။ သို့သော် ကျွန်တော်တို့ရောက်ပြီး ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ မှာ မြေပြင်မှာရှိတဲ့ မွန်တော်လှန်ရေးအင်အားစုဖြစ်တဲ့ (MSRF)၊ ABSDF တပ်ရင်းရယ်၊ မွန်ပြည်သစ်ပါတီခွဲထွက် (AD) ရယ်ကတော့ အားလုံးပေါင်းစည်းပြီး မဟာမိတ်အနေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေသလို၊ တပ်မဟာ ၆ (KNLA) တပ်ရင်း ၂၇ လည်း မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်နေတာပေါ့။ အခုဆိုရင် KNU တပ်မဟာ (၄) တနင်္သာရီ ရေဖြူဘက်မှာဆိုရင်လည်း စစ်ရေးလှုပ်ရှားမှုတွေကို အများကြီး ဆောင်ရွက်နေတာရှိသလို၊ မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်ဘက်မှာလည်း ကျွန်တော်တို့ရဲ့ စစ်ကြောင်းတစ်ကြောင်းဟာ နယ်မြေခံ ရာမညစစ်ကြောင်းရယ်၊ KNLA တပ်ရင်း ၂၇ ရယ် ပူးပေါင်းပြီးတိုက်ပွဲဝင်နေတာရှိပါတယ်။

အခုဆိုရင် ဓဝယ်တပ်တော် (DNLA) အဖွဲ့တွေနဲ့လည်း တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ပိုမိုပေါင်းစည်းလာနိုင်တာပေါ့။ အရင်တုန်းက ဒီလိုမျိုးမပေါင်းစည်းနိုင်ပါဘူး၊ နှုတ်အားဖြင့် စကားပြောဆိုပြီး အတူတူတွဲတိုက်မယ်ဆိုတာမျိုးပဲရှိပါတယ်၊ လွန်ခဲ့တဲ့ ၂၀၂၄ နှစ်ကပေါ့။ အခု ၂၀၂၅ မှာတော့ ဒီလိုပုံစံမဟုတ်တော့ဘူး၊ ပိုမိုပြီးတော့ လူချင်းတွေ့တယ်၊ ကျွန်တော်တို့တွေရဲ့ မူဝါဒတွေကို ရှင်းပြတယ်၊ ကျွန်တော်တို့ ပေါင်းစည်းမှ ဖြစ်မယ်၊ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းလုပ်နေလို့တော့ အဆင်မပြေဘူးဆိုတာ ခေါင်းဆောင်တွေက ပိုပြီးတော့ နားလည်လာတယ်။ အားလုံးပူးပေါင်းဖို့ သူတို့ကိုယ်တိုင် လိုလိုလားလားဖြစ်လာတဲ့အပေါ်မှာ တနင်္သာရီတိုင်း (KNU) တပ်မဟာ (၄) နယ်မြေမှာ စစ်ရေးအရှိန်ကတော့ ၂၀၂၄ ကထက်ကို ပိုပြီးမြင့်မားလာပါတယ်။

ရေဖြူမြို့နယ်ဘက်မှာ ကျွန်တော်တို့ ဗျူဟာ (၃၃) က ဘာကြောင့် ပူးပေါင်းလှုပ်ရှားနေရသလဲဆိုတော့ အဓိက စစ်ကောင်စီရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းရှိတယ်။ နောက်တစ်ခုက ကံပေါက် ဓာတ်ငွေ့ပိုက်လိုင်းပေါ့။ ထိုင်းကို နှစ် ၃၀ စာချုပ်နဲ့ ရောင်းထားတဲ့ပိုက်လိုင်းတွေရှိတယ်။ ပြီးရင် မောရဝတီရေတပ်ဌာနချုပ်ဆိုတာလည်း ရေဖြူမြို့နယ်မှာပဲ အခြေစိုက်တယ်။ ဒီဘက်မှာဆိုရင် ခဲသတ္တုမိုင်းလုပ်နေတာတွေ၊ အကြီးစားဒေါက်တိုင်တွေက ဒီမှာရှိတယ်။ တလောက ကျွန်တော်တို့ သိရသလောက် မင်းအောင်လှိုင် ရုရှားသွားပြီး သဘောတူစာချုပ်ချုပ် လာတာတွေက ထားဝယ်ရေနက်ဆိပ်ကမ်း ရေဖြူဘက်မှာ ရင်းနှီးမြှုပ်နှံမှုတွေက အင်မတန်များပြားပြီးတော့ အကြီးစားစက်မှုလုပ်ငန်းတွေကအစ ပါဝင်လာတာတွေ့ရတယ်။ 

