သတင်း

ထိုင်း-မြန်မာနယ်စပ် တစ်ကြောတွင် စစ်ကောင်စီတပ်ကို KNU တိုက်စစ်ပြန်ဖွင့်လာ

နယ်စပ်ရှိ အရေးကြီးစခန်းတချို့ကို တော်လှန်ရေးအင်အားစုက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ဖမ်းဆီးရမိသည့် ဗျူဟာမှူးမှာ စစ်ကြောရေးကာလတွင် ပစ်သတ်ခံလိုက်ရသည်။

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလပြီးသည့်နောက် ထိုင်း-မြန်မာ နယ်စပ် စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က အရှိန်မြှင့်တိုက်ခိုက်လာသည်။

KNU ၏ တပ်မဟာ ၇ နယ်မြေ လှိုင်းဘွဲ့မြို့နယ်၊  တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့နယ်၊ တပ်မဟာ ၄ လှုပ်ရှား တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင်တို့တွင် တိုက်ပွဲများ ဖော်ဆောင်လာရာ လှိုင်းဘွဲ့မြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် စစ်စခန်းအကြီးစား ၂ ခုကို  တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည်။

လှိုင်းဘွဲ့မြို့နယ် အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်နှင့် ၃ မိုင်ကျော်သာ ဝေးသည့် မော်ဖားသူ စစ်ကောင်စီစခန်းနှင့် တနင်္သာရီတိုင်း ထားဝယ်-ထီးခီးလမ်းအနီးရှိ ထီးထာ ဗျူဟာစခန်း ကို ဧပြီလ ၁၉ ရက်နေ့တွင် KNU နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU သတင်းရင်းမြစ်အချို့ထံက သိရသည်။

မော်ဖားသူ စခန်းသည် စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်ဖြစ်ပြီး ၁ ရက်ကျော်ကြာ တိုက်ပြီးနောက် သိမ်းနိုင်ခြင်းဖြစ်ကြောင်း တိုက်ပွဲအခြေအနေသိသည့် KNU အဆင့်မြင့်အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲကြောင့်  ဒေသခံအချို့ ထိုင်းနိုင်ငံ၊ မဲရမတ်မြို့နယ်ထဲအထိ ထွက်ပြေးတိမ်းရှောင်နေရပြီး  ရွာဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ခိုလှုံနေရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် The Reporter သတင်းဌာန သတင်းတစ်ပုဒ်တွင် ပါရှိသည်။

စစ်ကြောရေးကာလတွင် ဗျူဟာမှူး ပစ်ခတ်ခံရခြင်း

 ထားဝယ်မြို့နယ်ရှိ ဗျူဟာမှူးအဆင့် ကွပ်ကဲသည့်  ထီးထဗျူဟာကုန်းကို   ပူးပေါင်းတပ်များက ၈ ရက်ကြာတိုက်ခိုက်ပြီးနောက် ဧပြီလ ၁၉ ရက်တွင် သိမ်းနိုင်ခဲ့ကြောင်း KNU တပ်မဟာ ၄ ထံက သိရသည်။

 ထီးထရွာအရှေ့ဘက်တောင်ကြောပေါ်တွင် တည်ရှိသည့် ထီးထဗျူဟာတွင် အဓိက စခန်းကြီး ၂ ခု ရှိသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးကြောင်း၊ စစ်ကောင်စီဗျူဟာမှူးနှင့် တပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းမိသော်လည်း စစ်ဆေးမေးမြန်းနေစဉ် ဗျူဟာမှူးက မချေမငံ ပြန်ပြောပြီး မတ်တပ်ထရပ်သဖြင့် လုံခြုံရေးယူထားသည့် ရဲဘော်များက ပစ်ခတ်ခဲ့ရကြောင်း  KNU တပ်မဟာ ၄ ဘက်က ဆိုသည်။

တော်လှန်ရေးတပ်သားများ ထိခိုက်သေဆုံးမှုကို KNU တပ်မဟာ ၄ ဘက်က မပြောပေ။

KNU တပ်မဟာ ၅ နယ်မြေ၌ စတင်စုဖွဲ့ခဲ့သည့် Force For Federal Democracy (FFD) တပ်ဖွဲ့  ဒုတာဝန်ခံဒေါက်တာအောင်အောင်က ထိုတိုက်ပွဲတွင် ၎င်းတို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။

