စစ်ကောင်စီက ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ရက်ဆက် ပြုလုပ်ခဲ့ရာ အမျိုးသမီးနှင့် ကလေးများအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး သံဃာ ၁၀ ပါးနှင့် အရပ်သား ၇ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ယမန်နေ့ (ဧပြီ ၁၅ ရက်) မွန်းတည့် ၁၂ နာရီ ၂၇ မိနစ်တွင် ကော့ကရိတ်မြို့အနောက်ဘက် ၁၄ မိုင်ခန့် အကွာ ကမ်းနီရွာကို လေကြောင်းမှ ဗုံး ၂ လုံးကြဲခံရပြီး ဘုန်းကြီးကျောင်းအနီး ပေါက်ကွဲခဲ့သည် ဟု မွန်ပြည်သစ်ပါတီ- စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ပြောသည်။
“ ဗုံးက ဇရပ်ကို သွားကျတာပါ။ သံဃာတွေက ဆွမ်းဘုဉ်းပြီးတော့ နားနေတဲ့ ဇရပ်ရှိတာပေါ့။ အဲဒီ ဇရပ်က အသက်ကြီးတဲ့သူတွေ ဥပုသ်ဆောက်နေတဲ့ နေရာလည်း ဖြစ်တာပေါ့။ အရပ်သားက ကလေး အပါအဝင် ၆ ဦး သေဆုံးသွားပါတယ်” ဟု NMSP – AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ဆိုသည်။
သေဆုံးသူများထဲတွင် အသက် ၂ နှစ်ခွဲအရွယ် ကလေးတစ်ဦး ၊ ၃ နှစ်ခွဲအရွယ်ကလေးတစ်ဦး ၊ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးပါဝင်သည်၊ သံဃာ ၁၀ ပါး ဒဏ်ရာရထားပြီး ၂ ပါးမှာ ဒဏ်ရာပြင်းထန်ကြောင်း ၊ လူ ၇ ဦးလည်း ဒဏ်ရရကြောင်း၊ ဒဏ်ရာရသူစုစုပေါင်း ၁၇ ဦးရှိကြောင်း NMSP-AD ဘက်က ပြောသည်။
ဟောင်သရောမြစ်ကမ်းဘေးတွင် ရှိပြီး မွန်တိုင်းရင်းသားအများစု နေထိုင်သော ကမ်းနီကျေးရွာတွင် ဗုံးပေါက်ကွဲမှုကြောင့် ၃ ထပ် ဘုန်းကြီးကျောင်း၏ အမိုးတစ်နေရာပွင့်သွားပြီး အတွင်းပိုင်းတစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။
ကမ်းနီရွာတွင် NMSP-AD မှ တပ်ဖွဲ့ဝင်များ မရှိသလို တိုက်ပွဲဖြစ်ပွားမှုလည်းမရှိကြောင်း NMSP – AD ဘက်က ဆိုသည်။
“တော်လှန်ရေးတပ်ပေါင်းစုတွေလှုပ်ရှားတဲ့ ဂွင်ထဲမှာတော့ ပါတယ်။ မြေပြင်က တပ်မှူးကို မေးကြည့် တော့ ရွာထဲမှာ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ မရှိဘူးပြောလာတယ်ပေါ့။ ဗြောင်.. (ဗုံး) လာချတယ်လို့ ယူဆတယ်။ ကျွန်တော်တို့ရဲ့ ကျေးရွာက အရပ်သားတွေကို လူစုလူဝေးလုပ်တဲ့အချိန် သင်္ကြန်အကြတ် နေ့မှာမှ လုပ်တယ်ပေါ့ဗျာ” ဟု နိုင်ကောင်းစကားက ပြောသည်။
