သတင်း

ပဲခူးအနောက် မင်းလှတိုက်ပွဲကြောင့် ရွာပေါင်း ၃၀ ကျော်မှ ဒေသခံများတိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း ၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အကြား တိုက်ပွဲကြောင့် ရွာပေါင်း ၃၀ ကျော်မှ ဒေသခံများ ဘေးလွတ်ရာရှောင်နေရသည်။

ပဲခူးတိုင်းအနောက်ခြမ်း ၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အကြား တိုက်ပွဲကြောင့် ရွာပေါင်း ၃၀ ကျော်မှ ဒေသခံများ ဘေးလွတ်ရာရှောင်နေရကြောင်း PDF သတင်းရင်းမြစ် အချို့ထံမှသိရသည်။

မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် သာယာဝတီခရိုင် PDF တပ်ရင်းများသည် ဧပြီလ ၂၂ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း စစ်ရဟတ်ယာဉ်အပါအဝင် တိုက်လေယာဉ်ဖြင့် တုံ့ပြန်တိုက်ခိုက်မှုများရှိသည်။

လက်ရှိတွင် မင်းလှမြို့နှင့် ပဲခူးရိုးမတောင်ခြေကြားရှိ ရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ရှိသူက Myanmar Now ကိုပြောသည်။

တိုက်ပွဲကြောင့် စစ်ရှောင်နေရသည့် ကျေးရွာများမှာ ကျွဲမကိုင်း၊ ကျောင်းရွာ၊ စမ်းဘုတ်၊ စမ်းကြီး၊ သံတောက်ကွင်း(ခ)ကပ်ကျော်ရွာသစ်၊ ငလှစမ်း၊ ငမိုးရိပ်၊ ခွက်မ၊ ဇရစ်မျှောင်၊ ရွေးကုန်း၊ သရော်ကုန်၊ ဘန့်ဘွေးပင်၊ ဆားချောင်း၊ ထောက်ကြန့်၊ ဆင်အိုင်ချောင်းပေါက် ဆိုသည့်ရွာများဖြစ်သည်။

ထို့အပြင် ဦးတိုကညင်ပင်၊ ဦးတိုကျွဲလမ်းစု၊ ဦးတိုစာဖြူစု၊ ဦးတိုတာကလေး၊ ဦးတိုတောင်စု၊ ဦးတိုမြန်မာစု၊ ဦးတိုရွာသစ်ရွာ၊ ဂန့်ဂေါ်ပင်ရွာသစ်၊ ဂန့်ဂေါ်ပင်ရွာမ၊ ဗိုလ်တစ်ထောင်၊ တောင်ပြတ်ရွာသစ်၊ တောင်ပြတ်ရွာမ၊ အညာတန်းကြီး၊ သဖန်းပင်ဆိပ်၊ မုက္ခာ၊ ပက်တန်းလေး၊ ပက်တန်းကြီး၊ ညောင်သုံးပင်နှင့် တာကလေးကျေးရွာတို့ဖြစ်ကြောင်း ၃၈၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူ၏ အချက်အလက်အရသိရသည်။

စစ်ဘေးရှောင်အရေအတွက်မှာ ထောင်ချီရှိနိုင်ပြီး ငွေကြေးတတ်နိုင်သူများသည် စစ်ကောင်စီထိန်းချုပ်ရာ မြို့ပေါ်သို့ ရှောင်ကြကြောင်း ၊ ငွေကြေးအဆင်မပြေသူများသည် ဘေးလွတ်မည်ထင်သည့် တောတောင်များသို့ ရှောင်ကြကြောင်း သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

၎င်းက “ရွာတွေမှာက မနေရင်အိမ်ကို မီးရှို့မယ်လို့ စစ်တပ်က ခြိမ်းခြောက်သတင်းလွှင့်ထားတယ်။ နေပြန်တော့လည်း လက်နက်ကြီးနဲ့ ထုတာရှိတယ်။ ယောကျာ်းလေးဆိုရင် စစ်မှုထမ်းဖို့ခေါ်သွားမလားဆိုပြီး ဒေသခံတွေက စိုးရိမ်နေတာတွေရှိတယ်။ အခုစစ်တပ်ကဖမ်းထားတဲ့အမျိုးသားတွေ သတင်းအစအန ပျောက်နေတယ်” ဟုဆိုသည်။

မင်းလှမြို့နှင့် ပဲခူးရိုးမတောင်ခြေကြားရှိ ဘန့်ဘွေးရွာမှ အမျိုးသားတစ်ဦး ၊ သရော်ကုန်ရွာမှအမျိုးသား ၃ ဦး ၊ ဆားချောင်းရွာမှ အမျိုးသား ၃ ဦး ၊ ကျွဲမကိုင်းရွာမှ အမျိုးသားတစ်ဦး ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး လက်ရှိအချိန် ပြန်မလွှတ်သေးကြောင်း မင်းလှမြို့နယ်တွင်နေထိုင်သည့် ဒေသခံများနှင့် နီးစပ်သူအချို့ထံမှသိရသည်။

မင်းလှမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲလက်အောက်ခံ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း ၊ ၃၈၀၂ တပ်ရင်း နှင့် ၃၈၀၃ တပ်ရင်းဆိုသည့် တပ်ရင်းများဝင်ရောက်လှုပ်ရှားသည်။

သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ (၂) မှ ရဲဘော်များသည် ဧပြီလ ၂၂ ရက်တွင် ရန်ကုန်-ပြည်လမ်းပေါ်ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကလည်း မင်းလှမြို့ဘက်မှ ပဲခူးရိုးမဘက်သို့ စစ်ကြောင်းထိုးမှုများ တုံ့ပြန် လုပ်ဆောင်လာသည်။

စစ်ကောင်စီဘက်က အင်အား ၇၀ ပါစစ်ကြောင်းသည် ဧပြီလ ၂၆ ရက်မှ စတင်ကာ မင်းလှမြို့အရှေ့ဘက် ၆ မိုင်အကွာရှိ ဆားချောင်းရွာဘက်သို့ စစ်ကြောင်းထိုးဝင်လာသည်။

အဆိုပါစစ်ကြောင်းကို ထိုနေ့ နံနက် ၉ နာရီတွင် ဆားချောင်းရွာထိပ် ကြိုးတံတားအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၏ တပ်ခွဲ ၂ မှ ရဲဘော်များက စောင့်ကြိုပစ်ခတ်ကြသည်။

မင်းလှတိုက်ပွဲတွင် သိမ်းမိသည့် စစ်ကောင်စီတပ်ယူနီဖောင်း
Photo Credit – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦးသေပြီး ဒဏ်ရာရသူများရှိကြောင်း ၊ အထိနာသွားသည့် စစ်ကောင်စီတပ်သည် ဆားချောင်းရွာနှင့် ကပ်လျက်တည်ရှိသော သရော်ကုန်ရွာသို့ ဝင်သွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ဘက်က ဆိုသည်။

သရော်ကုန်ရွာသို့ ဝင်သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ရွာသားအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများရှိကြောင်း သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဧပြီလ ၂၇ ရက် နံနက် ၅ နာရီတွင် သရော်ကုန်ရွာအရှေ့တောင်ဘက် ၂မိုင်အကွာရှိ ငမိုးရိပ်ရွာသို့ ဆက်လက်ချီတက်လာသည်။

ငမိုးရိပ်ရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်စဉ် သာယာဝတီခရိုင် PDF တပ်ရင်း ၃ ရင်း၏ လက်အောက်ခံ တပ်ခွဲများက ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၂ နာရီခန့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) က သတင်းထုတ်ပြန်သည်။

တိုက်ပွဲတွင် သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) ၏ တပ်ခွဲ ၂ မှ တပ်ခွဲ ၅ အထိပါဝင်ပြီး ၊ ၃၈၀၁ တပ်ခွဲ (၆) နှင့် ၃၈၀၃ တပ်ရင်းတို့ ပါဝင်ကြောင်း သိရသည်။

တပ်ခွဲတစ်ခွဲလျှင် ရဲဘော် ၁၀ ယောက်နှင့် ဆေးတပ်သားတစ်ဦး ထုတ်နှုတ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ရင်းများနှင့် နီးစပ်သူအချို့က ဆိုသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ရှိသူက “ကျွန်တော်တို့က ပြေးပေါက်တွေကိုပိတ်ဖို့ ကြိုးစားတဲ့အချိန်မှာ သူတို့ဘက်က လက်နက်ချမယ်ဆိုတဲ့ အသံမျိုးထွက်လာတယ်။ ခွေးတွေထဲကပေါ့။ အဲဒီလိုဖြစ်နေတဲ့အချိန် လေကြောင်းခေါ်လာတာဗျ။ သူတို့တပ်ပျက်တော့မယ့် အခြေအနေ ဖြစ်နေတဲ့အချိန်မှာ လေကြောင်းအကူခေါ်လိုက်တာ။ ကျွန်တော်တို့ဘက်ကလည်း ပြန်ဆုတ်ပေးလိုက်ရတယ်” ဟု Myanmar Now ကိုပြောသည်။

စစ်ကောင်စီ၏ လေယာဉ်အန္တရာယ် ကင်းသွားသည့်နောက် သာယာဝတီခရိုင်တပ်ရင်းများမှ ရဲဘော်များသည် တိုက်ပွဲဖြစ်ရာနေရာသို့ နယ်မြေရှင်းလင်းရေး ပြန်လုပ်ကြသည်။

ထိုအခါတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၀ လောင်း၊ လက်နက်ငယ် ၁၁ လက် နှင့် ၆၀ မမ စိန်ပြောင်း ၁ လက်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ဘက်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းအချို့ထံမှ ခြေမြန်တပ်မ ၉၉ ဘက်တံဆိပ်နှင့် အမြောက်တပ်ဘက်တံဆိပ်အချို့လည်းတွေ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) က ပေးပို့လာသည့် ဓာတ်ပုံများအရသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် တပ်မ (၆၆) ဘက်တံဆိပ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း လက်နက်နှင့်အတူ အရှင်ဖမ်းမိထားကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ဘက်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် မင်းလှမြို့နယ် သရော်ကုန်ရွာတွင် အထိုင်ချထားပြီး အင်အား ၁၂၀ ခန့်ရှိနိုင်ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်းများက ခန့်မှန်းသည်။

စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ထပ်ဖြစ်လာနိုင်သဖြင့် ပြည်သူလူထုအနေနှင့် စစ်ကောင်စီတပ်အနီးတွင် နေထိုင်သွားလာမှုမလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ဘက်က အသိပေးကြေညာထားသည်။

မင်းလှတိုက်ပွဲအခြေအနေမြေပုံ

Related Articles

Back to top button