“အခုတပ်မဟာ ၄ ရဲ့ ထီးထတိုက်ပွဲဆိုရင် တပ်မဟာ ၄ မှာ ကျွန်တော်တို့ သင်ကြားခဲ့တဲ့ ဒရုန်းသင်တန်းသားတွေက သင်တန်းပြီးပြီးချင်းမှာပဲ တစ်ခါတည်း ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ဒေါက်တာအောင်အောင်က ဆိုသည်။

အရေးကြီးသည့်စခန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မဟာ ၄ နယ်မြေ KNU  မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“ထိုင်း-နယ်စပ် ထီးခီးအတွက် အရေးကြီးတဲ့ ဗျူဟာစခန်းဖြစ်တယ်။ ထီးခီး-ထားဝယ်လမ်း နယ်မြေစိုးမိုးဖို့အတွက် ဗျူဟာတစ်ခုဖြစ်တယ်။ ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း လုံခြုံရေးအတွက်လည်း စကစက ကတိပေးထားတာရှိတာပေါ့။ ကျွန်တော်တို့ တပ်စခန်းကို သိမ်းလိုက်တဲ့အခါ သူ့အတွက် လုံခြုံရေးဆိုးလာတာပေါ့” ဟု ပဒိုစောအယ်နားက ပြောသည်။

ထိုသို့ သိမ်းလိုက်ပြီးနောက် ဧပြီလ ၂၀ နေ့လယ်ပိုင်းတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့နယ်အတွင်း ဝင်ရောက်သွားသည်၊ ထို့နောက် မြန်မာနိုင်ငံ ပိုင်နက်အတွင်း ပြန်ဝင်ကာ ထီးထစခန်းအနီးဝင်းကျင်ကို ဗုံးကြဲခဲ့ကြောင်း ဘန်ကောက်အခြေစိုက် Khaosod English သတင်းဌာနက ရေးသားသည်။

ကော့ကရိတ်မြို့နယ်တိုက်ပွဲအခြေအနေ မည်သို့ ရှိသည်ကို မသိရသေးပေ။

 ဧပြီလ ၁၅ ရက်နေ့မှ စတင်ကာ KNU  နှင့် ပူးပေါင်းတပ်များက ကျုံဒိုးနှင့် ကော့ကရိတ်မြို့ကြားရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၂) လက်အောက်ခံ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ၎င်း၏ အားသာချက်ဖြစ်သည့် လေတပ်ကို သုံးပြီး ဘုန်းကြီးကျောင်း၊ လူနေအိမ်များကို ဗုံးကြဲသဖြင့်       ၁၅ ဦးထက်မနည်း သေဆုံးရာ ထိုအထဲတွင် ဘုန်းကြီး၊ ကလေး၊ ကိုယ်ဝန်ဆောင်တို့ ပါဝင်သည်။

တိုက်ပွဲကာလ ၁ ပတ်အကြာ ဧပြီလ ၂၂ ရက်တွင်မူ  တိုက်ပွဲပြန်ငြိမ်နေကြောင်း KNU အဆင့်မြင့်အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

ကျိုက်ထီးရိုးအနီး အဖမ်းအဆီး 

လှိုင်းဘွဲ့မြို့နယ်ရှိ မော်ဖားသူစခန်းကို သိမ်းပိုက်လိုက်ပြီးနောက် တပ်မဟာ ၇ နယ်မြေအတွင်းရှိ သောင်ရင်းမြစ်တစ်ကြောတွင် စစ်ကောင်စီတပ်၏ အဓိက စစ်စခန်းများ ကုန်စင်သွားပြီဖြစ်ကြောင်း KNU အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။

တပ်မဟာ ၇ နယ်မြေ၏ မြောက်ဘက်ရှိ တပ်မဟာ ၅ အခြေစိုက် ရာ သံလွင်မြစ်တစ်ကြော၊ ထိုင်း-မြန်မာနယ်စပ်တွင်လည်း စစ်ကောင်စီ၏ စစ်စခန်းအားလုံး KNU လက်သို့ အကုန် ရောက်ထားပြီးဖြစ်သည်။