အခုဆိုရင် ရေဖြူဘက်မှာ စစ်ကြောင်းထိုးနေတာက နေရာစုံကို ထိုးနေတာ။ တော်လှန်ရေးဖြစ်ပြီး ၂၀၂၁ ကနေ ၂၀၂၅ အထိကို အမှတ် (၈) ပြည်ထောင်စုလမ်းကို ကျွန်တော်တို့ပဲ ထိန်းချုပ်ထားပါတယ်။ သူတို့ဖြတ်သွားဖြတ်လာတာတို့ စစ်ကူပို့တာတို့ဆိုတာ ရေကြောင်းနဲ့လေကြောင်းပဲ သူတို့ သုံးလို့ရတယ်။ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေအကုန်လုံးသည် လမ်းမှာ စိုးမိုးထားတယ်။ 

ဒီဘက်မှာလည်း စစ်ဆင်ရေးနယ်မြေရှင်းလင်းမှုတွေလုပ်နေသလို စစ်မှုထမ်းအပတ်စဉ်တွေတစ်ခုပြီးတစ်ခု ပြီးလာတာနဲ့အမျှ လူသစ်တွေနဲ့ နယ်မြေရှင်းလင်းရေး ဆိုပြီး အမှတ် (၈) လမ်းကို ပြန်ထိန်းချုပ်ချင်တဲ့သဘော ဖြစ်လာတယ်။ မြေပြင်က ကျွန်တော်တို့ ကင်းထောက်တွေ သတင်းပေးပို့ချက်အရ ရုရှားက အဆင့်မြင့်ဒရုန်းနည်းပညာသမားတွေ၊ မိုင်းပညာသမားတွေ ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကို ရောက်နေတယ်ဆိုတာလည်း သတင်းတိတိကျကျရထားတယ်။ ရုရှားဘက်က ဒရုန်းတွေလည်း ကျွန်တော်တို့ဘက်မှာ အသုံးပြုလာတာတွေ့ရတယ်။ ကျွန်တော်တို့ တော်လှန်ရေးဘက်မှာလည်း ဒရုန်းနဲ့အချခံရတာတွေ တော်တော်များများတွေ့ရတယ်။ 

ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေကလည်း မြေပြင်မှာ တစ်ဖွဲ့တစ်ဦးကောင်းထက်စာရင် ကျွန်တော်တို့တွေညီညွတ်ပြီးတော့ ကောင်းကောင်းပူးပေါင်းလုပ်ကြမယ်လို့တိုင်ပင်ပြီးတော့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို သွားနေတာ။ အခုဆိုရင် တနင်္သာရီ ရေဖြူဘက်မှာ နေ့တိုင်းတိုက်ပွဲရှိတယ်၊ နယ်မြေရှင်းလင်းဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့။ 

ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကို။ (ဓာတ်ပုံ – ရဲဘော်စောဒါးကို)

