
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့်၊ မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနတွင် သတင်းထောက်ချုပ်အဖြစ် တာဝန်ယူခဲ့သည့် ကိုဝင်းနိုင်ဦး ယနေ့ (မေ ၆) နံနက်ပိုင်းတွင် မန္တလေးတိုင်း မြင်းခြံထောင်မှ လွတ်ရက်စေ့၍လွတ်မြောက်လာသည်ဟု မိသားစုနှင့် နီးစပ်သူများကပြောသည်။
၃၉ နှစ်အရွယ် ကိုဝင်းနိုင်ဦးသည် စစ်တပ်အာဏာသိမ်းပြီး ၆လ အကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့က မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထိုစဉ်က ကိုဝင်းနိုင်ဦး၏ နေအိမ်သို့ ဧည့်သည်အဖြစ်လာရောက်သော မိတ်ဆွေအမျိုးသားကို ဝင်ရောက်ဖမ်းဆီးရာမှ ကိုဝင်းနိုင်ဦးနှင့် ဇနီးဖြစ်သူကိုပါ စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။
ထို့နောက် တစ်ပတ်ကျော်အကြာတွင် ဇနီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း သတင်းထောက်ဟောင်း ကိုဝင်းနိုင်ဦးနှင့်မိတ်ဆွေတို့ကို နိုင်ငံအကြည်ညို ပျက်စေမှု ပုဒ်မ၅၀၅(က)ဖြင့်စစ်တပ်က အမှုဖွင့်ခဲ့သည်။
ကိုဝင်းနိုင်ဦးသည် ယင်းအမှုကို အိုးဘိုထောင်တွင် တရားရင်ဆိုင်နေစဉ် လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသားစာရင်းတွင်ပါဝင်ခဲ့သည်။ သို့သော်လည်း သူ့ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် ဇန်နဝါရီ(၁၇)တွင် ထပ်မံတရားစွဲဆိုပြီး ဧပြီလ(၅)ရက်နေ့တွင် ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့သည်။
ယခုအခါ ထောင်အတွင်း၌ ၄နှစ်ကျော်နေထိုင်ခဲ့ပြီး အကျဉ်းသားများ ရလေ့ရထရှိသည့် လျှော့ရက်များဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ကိုဝင်းနိုင်ဦးသည် ၂၀၁၉ မေလကလည်း ပြင်ဦးလွင်မြို့အနီး တပ်သိမ်းလယ်မြေများအကြောင်း Channel Mandalay တွင် ထုတ်လွှင့်သည့် ရုပ်သံသတင်းနှင့် ပတ်သက်၍ အမှတ်(၁၂၁)ထောက်ပို့တပ်၏ ဆက်သွယ်ရေးပုဒ်မ ၆၆ဃ ဖြင့်တရားစွဲဆိုမှုကို ခံခဲ့ရသေးသည်။
Channel Mandalayသတင်းဌာနမှာ မန္တလေးမြို့တွင် အခြေစိုက်ပြီး လယ်ယာမြေပြဿနာများ၊ တရားရေးပြဿနာများ အထူးပြုတင်ဆက်သော သတင်းဌာနဖြစ်ပြီး အာဏာသိမ်းပြီးနောက်သတင်းထုတ်လွှင့်မှု ရပ်နားထားသည်။
စစ်ကောင်စီသည် မန္တလေးသတင်းထောက်တစ်ဦးဖြစ်သူ အသက်၃၀ကျော်အရွယ် ကိုနိုင်ဝင်းထွန်း(ခ)မြတ်ကလေးကိုလည်း လွန်ခဲ့သည့်၂နှစ် ဒီဇင်ဘာလအတွင်းကနေအိမ်၌ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်(၇)နှစ်ချမှတ်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် Myanmar Now သတင်းဌာနအပါအဝင် သတင်းဌာနအများအပြား လုပ်ငန်းလိုင်စင်ရုတ်သိမ်းခံရပြီး သတင်းထောက်အများအပြားလည်း ဖမ်းဆီးခံခဲ့ကြရသည်။ ထိုအထဲတွင် Myanmar Now သတင်းထောက် ကိုစိုင်းဇော်သိုက်လည်း ပါဝင်ပြီး အင်းစိန်ထောင်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည်။ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းနောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုများကို ရခိုင်ပြည်နယ်၌ သွားရောက်သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ကိုစိုင်းဇော်သိုက်ကို သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံအကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြင့်ပါ စစ်တပ်က တရားစွဲဆိုခဲ့သည်။
နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF ၏ မေလ ၃ ရက် ထုတ်ပြန်ချက်အရ မြန်မာသတင်းသမား ၅၈ ဦး ထောင်သွင်းအကျဉ်းချခံရဆဲဖြစ်သည်။ RSF က ထုတ်ပြန်ထားသည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်း (World Press Freedom Index) တွင် မြန်မာနိုင်ငံသည် အဆင့်အလွန်နိမ့်ကျနေပြီး ၂၀၂၅ ခုနှစ်အတွက် အညွှန်းကိန်းမှာ ၁၆၉ ဖြစ်သည်။