မြေမြှုပ်မိုင်းကြောင့် အပြင်းအထန်ထိခိုက်ထားသည့် ရဲဘော်တစ်ဦး၏ ဒဏ်ရာများကို ဆရာဝန်နှင့် သူနာပြုများက ဘက်ထရီမီးရောင်အောက်တွင် ဆေးကြောသန့်စင်ပေးနေသည်။
ဒဏ်ရာရသူ၏ ခပ်တိုးတိုး ညည်းတွားသံသည် လျှို့ဝှက်ထားသည့် ယာယီဆေးခန်းကို လွှမ်းခြုံထား သည်။
“ညီလေး…ဘာမှမဖြစ်ဘူးနော်၊ အားတင်းထား” ဟု အနီးအနားရှိ အိုးစားဖက်ရဲဘော်များက တဖွဖွ တီးတိုးအားပေးနေသည်။
ရဲဘော်ဝင်းဇော်(အမည်လွှဲ) သည် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်မဟာ(၆) ရှေ့တန်း တစ်နေရာတွင် နယ်မြေရှင်းလင်းရေးလုပ်စဉ် မြေမြှုပ်မိုင်းကြောင့် ခြေထောက် နှစ်ဖက်ဆုံးရှုံးကာ လက်ချောင်းတချို့လည်း အပြင်းအထန် ထိခိုက်ထားသည်။
ရဲဘော်ဝင်းဇော်သည် ယခင်က စစ်ကောင်စီတပ်မှ ဖြစ်ပြီး ကရင်ပြည်နယ်အခြေစိုက် စစ်တပ်စခန်းတစ်ခုမှ ထွက်ခွာလာပြီးနောက် KNLA နှင့် ပူးပေါင်းလာသူ ဖြစ်သည်။
“သူက အားကိုးရတယ်၊ ရဲလည်းရဲတယ်” ဟု အနီးတွင်ရှိနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တစ်ဦးက မှတ်ချက် ပြုသည်။
သူဒဏ်ရာမရမီ ရက်ပိုင်းအလိုကလည်း သူ့ကဲ့သို့ ဘက်ပြောင်းစစ်သားတစ်ဦးဖြစ်သူ ရဲဘော်ရန်နိုင်စိုး (ခ) ဟင်္သာတသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲကျခဲ့သည်။
စစ်ကောင်စီတပ်စခန်းများမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် တော်လှန်ရေးအင်အားစုနှင့် ပူးပေါင်း ဆောင်ရွက်နေသူ အများအပြား ကရင့်တော်လှန်ရေး နယ်မြေ၌ ရှိနေသည်။
ယင်းတို့သည် လူသိများထင်ရှားသူများမဟုတ်ကြပေ။
စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးခြင်း
ဘက်ပြောင်းကာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေသူများတွင် မကြာသေးမီကမှ စစ်သားသစ်အဖြစ် စုဆောင်းခံရသူများလည်း ပါဝင်သည်။
ပဲခူးတိုင်းဇာတိ အသက် ၂၀ အရွယ် ရဲဘော်ချဉ်ဖတ်ဆိုသူမှာ ရန်ကုန်မြို့ လုပ်ငန်းခွင်မှအပြန်လမ်းတွင် အဖမ်းခံရပြီး စစ်သင်တန်းကျောင်းသို့ ရောက်သွားသည်။