နယ်မြေခံ PDF, EAO တပ်တွေနဲ့ ပေါင်းပြီး တောက်လျှောက် စစ်ရေးလှုပ်ရှားနေတာရှိပါတယ်။ မကြာသေးခင်ကလည်း  ထီးထဗျူဟာကို EAO အဖွဲ့တွေနဲ့ ဒီဘက်မှာရှိတဲ့ PDF အဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ရထားတာလည်းရှိပါတယ်။ ဒီဘက်မှာ အားရစရာကတော့ မွန်တော်လှန်ရေးတပ်တွေနဲ့ ကရင်တော်လှန်ရေးတပ်တွေဟာလည်း ပိုမိုပြီး စစ်ရေးအရ ပူးပေါင်းလာတာတွေ့ရတယ်။ ဒါဟာ အင်မတန် တော်လှန်ရေးအတွက်အားဖြစ်တာပေါ့။ မွန်နဲ့ကရင်ဆိုတာကလည်း စစ်ကောင်စီရဲ့နှစ်ပေါင်းများစွာ သွေးခွဲသပ်လျှိုမှုအပေါ်မှာ တိုင်းရင်းသားတွေက သွေးကွဲခဲ့တဲ့အပေါ်မှာ နွေဦးတော်လှန်ရေးဖြစ်လာတဲ့အခါ အားလုံးပိုမိုပြီးသိလာတယ်။  

မေး ။ ။ ဒေါနစစ်ကြောင်းရဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ ။ ။ ကျွန်တော်တို့ အဓိက လိုချင်တဲ့ ပန်းတိုင်က ဖက်ဒရယ်ပါ။ တစ်နိုင်ငံလုံး ဖက်ဒရယ်နဲ့ သွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာ မည်သည့် နေရာမဆို နယ်မြေခံမှာရှိတဲ့ EAO တပ်တွေရော၊ မွန်တပ်တွေရော၊ ကရင်တပ်ရော၊ ဓဝယ်တပ်ရောပေါ့။ ကျွန်တော်တို့ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ကို ချီတက်ဖို့အတွက် တစိုက်မတ်မတ်နဲ့ ရှေ့ဆက်သွားမှာဖြစ်တယ်။ အခုလည်းပဲ ကျွန်တော်ရောက်ရှိနေတဲ့နေရာကနေ ဖြစ်နိုင်မယ်ဆိုရင် မြို့သိမ်းနိုင်တဲ့အထိ ချီတက်တိုက်ခိုက်သွားဖို့ဆိုတာကျွန်တော်တို့ ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။

မေး ။ ။ ဒေါနစစ်ကြောင်းက တပ်ရပ်တည်ရေးအတွက် ဘယ်လို ငွေကြေးရှာဖွေသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ဆီမှာတော့ စစ်ဆင်ရေးလုပ်ငန်းစဉ်တွေက တချို့ဟာတွေ သတင်းမထုတ်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်သတင်းလုံခြုံရေးဟာ ပထမဖြစ်တယ်။ လိုင်းပေါ်မှာ စစ်တိုက်မယ်၊ Video ဖိုင်တင်မယ်၊ အလှူခံမယ်ဆိုတာကို ကျွန်တော်တို့မလုပ်ဘူး။ မလွှဲသာလို့ စစ်သတင်းအကျဉ်းထုတ်ပြန်တာပဲရှိပါတယ်။ 

ရိက္ခာက အရမ်းအဆင်ပြေနေသလားဆိုရင် အဆင်ပြေမနေပါဘူး။ ကျွန်တော်တို့ကတော့ ရဲဘော်တွေလှုပ်ရှားနေတာကို နှုတ်လုံ၊ ခြေသံလုံလုံနဲ့ သွားချင်တယ်။ အခုရပ်တည်နေတာက ထောက်ပို့ထီလေးပဲ ဆက်လက်ရပ်တည်နေတာ။ တချို့ Fundraising တွေက တစ်နိုင်ငံလုံးလုပ်နေတဲ့အခါကျတော့ ကျွန်တော်တို့ လုပ်လည်း သိပ်ထိရောက်မယ်မထင်ဘူး။ ကျွန်တော်တို့အဖွဲ့တွေကို ဒီလိုပဲ နယ်မြေခံ ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ပဲ အဓိက စစ်ရေးလှုပ်ရှားနေတာရှိပါတယ်။ 