ထို့ကြောင့် တပ်မဟာ ၅နှင့် တပ်မဟာ ၇ သည် ထိုင်း-မြန်မာနယ်စပ်ကို အပြည့်အဝ ထိန်းချုပ်သွားနိုင်သည့် အနေအထားဖြစ်လာကြောင်း စစ်ရေးလေ့လာသူ အချို့က ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တစ်ကြောကို KNU ဘက်က ချုပ်ကိုင်နိုင်စွမ်း ပိုရလာသည်နှင့်အမျှ ထိုင်းနိုင်ငံဘက်မှ တစ်ဆင့် လူသားချင်းစာနာမှုအကူအညီများအပါအဝင် ကုန်စည်နှင့် ဆေးဝါးများ KNU နယ်မြေအတွင်း ပိုမိုဝင်ရောက်လာနိုင်ရန် အခွင့်အလမ်းပိုသာလာကြောင်း စစ်ရေးလေ့လာသည့် သတင်းရင်းမြစ်အချို့က သုံးသပ်သည်။

လူထုအာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ထားသည့် ဗိုလ်ကြီးဇင်ယော်ကမူ စစ်ကောင်စီက အခြားဒေသများကို အာရုံစိုက်နေရစဉ် KNU က တိုက်ပွဲဖော်ခြင်း ဖြစ်ကြောင်း သုံးသပ်သည်။

“အခု ငလျင်ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြင်ဆင်စရာတွေ ဗျာများနေတယ်။ စစ်ကိုင်းနဲ့ ရှမ်းမြောက်၊ TNLA ထိန်းချုပ်ထားတဲ့ တောင်းခမ်းလိုနေရာတွေ၊ ရခိုင်နဲ့ ထိစပ်တဲ့နေရာတွေကိုလည်း မဲနေရတယ်၊ ကရင်ဘက်က နဲနဲလွတ်နေ သလိုဖြစ်တာပေါ့။ လွတ်နေသလိုဖြစ်တဲ့အချိန်မှာ စစ်ရေးသဘောအရ အလစ်အငိုက်ယူတာပေါ့။ အသာစီးရတဲ့အချိန် တိုက်တယ်လို့ ပြောရမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ 

သို့သော် မြန်မာပြည်တောင်ပိုင်း တိုက်ပွဲများသည် နောက်ဆုံးတွင် စခန်းအပြီးသတ်မရဘဲ ကြန့်ကြာတတ်ကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“ထိုးစစ်ဘယ်လောက်ကြာကြာလုပ်နိုင်သလဲဆိုတာ စောင့်ကြည့်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ပိုင်းက ပထမပိုင်း စစ်ဆင်မှု အားကောင်းတယ်။ အထမြန်တယ်။ နောက်ပိုင်းမှာ ကျလုဆဲဆဲဖြစ်နေတဲ့ အနန်းကွင်းနဲ့ ကတိုင်တိစခန်းတွေတောင် ပြန်ပြီးဆုတ်ရတဲ့အနေအထားဆိုတော့ စောင့်ကြည့်ရမယ့်အနေအထားလို့ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အမည်မဖော်လိုသည့် KNU အဆင့်မြင့်အရာရှိတစ်ဦးကမူ KNU အနေနှင့် ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းများ မရှိစေရဆိုသည့် မူကို ချမှတ်ထားပြီး အဆိုပါမူကို အကောင်အထည် ဖော်သည့် အနေနှင့် တိုက်ပွဲများ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

တပ်မဟာ ၁ ဒေသ  ကျိုက်ထိုမြို့နယ်တွင်မူ တိုက်ပွဲ မရှိသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အမှတ် (၂) စစ်ဒေသခွဲလက်အောက်ခံ PDF ဗျူဟာ (၂၇) က ကျိုက်ထီးရိုးစေတီသို့ လာသည့် ညောင်လေးပင်မြို့နယ်ဘက်မှ လူ ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဖမ်းခံရသူများထဲတွင် အမျိုးသမီးနှင့် ကလေးများလည်း ပါဝင်သည်။

ယင်းတို့အထဲမှ ပျူစောထီးခေါင်းဆောင်ဖြစ်သူ ဦးလှိုင်မင်းနှင့် အမျိုးသမီးဖြစ်သူ ဒေါ်ယမင်းအပါအဝင် ၅ ဦးကို   ဆက်ဖမ်းထားသည်၊  ကျန်လူများကို ဧပြီလ ၁၈ ရက်နေ့တွင်  ပြန်လွှတ်ပေးခဲ့သည်ဟု ဗျူဟာ ၂၇ ဗျူဟာမှူး ရဲဘော်အေးမင်းထွန်းက နောက်တစ်နေ့တွင် ပြောသည်။

ဖမ်းထားသူများကို စစ်ဆေးနေသည်၊  အပြစ်ရှိသူများကို အရေးယူမည်ဟုလည်း ၎င်းက ရုပ်သံဖိုင်တွင် ပြောသည်။

Related Articles

Back to top button