၂၀၂၄ ဖေဖော်ဝါရီလတွင် အာဏာသိမ်းတပ်က စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီး ၂ လ အကြာတွင် ရဲဘော်ချဉ်ဖတ် တက်ရသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁) ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက စစ်သားသစ်လိုအပ်ချက်ကို လူငယ်များကို လမ်းပေါ်တွင် လိုက်လံ ဖမ်းဆီးသည့်နည်းလမ်းနှင့် ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
သင်တန်းဆင်း၊ စစ်သားဖြစ်လာပြီးနောက် မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်စခန်းတစ်ခုတွင် တာဝန်ကျစဉ် ထွက်ပြေးလာသူဖြစ်သည်။

ဤသို့ဖြင့် ရဲဘော်ချဉ်ဖတ် စစ်ကောင်စီတပ်စခန်းတွင် ၂ လ ခန့် နေထိုင်ရပြီးနောက် ထွက်ပြေးလာစဉ် တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ် ရသွားသည်၊ ထို့နောက် KNLA တပ်ထဲ ဝင်လိုက်သည်။
“အရင်က ဒီဘက်အဖွဲ့တွေနဲ့ အဆက်အသွယ်လည်းမရှိဘူး၊ အိမ်ပြန်ချင်တာတစ်ခုနဲ့ ထွက်ပြေးလာတာ။ အိမ်ပြန်ရင်လည်း ပြန်မိဦးမှာ။ အဲဒီတော့ ဒီမှာပဲ အခြေချပြီး ဒီမှာပဲနေဖို့ ဒီထဲကို ဝင်လိုက်တာ” ဟု ရဲဘော်ချဉ်ဖတ်က ပြောပြသည်။
“စစ်တပ်ထဲနေတုန်းက တိုက်ပွဲအတွေ့အကြုံမရှိဘူး၊ ဒီရောက်မှ ရှိတယ်။ အနန်းကွင်း၊ ကော့ကရိတ်တွေမှာ ရှိခဲ့တယ်။ ပထမဆုံးတိုက်ပွဲမှာ စိတ်တော့ ခြောက်ခြားတယ်၊ ကြောက်စိတ်လည်း ဝင်တယ်၊ ဝုန်းဒိုင်း…ဆို မပစ်ရဲ၊ မခတ်ရဲ ပုန်းနေရတယ်”
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ပြည်သူများကို အကြမ်းဖက် သဖြင့် ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေး အစပိုင်းကတည်းက ဘက်ပြောင်းသူများလည်းရှိသည်။
ထိုသူများထဲတွင် စစ်သက် ၇ နှစ် ရှိသည့် ရဲဘော် ရဲရင့်လည်း ပါဝင်သည်။
“အမှန်အတိုင်းပြောရရင် အစောကြီးကတည်းက မကျေနပ်တာ၊ အဲဒါကြောင့် ပြန်တိုက်တာ” ဟု ၎င်းက တိုတို တုတ်တုတ် ပြောသည်။
၎င်းသည် လွန်ခဲ့သည့် ၂ နှစ်ကျော်က ဘက်ပြောင်း လာသူ ဖြစ်ကာ ကော့ကရိတ်၊ ကော့နွဲ၊ ကျိုက်ဒုံ၊ ဖုချိမူး၊ စုကလိ၊ အနန်းကွင်း စသည့်နေရာများတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည်။

ထွက်ပြေးသူ များပြားသည့် စစ်ကောင်စီတပ်ထဲတွင် စစ်သည်များကို တော်လှန်ရေးတပ်များထံသို့ သွားရောက် မပူးပေါင်းဝံ့ရန် ခြိမ်းခြောက်ထားလေ့ရှိသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ မူးယစ်ဆေးဝါး သုံးပြီး တိုက်ပွဲဝင်နေသူများ ဖြစ်သည်၊ ဘက်ပြောင်းလာသူများကို ကျောက်တူးခိုင်းတတ်သည်ဟု စစ်တပ်အတွင်း ဝါဒဖြန့်ထားကြောင်း ရဲဘော်ရဲရင့်က ပြောသည်။
