
မတ်လ ၂၈ ရက်နေ့ အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရသော မန္တလေးမြို့တွင်း အပျက်အစီးများအတွက် ရက်သတ္တပတ် ၃ ပတ်ကျော်ကြာသည်အထိ ရှင်းလင်းရေး မနိုင်မနင်းလုပ်နေရဆဲဖြစ်သည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။
နေရာအနှံ့တွင် အပျက်အစီးများရှိနေသည်ဟု သက်လတ်ပိုင်းအရွယ် မြို့ခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“လုပ်နေပေမယ့်လည်း ဘယ်လိုမှကို မနိုင်ဘူးဖြစ်နေတာ၊ ဘယ်လောက်အားစိုက်ထည့်ထည့်၊ ပျက်စီးတာတွေက တစ်မြို့လုံးဖြစ်နေတော့ မနိုင်ကြဘူး။ တစ်မြို့လုံး စုတ်ပြတ်သတ်။ ဇာတ်ကားထဲက မြို့ပျက်ကြီးလို ဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။
ပြိုကျနေသည့် အဆောက်အဦများတွင် ပိတ်မိသေဆုံးနေသူ အများအပြားရှိနေသေးပြီး နောက်ဆက်တွဲ ရောဂါများကြောင့် အမြန်ဆုံးဖော်ယူနိုင်ရေးလိုနေသည်ဟုလည်း သူက ပြောသည်။
“ပျက်စီးပြိုကျတဲ့အဆောက်အဦတိုင်းမှာ လူမသေတာဆိုလို့ ခပ်ရှားရှားပဲ၊ ခုထိ ဖယ်မထုတ်နိုင်သေးတာမှ အများကြီးပဲ ကျန်သေးတယ်။ အိမ်အသစ်တွေလည်း အများကြီး မြေထဲကျွံကျပျက်စီးကုန်တာ”ဟု ၎င်းက ဆိုသည်။
ပြိုကျခါနီး အဆောက်အဦများကိုပါ ရှင်းလင်းပေးရန် လိုအပ်ချက်ကြီးမားနေသည်ဟုလည်း သိရသည်။
လတ်တလောတွင် အဆောက်အဦဖြိုချ ရှင်းလင်းလိုသည့် ဒေသခံများအတွက် ကြိုတင်စာရင်းပေးသည့် စနစ်ဖြင့် မနားတမ်းလုပ်ကိုင်ပေးနေသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဆိုသည်။
သို့သော်လည်း အဆောက်အဦတစ်လုံးလျှင် သိန်းရာဂဏန်းထိ ငွေတောင်းခံပြီး ငွေပေးနိုင်သူများကိုသာ လုပ်ကိုင်ပေးနေသည်ဟု ဒေသခံတချို့က ပြောသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး အထက်ပါ မန္တလေးမြို့ အမျိုးသမီးက စည်ပင်သာယာအနေဖြင့် အဆောက်အဦများကို ဦးစားပေး အဆင့်များခွဲကာ အခမဲ့ဆောင်ရွက်နေသည်ဟု ပြောသည်။ သို့သော် တစ်မြို့လုံးထိခိုက်ပျက်စီးသည့်အတွက် မနိုင်မနင်းဖြစ်ကာ နှေးကွေးနေခြင်းဖြစ်သည်ဟု သူက ယူဆသည်။
“တော်တော်အခြေအနေဆိုးနေတဲ့ အဆောက်အဦတွေကို သူတို့ရှင်းလင်းပေးနေတယ်။ အဲဒါတွေတောင်မှ ရှင်းလို့မပြီးသေးဘူး။ မနိုင်ဘူးဖြစ်နေတာ။ ကျန်တဲ့ရပ်ကွက်တွေထဲက အဆောက်အဦတွေက အောက်ခြေဝန်ထမ်းတွေနဲ့ပေါင်းပြီး လုပ်တာတွေ၊ ရှင်းတာတွေ၊ ကြားပေါက်ငွေဖန်တာတွေရှိရင်လည်း ရှိမှာပေါ့။ အသေအချာတော့မပြောတတ်ဘူး”ဟု သူကဆိုသည်။
မန္တလေးမြို့တွင် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တချို့၊ စက်ယန္တရား တပ်ဆင်မထားသော လူမှုရေးအသင်းအများအပြား ရှိနေသည်ကို တွေ့ရသည်။