မေး ။ ။ ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကို စစ်ကောင်စီဘက်က  စစ်ကြောင်းထိုးမှုဟာ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ။ စစ်ကောင်စီတပ်ရဲ့အခြေအနေကရောဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ အခုစစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် (၁) ကနေ (၁၁) အထိထွက်လာတဲ့သူတွေကို သူတို့လူဟောင်းတချို့နဲ့ စုဖွဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်တယ်။ သူတို့ဘက်က ၇၀၀ ကျော်လောက်အထိ သုံးပြီးထိုးတယ်။ ကျွန်တော်တို့ကတော့ နယ်မြေခံတပ်တွေဖြစ်တဲ့အတွက် စစ်ကိုကောင်းကောင်းကစားနိုင်တာပေါ့။ သူတို့ကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်။ သူတို့ အင်အား ၇၀၀၊ ၈၀၀ လောက်ကို ဒီထဲက မထွက်နိုင်အောင် ဟိုဘက်က ချလိုက်၊ ဒီဘက်က ချလိုက်ဆိုတော့ မထွက်နိုင်ဘဲ တစ်ဝဲလည်လည်ဖြစ်နေတာ။ ပြီးမှ ကျွန်တော်တို့က တဖြည်းဖြည်းချွေတာ။ ဒီကောင်တွေကို မိုင်းဆွဲတယ်။ သူတို့ကို ပိတ်ဆို့ဖြတ်တောက်ပြီး ပစ်ခတ်တယ်။  

သူတို့ဆီမှာပါလာတဲ့သူတွေကလည်း ၃ လသင်တန်းဆင်းပြီး ရှေ့တန်းထွက်လာတဲ့သူတွေဖြစ်တဲ့အတွက် နယ်မြေကျွမ်းကျင်မှုကအစ စစ်ရေးအတွေ့အကြုံမရှိတဲ့အတွက် လာပြီးအသေခံတာနဲ့အတူတူပဲပေါ့။ ဆိုလိုတာက အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုပေမယ့် ခဏပဲရတာ။ ပြီးရင် ပြန်ပြေးတာပဲ။ ဒီကောင်တွေတဖြည်းဖြည်းနဲ့တက်လာတယ်၊ ပြီးရင် ပြန်ဆုတ်တယ်။ သူတို့ဟာ သူတို့တောင်တိုင်ပတ်နေတာ အဲဒီလိုတွေ့ရတယ်။ 

သို့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းကို အင်မတန်သုံးလာတာတွေ့ရတယ်။ ၂၀၂၃၊ ၂၀၂၄ ခုနှစ်ကထက်ကို ဘာမဟုတ်တဲ့ တံတားဂိတ်လေးသွားပစ်တာတောင် လေကြောင်းသုံးလာတာတွေရှိတယ်။ ဒရုန်းကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာတယ်။ မြေပြင်ထိုးစစ်မှာတော့ ဒီကောင်တွေမလွယ်လှဘူး။ တနင်္သာရီတိုင်းမှာရှိတဲ့တော်လှန်ရေးတပ်တွေက နယ်မြေခံတော်လှန်ရေးတပ်တွေများပါတယ်။ ဆိုလိုတာက ကိုယ့်အိမ်မှာကိုယ်တိုက်ရတဲ့သဘောပါ။ ဒါကြောင့် ဒီကောင်တွေအထိနာတာပါ။ 

မေး ။ ။ စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေပြဌာန်းပြီး စစ်သားသစ်တွေစုဆောင်းနေတာ အပတ်စဉ် (၁၂) အထိရှိပါပြီ။ စစ်ကောင်စီစုဆောင်းထားတဲ့ စစ်သားသစ်တွေရဲ့ တိုက်ရည်ခိုက်ရည်အခြေအနေကရော ဘယ်လိုမျိုးမြင်ရပါသလဲ။