“ဟိုကောင်တွေက ဆေးကြောင်ပြီးပစ်နေတာ၊ ဘာမှ မဟုတ်ဘူး၊ ဒီကောင်တွေ ငကြောက်တွေ၊ အဲဒီလို ဆိုက်ဝါးတွေ သုံးတယ်” ဟု ရဲဘော်ရဲရင့်က ပြန်လည်ပြောပြသည်။
“မင်းတို့ ရောက်သွားခဲ့ရင် တောင် မင်းတို့ကို ထောင်ထဲထည့်ပြီး ကျောက်တူးခိုင်းမှာ ဆိုပြီးပြောတယ်၊ တချို့ ရဲဘော်တွေကလည်း ယုံတဲ့လူက ယုံတယ်၊ ဦးနှောက်ရှိတဲ့လူကတော့ မယုံဘူးပေါ့”
ဘက်ပြောင်းလာသူများက ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စစ်တိုက်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့ကို ကြီးကြပ်ပေးနေသူတစ်ဦးဖြစ်သည့် ရဲဘော်ဇော်ဝေက ရှင်းပြသည်။
“သူတို့တွေ စစ်တပ်ကို တိုက်ဖို့ သီးခြားစည်းရုံးတာမရှိဘူး။ သူတို့ ဒီဘက်ကိုရောက်လာတယ်၊ ဒီဘက် ကနေ အတင်းဖိအားပေးပြီး ပြန်တိုက်ရမယ်လည်း မပြောဘူး၊ စည်းရုံးတယ်ဆိုတာလည်းမရှိဘူး၊ သူတို့ စိတ်ဆန္ဒနဲ့သူတို့ ပြန်တိုက်ပါမယ်ဆိုပြီး ဝင်လာတာပဲ” ဟု အရပ်မနိမ့်မမြင့်၊ အသားညိုညိုနှင့် ရဲဘော်ဇော်ဝေက ပြောသည်။
ဘက်ပြောင်းလာသူများမှာ ဘုံရန်သူကို တိုက်ခိုက်ရာတွင် အားကိုးရသူများဖြစ်သည်ဟု တော်လှန်ရေးနယ်မြေတွင် လေးနှစ်တာ အတွေ့အကြုံရှိနေသည့်၊ ယခင်က PDF တပ်ဖွဲ့ဝင်ဖြစ်ပြီး ယခုအခါ KNLA တွင် တာဝန်ယူနေသည့် ရဲဘော်ဇော်ဝေက ဆက်ပြောသည်။
“PDF တွေကို ဦးဆောင်ရတာနဲ့ အခုလူတွေ ဦးဆောင်ရတာ ကွာဟချက်မရှိဘူး။ အကုန်လုံးက ညီအစ်ကို တွေလိုပဲ ဆက်ဆံပြီးသွားတယ်၊ ဟိုမှာတော့ ရာထူးတွေလည်းရှိရင် ရှိခဲ့မယ်၊ ဒါပေမဲ့ ဒီရောက်လာရင် မိသားစုအတိုင်းပဲ သွားတယ်၊ ခွဲခြားဆက်ဆံတာ ဘာတစ်ခုမှမရှိဘူး” ဟု ရဲဘော်ဇော်ဝေက ပြောသည်။
တပ်မဟာ(၆) နယ်မြေရှိ ကျိတ်စခန်း၊ ရေတလျှောက် စခန်း၊ ကျိုက်ဒုံ ဗျူဟာ၊ စုကလိ စခန်းသိမ်းတိုက်ပွဲ၊ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲများသာမက လက်ရှိ အနန်းကွင်းဗျူဟာ တိုက်ခိုက်မှုတွင်လည်း ဘက်ပြောင်းစစ်သားများက ကူညီတိုက်ခိုက်ပေးခဲ့ကြသည်။ တော်လှန်ရေးတပ်ဖွဲ့ များနှင့်အတူ တိုက်ပွဲဝင်ရင်း ထိခိုက်သွားသူများလည်းရှိနေသည်။
