သတင်း

ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေ

တိုက်ပွဲ ၄ လ ကြာမြင့်လာသည့် ဗန်းမော်စစ်မြေပြင်တွင် KIA က ဆက်လက် ထိုးစစ်ဆင်နေစဉ် စစ်ကောင်စီတပ်က ဖားကန့်မြို့တွင် စစ်ကြောင်းထိုးနေသည်။

ကချင်ပြည်နယ် တောင်ပိုင်း တရုတ်-မြန်မာနယ်စပ်အနီး ဗန်းမော်မြို့ရှိ စစ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်များက ယနေ့ နံနက် အပြင်းအထန်တိုက်ခိုက်နေသလို  ဖားကန့်မြို့နယ်တွင်လည်း အာဏာသိမ်းတပ် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

ဗန်းမော်မြို့ ၄ လကြာ တိုက်ပွဲများအတွင်း KIA က  စစ်ကောင်စီတပ်ရင်းအချို့၊ လေယာဉ်ကွင်း၊ မြို့ပေါ်ရပ်ကွက်အချို့ကို ထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲများ အရှိန်လျော့ကျနေသည်မှာ သီတင်းနှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

ယနေ့နံနက် မိုးမလင်းမီကပင်  ခလရ(၄၇)တပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) အပါအဝင် စစ်စခန်းများကို   အပြင်းအထန် တိုက်ခိုက်နေသည်ဟု KIA စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“ဗန်းမော်ဘက်လည်း တိုက်ပွဲတောက်လျှောက်ဖြစ်နေပြီ၊ ဒီမနက်လည်း ၄ နာရီလောက်က စပြီး မြို့သိမ်းတိုက်ပွဲ တကျော့ပြန်ပေါ့၊ ထိုးစစ်ပြန်စပြီ၊ ဗန်းမော်က ဒီမနက်တင် လေကြောင်းက ၁၀ ခေါက်လောက်ရှိပြီ” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ နံနက်တွင် စစ်ကောင်စီတပ်၏   ဂျက်ဖိုက်တာ၊ Y 12 ‌လေယာဉ်များက  ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေခဲ့ပြီး မြေပြင်ရှိ စစ်ကောင်စီတပ်ကလည်း အပြင်းအထန် ခုခံနေသည်ဟု သိရသည်။

“အခုပြန်ထိုးနေပြီ။ ကြားထဲမှာ ခဏအရှိန်လျှော့ပြီး အခု ပြန်ထိုးတာ၊ သူတို့ဘက်က အထိတော်တော်နာတာဆိုတော့ ဒီမနက်ကိုတင် လေကြောင်းက တော်တော်လာတယ်။ တိုက်ပွဲကလည်း ဆက်ပြင်းနေတုန်းပဲ” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA နှင့် ပူးပေါင်းတပ်များက  စစ်ကောင်စီ လက်လွှတ်လိုက်ရသည်မှာ ခြေလျှင်တပ်ရင်း ခလရ(၂၃၆)၊ အမြောက်တပ်(၃၆၆)၊ သံကျပ်ကာတပ်(၅၀၁၄)နှင့် တင့်ကားတပ်(၇၀၀၆) တို့နှင့် ကာကင်းစခန်းများ သိမ်းပိုက်ထားသည်။

မြို့အရှေ့ဘက် ၉ မိုင်ခန့် အကွာရှိ မိုးမောက်မြို့၊ တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ မံစီမြို့နှင့် အနောက်ဘက် မိုင် ၃၀ ကျော် အကွာရှိ စင်းခန်းတံတားနှင့် စင်းခန်းရွာတို့ကို သိမ်းပိုက်ထားသလို ဗန်းမော်မြို့အနောက်ဘက်နှင့် မြောက်ဘက်တွင်ရှိသည့် ဧရာဝတီမြစ်အနောက်ဘက် ကမ်းဒေသကိုလည်း  ထိန်းချုပ်ထားသည်။

KIA တပ်က ဝိုင်းပတ်ပိတ်ဆို့ထားသည့် ဖားကန့်မြို့နယ်တွင်လည်း စစ်ရေးပြင်းထန်နေသည်။

စစ်ကောင်စီက ဖားကန့်မြို့နယ်ရှိ အဓိကလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ စစ်ကြောင်းများ ပြန်ထိုးနေသည်ဟု သိရသည်။

