
အင်အားပြင်း ငလျင်ကြောင့်ထိခိုက်သွားခဲ့သည့် ဝန်ကြီးဌာနအဆောက်အအုံ အပျက်အစီးများကို ရှင်းလင်းရန် ဝန်ထမ်းများကို နေ့စား ကျပ် ၅၅၀၀ ပေး၍ ခိုင်းစေနေကြောင်း ဝန်ကြီးဌာန သုံးခု ဝန်ထမ်းများထံက စုံစမ်းသိရှိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမှုထမ်း အမျိုးသမီးတစ်ဦးက ရုံးတွင်း အပျက်အစီးများကို ရှင်းနေရကြောင်း ပြောသည်။
“ရုံးတက်တဲ့ အမှုထမ်းတွေက ငလျင်ကြောင့် ပြိုသွားတဲ့ ရုံးခန်းက စာရွက်စာတမ်းတွေ၊ လူကြီးအခန်းတွေကို အဓိက ရှင်းပေးရတာ” ဟု သူက ပြောသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံဖြိုးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တို့ပါဝင်ကြောင်း ယင်းဌာနများမှ ဝန်ထမ်းသုံးဦးထက်မနည်းက အတည်ပြုသည်။
ဝန်ထမ်းအိမ်ယာများ ပြိုကျပျက်စီးပြီး နေထိုင်ရန် မသင့်လျော်တော့သည့်အတွက် ဝန်ထမ်းများကို ဌာနအဆောက်အအုံများတွင် အခန်းဖွဲ့ပြီး နေခွင့်ပြုခြင်း၊ ကားရပ်နားသည့် နေရာများတွင် ယာယီတဲများထိုးပြီး နေထိုင်စေခြင်း တို့ကြောင့် သန့်ရှင်းရေး အလုပ်များ ခိုင်းစေသည့်အခါ ငြင်းဆိုရန် ခက်ခဲကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသက် ၄၀နီးပါးအရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ဌာနက ပေးတဲ့နေရာတွေမှာ သွားမနေဘူးဆိုရင် ထောက်ပံ့တဲ့ပစ္စည်းလည်းမရဘူး၊ ရထားတဲ့နေရာလေးပါ ဘုံပျောက်မှာဆိုတော့ သွားနေရတော့ ခိုင်းလည်း ငြင်းမရဘူးပေါ့ဗျ၊ ကိုယ့်ဌာန ကိုယ့်ရုံးဆိုတော့လည်း လုပ်ကြရတာပေါ့၊ ပိုက်ဆံကတော့ ဌာနက လူကြီးတွေက ပေးတဲ့သဘောပါ” ဟု ၎င်းက ဆက်ပြောသည်။
ငလျင်ကြောင့် လွှတ်တော် အဆောက်အဦအပါအဝင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားကို မောင်းနှင်ပေးမည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန အလုပ်သမားဝန်ကြီးဌာနတို့၏ အဆောက်အဦများစွာ ပျက်စီးသွားသည်။
ထို့ပြင် ဆိုက်ဘာဌာန၊ စစ်ရုံးချုပ်၊ ပြည်ထဲရေး၊မြန်မာ့မီးရထား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်အဆောက်အဦများမှာလည်း ထိခိုက်ပျက်စီးမှုများရှိကြောင်း စစ်တပ်က ထုတ်ပြန်သည့် သတင်းများတွင် ဖော်ပြထားသည်။
ဝန်ကြီးဌာနအဆောက်အအုံများပျက်စီးမှုနှင့် ဝန်ထမ်းမိသားစုသေဆုံးစာရင်းများကို စစ်ကောင်စီက သီးခြားဖော်ပြခြင်းမရှိဘဲ စစ်ကောင်စီ ဝါဒဖြန့် သတင်းများတွင်သာ ပါရှိလာသည်ကို တွေ့ရှိရသည်။
ငလျင်အပြီးတွင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့ အများအပြား မြို့တချို့တွင် ရောက်ရှိ လုပ်ကိုင်နေသည်။ မည်သည့်အဖွဲ့က မည်သည့်နေရာတွင် လုပ်ကိုင်နေကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အဆောက်အအုံပျက်စီးမှုမှာ စစ်ကောင်စီ၏ လျှို့ဝှက်ချက် ဖြစ်လာသည်ဟု ဝန်ကြီးဌာနတစ်ခုမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
“ခုဝန်ကြီးဌာနသန့်ရှင်းရေးကို ဝန်ထမ်းတွေ လုပ်ခိုင်းတယ်ဆိုတာကလည်း ပျက်စီးတာတွေ ဌာနအချက်လက်တွေကို ပြင်ပမသိစေချင်လို့ရယ်၊ ဝန်ထမ်းတွေလည်း အပိုငွေရပါစေဆိုပြီး လုပ်ခိုင်းတဲ့ပုံစံပါ” ဟု သူက ပြောသည်။
ငလျင်ဒဏ်ကြုံတွေ့ခဲ့သည့် ဝန်ထမ်းများသည် ဝန်ထမ်များသည် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဌာနက စီစဉ်ပေးသည့် ဂိုဒေါင်များတွင် ထားရှိပြီး နေရပ်ဇာတိသို့ ပြန်ခြင်း၊ ငွေကြေးတတ်နိုင်သူများက အိမ်ငှားနေထိုင်ခြင်း၊ ငွေကြေး မတတ်နိုင်သူများက ဝန်ကြီးဌာန စီစဉ်ပေးသည့် ယာယီတဲများ၊ ယာယီအဆောက်အအုံများတွင် နေထိုင်ခြင်းတို့ဖြင့် အခက်အခဲ ဖြေရှင်းနေကြရသည်။
ဧပြီလကုန်ပိုင်းတွင် ဝန်ကြီးဌာနရုံးလုပ်ငန်းများအားလုံး အမြန်ဆုံး ပြန်လည်ပတ်နိုင်ရေး စစ်ကောင်စီက စီစဉ်နေပြီး အင်အားပြင်းသည့်ငလျင်လှုပ်ပြီး ရက်ပိုင်းအကြာတွင်လည်း အစိုးရယန္တရားမရပ်တန့်သွားစေရန် ဝန်ထမ်းများကို စစ်ကောင်စီက ကားပါကင်နေရာများတွင် ယာယီရုံးများဖွင့်ပြီး အလှည့်ကျရုံးပြန်တက်ခိုင်းနေသည်။
ငလျင်ဒဏ်ကြောင့် နေအိမ်ပြိုပျက်ပြီး နေစရာခက်ခဲ၍ ဇာတိမြေသို့ ပြန်သည့် ဝန်ထမ်းများကိုလည်း ရုံးပြန်တက်ရန်နှင့် ဌာနကို သတင်းပို့ရန် အတင်းဖိအားပေးပြန်လည်ခေါ်ယူနေသည့် ဖြစ်စဉ်များလည်းရှိနေကြောင်း ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက ဆိုသည်။
ဧပြီ ၂၀ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၃၅ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၈ဦးနှင့် ပျောက်ဆုံးသူ ၁၂၀ဦးလည်းရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။