ဖြေ ။ ။ အဓိကတော့ တနင်္သာရီတိုင်းမှာ သူတို့ရှိသင့်သလောက်တော့ အင်အားဖြည့်တင်းထားတာရှိတယ်။ အဓိကပို့တာက ရခိုင် စစ်မျက်နှာတို့ ရှမ်းစစ်မျက်နှာတို့ အဲဒီဟာ ပို့တာများတယ်။ ကျွန်တော့်ဆီမှာကို စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရပြီးမှ ထွက်ပြေးလာတဲ့သူ အယောက် ၃၀ ကျော်သွားပြီ။ လက်နက်နဲ့ဝင်လာတယ်။   

သူတို့ကို ပေါ်တာဆွဲတယ်။ ထိုင်းကနေ ဖမ်းဆီးပြီးတော့ နယ်စပ်မှာ စစ်ကောင်စီက တန်းပြီးတော့ စစ်သင်တန်းကျောင်းကို တစ်ခါတည်းပို့တယ်။ အဲဒါပြီးတော့ စစ်သားလုပ်တယ်၊ ဒါပေမယ့် ဒီလူတွေမှာ တစ်ယောက်မှ စစ်တိုက်ချင်တဲ့ စိတ်မရှိဘူး၊ သူကိုယ်တိုင် စိတ်မပါတာကို၊ ဘယ်လိုသင်သင်ပေါ့။ သူတို့ထဲမှာလည်း ထွက်ပြေးချင်တဲ့ကောင်တွေ တော်တော်များတယ်။ နောက်မှာ ကျန်ခဲ့တဲ့သူတွေကအစ ဆက်သွယ်ပြီး ကျွန်တော်တို့ကို ခေါ်ပေးပါဦး၊ ကျွန်တော်တို့မနေချင်တော့လို့ ကူညီပါဦးဆိုတာမျိုးပေါ့။ တိုက်ပွဲတိုက်ရင် ၁ နာရီတောင် မကြာဘူး။ ဒီကောင်တွေပြန်ပြေးတာ။ သူတို့ကိုယ်တိုင်က ကျွန်တော်တို့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်ဖို့ ထက်ကို ပစ်ပြီးရင် ပြေးမယ်ဆိုတဲ့ စိတ်က သူတို့မှာ ရှိနေတယ်။ 

တချို့ဆိုရင် စစ်မှုထမ်းတွေကို မြင်းဆေး (စိတ်ကြွဆေး) တွေ ကျွေးတယ်။ ပြီးရင်ခိုင်းတယ်။ ပြည်သူပိုင်တဲ့ ရာဘာခြံ၊ ကွမ်းခြံတွေမှာ သူတို့ဝင်လာရင် မနေရဲဘူး။ အားလုံးထွက်ပြေးကြတယ်။ ဒီကောင်တွေက အဲဒီရာဘာခြံ၊ ကွမ်းခြံတွေမှာ စစ်မှုထမ်းတွေကို ရာဘာခြစ်ခိုင်းတယ်။ ရတဲ့ဟာတွေကို သူတို့ယူတယ်။ ကွမ်းသီးတွေ မတရားခူးခိုင်းတယ်။ ပြီးရင်ယူတယ်။ အဲဒီလိုခိုင်းတဲ့အခါမြင်းဆေးတွေပေးတယ်။ တစ်နေ့ကို ၈ လုံးလောက်ပေးတယ်။ ကျွန်တော်တို့ဆီ ဝင်လာတဲ့ စစ်မှုထမ်းက လူတွေဆိုရင် အရင်ဆုံး မြင်းဆေးဖြတ်ပေးနေရတယ်။ 