ဖားကန့်မြို့အရှေ့ဘက် ၃၆ မိုင်ခန့်အကွာရှိ ကာမိုင်းမြို့မှ အင်အား ၅၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းမှာ ဖားကန့်မြို့ကို ဦးတည်နေသည့်အတွက် အဆိုပါလမ်းပိုင်းရှိ ရေကာတာရွာအနီးတွင် တိုက်ပွဲများပြင်းထန်နေသည်ဟု KIA နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုစစ်ကြောင်းတွင် စစ်ကောင်စီ၏ မဟာမိတ် ရှမ်းနီအမျိုးသားများတပ် (SNA) လည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။

“မနေ့က ကားမိုင်းဘက်ကနေ ဖားကန့်လမ်းအတိုင်း တက်လာတာ၊ ရေကာတာရွာအနားမှာ တစ်နေကုန်တိုက်ပွဲဖြစ်တယ်။ ထိခိုက်တာတွေလည်းရှိတယ်။ စစ်ကြောင်းက စစ်ကောင်စီပါမယ်၊  SNA တွေလည်း ပါမယ်၊ ပြည်သူ့စစ်ပါမယ်။ အဓိကကတော့ ဖားကန့်ကို ပြန်ထိန်းချုပ်ဖို့ လုပ်တာပေါ့” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ယနေ့ အထိ အဆိုပါ ရေကာတာရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အနီးရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ရှောင်နေကြရသည်ဟု သိရသည်။

ထို့အပြင် ဖားကန့်အနောက်ဖက် ဝှေခါရွာဘက်သို့ ဝင်ရောက်နိုင်သည့်လမ်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကိုလည်း အင်းတော်ကြီးဒေသအတွင်း KIA ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်နေသည်။

အဆိုပါ စစ်ကြောင်းနှင့်လည်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က အင်းတော်ကြီးတိုက်ပွဲကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

အင်းတော်ကြီး-ဖားကန့် လမ်းပိုင်းရှိ ချောင်းဝ ညောင်ပင် စသည့် ကျေးရွာများကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး အဆိုပါ လမ်းကြောင်းကို ပြန်လည် သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ် အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

“မနေ့က အင်းတော်ကြီးမှာ လေကြောင်းက တောက်လျှောက်လာတယ် ၆ ကြိမ်လောက်ရှိတယ်၊ တိုက်ပွဲဖြစ်တဲ့နေရာကိုရော ရွာတွေကိုရော အကုန်ဗုံးကြဲတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

ဖားကန့်မြို့ကို ထိန်းချုပ်နိုင်ရေး တနိုင်းမြို့ဘက်မှလည်း စစ်ကောင်စီတပ်က စစ်ကြောင်းတစ်ခု ထပ်မံထိုးနေပြီး အဆိုပါ စစ်ကြောင်းအခြေအနေကို အသေးစိတ်မသိရသေးပေ။

ဖားကန့်မြို့သို့ ဝင်ရောက်နိုင်သည့် အဓိက လမ်းမကြီးများဖြစ်သည့် ဖားကန့်-ကာမိုင်းလမ်း၊ ဖားကန့်-အင်းတော်ကြီးလမ်း နှင့် ဖားကန့်-ဆယ်ဇင်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ဖားကန့်မြို့ပေါ်တွင် စစ်ကောင်စီစခန်း အချို့သာ ကျန်တော့သည်။

“ဖားကန့်လမ်းပိုင်းက အကုန်လုံး KIA, KPDF က ထိန်းထားတာဆိုတော့ သူတို့အတွက် ရိက္ခာပို့လည်းခက်၊ အကုန်ခက်ပေါ့၊ ဖားကန့်လမ်းပိုင်းကို သူတို့ ပြန်ထိန်းချုပ်ချင်တာပေါ့” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

ယနေ့နံနက်တွင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့အခြေစိုက် ခြေလျှင်တပ်ရင်း(၅၈)တို့က ဝိုင်းမော်မြို့အရှေ့ဘက်ရှိ KIA တပ်များရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော်လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ပိုမိုအရှိန်မြင့်ကာ ဆက်လက်ဆင်နွှဲနေသလို ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသည်။

ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

Related Articles

Back to top button