မဟာမုနိ ဘုရားကြီး၊ မစိုးရိမ်တိုက်သစ်၊ ကျုံးပတ်လည်၊ ဦးလှသိန်းဗိမ္မာန် စသည့်နေရာတို့တွင် အဆောက်အဦရှင်းလင်းရေးများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကိုင် စောင့်ကြည့်နေကြသည်ကို တွေ့မြင်ရသည်ဟု မြို့ခံတို့က ဆိုကြသည်။

ငလျင်ဒဏ်အပြင် လေမိုးဒဏ်ပါထပ်ခံနေရသည့် မြို့ခံများ
အိုးအိမ်မဲ့သွားသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူများလည်းရှိသည်။ ယခုရက်ပိုင်းအတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ငလျင်အပြင် လေမိုးဒဏ်ပါထပ်ခံနေရပြီး လုံခြုံသည့်အမိုးအကာအောက်တွင် နေထိုင်နိုင်ရန် လိုအပ်နေသည်ဟုလည်း နောက်ထပ် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ယာယီနေစရာတွေကို အလုံအလောက် မစီစဉ်ပေးနိုင်ကြသေးဘူး။ မိုးတွေလေတွေလည်း ကျတော့ မိုးလုံတဲ့နေစရာတွေလည်း လိုအပ်နေတယ်”ဟု သူက ဆိုသည်။
ဝန်ထမ်းအိမ်ရာအများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး နေရာ စီစဉ်မပေးနိုင်သည့်အတွက် ကိုယ့်အားကိုယ်ကိုး တဲထိုး၍ နေထိုင်နေရသည်ဟု ဝန်ထမ်းမိသားစုနှင့်နီးစပ်သူ ၎င်းကပြောသည်။
“ပျက်စီးတဲ့ ဝန်ထမ်းအိမ်ရာတွေက အများကြီးပဲ အလုံးလိုက်မပြိုကျတာပဲရှိတာ အဲဒါကြောင့် နေထိုင်ဖို့ မသင့်လို့ ပေးမနေတော့ဘူးလေ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် တဲထိုးပြီး နေနေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ယာယီနေစရာကို အလုံအလောက် မပေးနိုင်တော့ကြတော့ ဝန်ထမ်းတွေလည်း ပြည်သူတွေနဲ့အတူ အကုန်ဒုက္ခရောက်နေကြတာ”
လတ်တလောတွင် မန္တလေးမြို့နှင့်အနီးတဝိုက် နောက်ဆက်တွဲငလျင်များလည်း လှုပ်ခတ်နေဆဲဖြစ်ပြီး ထပ်မံပြိုကျသည့်အဆောက်အဦများလည်းရှိနေရာ ဒေသခံများ စိုးရိမ်မှုမြင့်တက်နေသည်။ ထို့ကြောင့် နေအိမ်ပြင်ပ အဆောက်အဦကင်းလွတ်သည့် မြေကွက်လပ်များတွင် စုပြုံ၍ထွက်အိပ်ကြဆဲဖြစ်သည်။ တချို့က ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေကြသည်။
ဘုန်းကြီးကျောင်းများ၊ ပရဟိတအသင်းများ၊ ဘောလုံးကွင်းများတွင် မြေငလျင်သင့်ဒုက္ခသည်တို့အတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသည်ကိုတွေ့ရှိရသည်။
ဧပြီ ၂၀ ရက်နေ့တွင် မန္တလေးမြို့၌ ပြင်းအားအလယ်အလတ်ရှိသည့် မြေငလျင် ၂ ကြိမ် လှုပ်ခတ်သွားရာ နေအိမ်ပြင်ပသို့ ရုန်းရင်းဆန်ခတ်ပြေးလွှားရှောင်တိမ်းကြရသည်။
ဧပြီ ၂၀ ရက်နေ့အထိ နိုင်ငံတဝှမ်းမြေငလျင်ဒဏ်ကြောင့်သေဆုံးသူ ၃၇၃၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၈ ဦးနှင့် ပျောက်ဆုံးသူ၁၂၀ ဦး ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။