မေး။ ။ တနင်္သာရီတိုင်းက ပင်လယ်နဲ့နီးတဲ့ ကမ်းရိုးတန်းဒေသဖြစ်တော့   စစ်ကောင်စီဘက်က ရေတပ်ကိုသုံးပြီး ဘယ်လိုပုံစံ တိုက်ခိုက်လေ့ရှိပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ကတော့ ရှယ်အတီးခံရတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းက ကြည်း၊ ရေ၊ လေနဲ့ အတိုက်ခံရတာပါ။ ကျန်တဲ့  ဒေသတွေမှာတော့ ကြည်းကြောင်း နဲ့ လေကြောင်းသုံးတိုက်တယ်ပေါ့။ ကျွန်တော်တို့ဆီမှာ ရေကြောင်းကတိုက်တာပါခံရတယ်။ ကျွန်တော်တို့ စခန်းသိမ်းပွဲတွေ၊ တိုက်ပွဲတွေ ဘယ်နေရာပဲဖြစ်ဖြစ် မောရဝတီရေတပ်ပေါ့၊ ဒီမောရဝတီရေတပ်က တနင်္သာရီတိုင်းကမ်းရိုးတန်းကို အဓိက ထိန်းချုပ်တဲ့ရေတပ်ဖြစ်တော့ ဖရီးဂိတ်လို စစ်သင်္ဘောကြီးတွေ၊ ဟောင်ဝဇ်ဇာနဲ့ ပစ်ခံရတာတော့ တစ်မုန်းပစ်ခံရတာပဲ။ ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးကို တော်တော်လေးကို ခံစားရတာပေါ့။ ၂၀၂၄ အစပထမကတော့ တော်တော်လေးကို ဖြစ်မှ ဖြစ်ပါ့မလားပေါ့၊ ကျွန်တော်တို့ မမြင်ဖူးတဲ့ လက်နက်တွေနဲ့ တိုက်တာကြုံရတာပေါ့။ တချို့ကွဲတာတွေကလည်း ပဒေသာလိုမျိုးကွဲတဲ့ဟာတွေ၊ တချို့ဟာတွေက ကျည်ဆန်မထိရင်တောင်မှ နားတွေ သွေးကျတယ်။ နားစည်တွေကွဲပြီး မခံနိုင်ဘူးပေါ့။ တချို့ Vibration တုန်ခါမှုများပြီး နှလုံးရပ်ပြီး ကျသွားတဲ့ရဲဘော်တွေတောင်ရှိပါတယ်။ 

မေး ။ ။ မကြာသေးတဲ့ ဧပြီ ၁၇ ရက်တုန်းက ဒေါနစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ ၅ ဖွဲ့တို့ တွေ့ဆုံပြီး သဘောတူညီချက်တွေရခဲ့တယ်ကြားပါတယ်။ အဲဒီတွေ့ဆုံမှုမှာ KNLA ပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေပါတယ်။ ဓဝယ်တော်လှန်ရေး တပ်ဖွဲ့ပါတယ်။ ABSDF လည်းပါတယ်။ တွေ့ဆုံပွဲအကြောင်းပြောပြလို့ရမလား။ ဒါက တနင်္သာရီတိုင်းမှာ ပထမဆုံးအကြိမ်စုစည်းနိုင်တာလား။

ဖြေ ။ ။ အရင်ကတော့ ကျွန်တော်တို့တွေ ဖုန်းဆက်ပြီးအကူအညီတောင်းတာမျိုး၊ ဟိုဘက်ကလည်း ဖုန်းလေးဆက်ပြီးတော့ ပြောတာပေါ့။ လူချင်းမတွေ့ဖြစ်ကြဘူး။ နောက်ပိုင်းကျတော့ ကျွန်တော်တို့စဉ်းစားမိတာက ဒီလိုပုံစံမျိုးတော့ သွားနေလို့မဖြစ်ဘူး။ လူချင်းတွေ့ကြမယ်။