“အတူတူတိုက်နေတဲ့လူတွေ တိုက်ပွဲထဲမှာ ချွတ်ချော်ပြီး ဆုံးရှုံးတဲ့အခါ နှမျောတယ်၊ စိတ်မကောင်း ဝမ်းနည်းဖြစ်ရတယ်၊ ဒါက ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်နေရာပဲ ကျကျ စိတ်မကောင်း ဝမ်းနည်းဖြစ်တယ်” ဟု ရဲဘော်ဇော်ဝေက ပြောသည်။
ဘက်ပြောင်းလာပြီး တော်လှန်ရေးအဖွဲ့များအတွင်း တာဝန်ထမ်းဆောင်နေသူများအကြောင်း မေးမြန်းကြည့်ရာ ဘက်ပြောင်းလာသူတချို့သည် စိတ်အားထက်သန်ကြလွန်းသဖြင့် အန္တရာယ် မဖြစ်စေရန် သတိပေးနေရသည်ဟု အတူတိုက်ပွဲဝင်နေကြသူများက ပြောသည်။
ဘက်ပြောင်းသူများ၏ တူညီချက်
စစ်တပ်တွင် ကြီးနိုင်ငယ်ညှင်းမှုများကြီးစိုးနေကာ အောက်ခြေရဲဘော်များကို စာနာမှုမရှိ၊ လွတ်လပ်မှု လည်း မရှိသည့်အတွက် စွန့်ခွာလာရခြင်း ဖြစ်သည်ဟု ဘက်ပြောင်းစစ်သားများက တညီတညွတ်တည်း ဆိုသည်။
ယင်းတို့အများစုသည် ငွေကြေးဖြင့်ဆွဲဆောင်ခံရခြင်း၊ ဆိုးသွမ်းလူငယ်တချို့ကို ဆွေမျိုးမိသားစုဝင်များ က အတင်းအကျပ် စစ်မှုထမ်းစေခြင်း၊ ပေါ်တာဆွဲခံရခြင်း၊ စစ်မှုထမ်းရန် မဲပေါက်ခြင်း စသည် မတူညီသည့် အကြောင်းတရားများဖြင့် စစ်တပ်တွင်း အဓမ္မ သွတ်သွင်းခံရသူများဖြစ်သည်။ ထို့ကြောင့် အခွင့်သာသည်နှင့် စစ်တပ်ကို စွန့်ခွာရန် ဝန်မလေးကြသူများလည်း ဖြစ်သည်။

စစ်အခြေခံလေ့ကျင့်ရေးသင်တန်းများတွင် သင်တန်းသားများကို စစ်တပ် အုပ်ချုပ် သူများက ‘ရှေ့တန်းထွက်ဖို့ မလို’ ‘အချိန်တန် အိမ်ပြန်ရမည်’၊ ထွက်ပြေးသူများကို ပြန်မိပါက အချုပ်ချ ခြင်း၊ နှိပ်စက်ခြင်း စသည် ချော့တခါခြောက်တလှည့်နည်းလမ်းများ အသုံးပြုနေသည်ဟု စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံခဲ့ရသူများက ဆိုသည်။
“အစ်ကိုက PDF ထဲမှာ (တော်လှန်ရေး) စကတည်းက ပါတယ်၊ ပဲခူးတိုင်းထဲမှာ၊ ဒီဘက်ကို ထွက်လာဖို့ အစ်ကိုဆီက အကြံယူခဲ့ရတယ်” ဟု စစ်မှုထမ်းအပတ်စဉ်(၆) ဆင်း အသက် ၂၀ အရွယ် ရဲမင်းထွေးက ပြောသည်။
စစ်သင်တန်းကို မွန်ပြည်နယ်၊ သထုံမြို့ အမှတ်(၉) လေ့ကျင့်ရေး သင်တန်းကျောင်းတွင် တက်ခဲ့ရသည်ဟုဆိုသည်။ ထို့နောက် သံဖြူဇရပ်စစ်ကောင်စီစခန်းတွင် တာဝန် ကျစဉ် ထွက်ပြေးလာသူ ဖြစ်သည်။
စခန်းမှ လွတ်မြောက်လာရေးအတွက် ဆန္ဒတူ သူငယ်ချင်း ၅ ဦးနှင့်တိုင်ပင်ခဲ့သည်၊ မိုင်းကွင်းကိုဖြတ်ကာ ထွက်ပြေး လာရသည် ဟု ရဲဘော်ရဲမင်းထွေးက ဆိုသည်။