 စစ်ကောင်စီက နှစ်ပေါင်းများစွာ သွေးခွဲထားတော့ တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ အမြဲတမ်း သံသယတော့ ရှိကြတာပေါ့။ အဲဒီသံသယတွေကို ဘယ်လိုဖျောက်ကြမလဲ၊ ဘယ်လိုပြောကြမလဲဆိုတဲ့အခါမှာ ဒီလိုဆိုရင် ကျွန်တော်တို့တွေ့ကြမယ်၊ ပြောကြမယ်။ ဟိုဘက်ကလူတွေ ရင်ထဲမှာ ဘာရှိလဲ ပွင့်ပွင့်လင်းလင်းပြော၊ ကျွန်တော်တို့လည်း ပွင့်ပွင့်လင်းလင်းပြောမယ်၊ ကျွန်တော်တို့ မှာ ဘာရှိလဲ၊ ဒီဘက်မှာ ဘာရှိလဲ၊ တကယ်တမ်းပြောကြည့်တော့ ဘာမှကို မရှိဘူး။ တကယ်တော့ သံသယတွေကြောင့်ပဲ မတွေ့နိုင်၊ မဆုံနိုင်၊ မပြောနိုင်ပေါ့။ ဒါကို စစ်ကောင်စီဘက်က အခွင့်အရေးတစ်ရပ်အနေနဲ့ သွေးခွဲဖို့က ပိုကောင်းတယ်။ 

နောက်ပိုင်းတော့ စစ်ကောင်စီရဲ့ သွေးခွဲမှုကို ကျွန်တော်တို့ မလိုချင်တော့ဘူး၊ ကျွန်တော်တို့ကိုယ်တိုင်က ညီအစ်ကိုတွေဖြစ်တဲ့အတွက် ရပ်တည်ချက်တွေ တူကြတယ်၊ အားလုံးလည်း စစ်ကောင်စီကို တိုက်နေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက် တွေ့ကြမယ်၊ တွေ့ပြီး ဘာဖြစ်ချင်တာလဲ၊ ဘယ်လိုရှေ့ဆက်သွားကြမလဲ၊ ပြောကြတဲ့အခါ အားလုံးက တစ်ထပ်တည်းကျတယ်။ သူတို့မှာလည်း သူတို့ခံစားချက်တွေရှိတယ်။ ကျွန်တော်တို့နားထောင်ပေးတယ်။ ကျွန်တော်တို့ဘက်က ခံစားချက်တွေကိုလည်း သူတို့နားထောင်ပေးတယ်။ မြှောက်ပေးတာတွေလည်းရှိမှာပါ၊ သို့သော် ဒီဟာတွေက ဘေးကနေ သွေးခွဲမှုတွေသာဖြစ်တယ်။ 

ကျွန်တော်တို့ သက်ဆိုင်ရာလူကြီးတွေနဲ့တွေ့တဲ့အခါ အားလုံးရိုးရိုးရှင်းရှင်းပါ၊ အားလုံးသွားနေတဲ့ရည်မှန်းချက်တူတယ်၊ လမ်းတူတာဖြစ်တဲ့အတွက် အခုလိုစုပြီး စစ်ဆင်ရေးအရှိန်ကို ပိုမိုမြင့်မြင့်မားမားလုပ်လာနိုင်တာဖြစ်ပါတယ်။

မေး ။ ။ ဒေါနစစ်ကြောင်းအနေနဲ့ ဘာဆက်လုပ်သွားမလဲ။

ဖြေ ။ ။  မည်သည့်ဒေသမဆို စစ်ဆင်ရေးကို ဒီထက်ပိုပြီး လုပ်နိုင်အောင်ကြိုးစားမယ်။ တစ်ဖက်မှာလည်း လူသစ်တွေမွေးမြူပြီး စစ်သင်တန်းတွေ ထပ်ပေးမယ်။ အခုဆိုရင် စစ်သင်တန်းလည်းထပ်ပေးထားတယ်။ အဓိကတော့ အခြေခံစစ်သင်တန်းထက်ကို မြို့သိမ်းတိုက်ပွဲကို လုပ်နိုင်တဲ့ စွမ်းရည်မြင့်ရဲဘော်တွေထွက်လာအောင် စစ်သင်တန်းတွေ စဉ်ဆက်မပြတ်ပေးနေပါတယ်။ တစ်ဖက်မှာလည်း တိုက်ပွဲဝင်သွားမယ်၊ မြို့သိမ်းတိုက်ပွဲတိုက်နိုင်တဲ့ရဲဘော်တွေ ထွက်လာအောင် သင်တန်းပေးတာတွေ တစ်စိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားပါမယ်။

Related Articles

Back to top button