“မိုင်းကွင်းဖြတ်ဖို့ အချိန် ၁ နာရီလောက် ယူခဲ့ရတယ်၊ နောက်က မိမှာလည်းကြောက်တယ်၊ မိုင်းနဲ့သေဖို့ ကံပါရင် သေမှာပဲဆိုပြီး ပြေးချလာတာ” ဟု ၎င်းတို့၏ စွန့်စားခန်းကို ပြန်ပြောပြသည်။
ထွက်ပြေးလာပြီးနောက်တွင်လည်း မိသားစုနှင့်အဆက်အသွယ်မပြတ်ရှိနေသည်၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း ၎င်း၏ မိခင်က ထောက်ခံသည်ဟုဆိုသည်။
သူတိုင်ပင်ခဲ့သည့် သူငယ်ချင်း ၅ ဦးလုံး လွတ်မြောက်နယ်မြေသို့ ရောက်လာပြီးနောက် တော်လှန်ရေးအဖွဲ့ထဲတွင် တာဝန်ထမ်းနေကြသည်၊ မကြာသေးမီက ရဲမင်းထွေးနှင့်သာ တွေ့နိုင်ခဲ့ပြီး ထို ၅ ဦးမှာ နောက်တန်းနယ်မြေအသီးသီးသို့ ရောက်နေကြသည်။
တိုက်ပွဲ မရှိသည့်အချိန်တွင် ရဲမင်းထွေးကဲ့သို့ ဘက်ပြောင်းလာသူများ နောက်တန်းစခန်းတွင် အနားယူနေကြသည်ကို တွေ့ရသည်။
တော်လှန်ရေးအဖွဲ့အစည်းတွင် တာဝန်ယူမထားသူများလည်း လွတ်မြောက်နယ်မြေတွင် ကြုံရာလုပ်ကိုင်စားနေကြသည်။ ပုံမှန် သွားလာလုပ်ကိုင်နေသည့် ၎င်းတို့ကို ကန့်သတ်၊ စောင့်ကြည့်နေခြင်း မရှိကြောင်းလည်း တွေ့ရသည်။ အိမ်ထောင်မရှိသူများလည်း ပါဝင်သလို မိသားဝင်တို့နှင့် အတူနေထိုင်သူများလည်း ရှိသည်။

ဘက်ပြောင်းလာသူများသည် တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်း တိုက်ခိုက်ရာတွင်လည်း အခက်အခဲ မရှိဟု ရဲဘော်များက ဆိုသည်။
“ဒီမှာရှိနေတဲ့လူတွေနဲ့ သဟဇာတဖြစ်အောင် သိပ်ပြီးထွေထွေထူးထူး ညှိပြီးနေစရာမလိုဘူး။ ဒီအဖွဲ့အစည်း ထဲမှာရှိနေတာ စိတ်ဓာတ်တူတဲ့လူ အချင်းချင်းရှိနေတဲ့အတွက်ကြောင့်မို့လို့” ဟု ဘက်ပြောင်း စစ်သားဖြစ်သည့် ရဲဘော်သန်းဇော်ဦးက ဆိုသည်။
“ကျွန်တော်တို့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတာ ပြည်သူတွေအားလုံးကောင်းဖို့၊ ကျွန်တော်တို့လည်း ခံစားခွင့်ရချင်လည်းရမယ်၊ မရချင်လည်းမရဘူး၊ သေချင်လည်းသေသွားမယ်”
ဘဝဖြတ်သန်းမှု မတူညီသည့် ဘက်ပြောင်းရဲဘော်များထံတွင် တူညီသည့် ဘုံရန်သူရှိသကဲ့သို့ တူညီသည့် မျှော်လင့်ချက်လည်းရှိနေပါသည်။
ယင်းမှာ တော်လှန်ရေးအပြီးတွင် မိသားစုထံ ပြန်ကြဖို့ဖြစ်သည်ဟု ဆိုသည်။
(ကိုစစ်သည် အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်သည်)