လက်ရှိတွင် ဒဏ်ရာရသူများကို ဆေးကုသမှုများ လုပ်ဆောင်ပေးနေပြီး ကမ်းနီရွာသူရွာသားများက လည်း လေကြောင်းမှ ထပ်မံ ဗုံးကြဲမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာရှောင်နေကြကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၁၅ ရက်နေ့တွင် ကမ်းနီးကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ကော့ကရိတ်၊ ကျုံဒိုး ဒေသကျေးရွာများသို့ လေကြောင်းမှ ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း စစ်ရေးသတင်း ရင်းမြစ်များကို ကိုးကား၍ ကရင်သတင်းဌာန KIC ကို ရေးသားထားသည်။
ကမ်းနီကျေးရွာတွင် တိုက်ပွဲမရှိသော်လည်း ကမ်းနီရွာနှင့် ၇ မိုင်ကျော်ဝေးသည့် ကော့ကရိတ် – ကျုံဒိုး ကားလမ်းတွင်မူ တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား မတ်လ ၁၅ ရက်နေ့မှစတင် ကာ တိုက်ပွဲဖြစ်နေကြောင်း NMSP-AD ထံက သိရသည်။
ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ကျုုံဒိုး- ကော့ကရိတ် အာရှလမ်းမဘေးရှိ ကော့ဝါလဲ့၊ သာယာ ကုန်းကျေးရွာဘက်သို့ စစ်ကောင်စီတိုက်ခိုက်ရေးလေယာဉ်ဖြင့်၂ ကြိမ် ၊ နံနက် ၆ နာရီခန့်တွင် ကော့ကရိတ်မြို့နယ် မိချောင်းအင်း၊ ရန်ကုတ်ကျေးရွာဘက်သို့ နံနက် ၆ နာရီခန့်တွင် Y12 ထောက်ပို့လေယာဉ် ဖြင့် ၃ ကြိမ် ဗုံးကြဲချခဲ့သည်ဟု KIC သတင်းက ဆိုသည်။
ယနေ့ နံနက် ဗုံးချခဲ့သည့် ကျုုံဒိုး- ကော့ကရိတ် အာရှလမ်းမဘေးရှိ ကော့ဝါလဲ့၊ သာယာကုန်းကျေးရွာ များသည် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ ၅၄၅)နှင့် နီးသည့်ရွာများ ဖြစ်သည်ဟု သိရသည်။
ယနေ့နံနက် လေကြောင်းမှဗုံးချမှုနှင့်ပတ်သက်ပြီး အသေအပျောက်၊ ထိခိုက်သူရှိမရှိ မသိရသေးပေ။
စစ်ကောင်စီသည် ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်များအတွင်း အောင်ဇေယျစစ်ကြောင်းကို အင်အား ဖြည့်ကာ စစ်ကြောင်းဖြန့်ခွဲလှုပ်ရှားလာသောကြောင့် တိုက်ပွဲများ ပြန်ဖြစ် လာနေခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်အတွင်းသတင်းများကို ဖော်ပြနေသည့် KIC သတင်းအရ သိရသည်။
စစ်ဆင်ရေးကို ရှေးခေတ်က အယုဒ္ဓယ (ထိုင်း)သို့ ချီတက်တိုက်ခိုက်စဉ် ပြန်လည်ဆုတ်ခွာပြီးနောက် လမ်းခရီးတွင် ကျဆုံးခဲ့ရသည့် စစ်ဘုရင် ဦးအောင်ဇေယျ၏အမည်ကို ယူထားခြင်း ဖြစ်သည်။
ကော့ကရိတ်နှင့် မြဝတီခရီးသည် အာရှလမ်းမအတိုင်း ကားဖြင့်သွားမည်ဆိုပါက ၁ နာရီသာကြာသည့် ခရီးဖြစ်သော်လည်း စစ်ကောင်စီတပ်သည် ကော့ကရိတ််မြို့ဘက်မှနေ၍ မြဝတီမြို့ဘက်ကို ယမန်နှစ် ကတည်းက စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုများကြောင့် စစ်ကြောင်းထိုးမှုရပ်သွားပြီး ယခုမှသာ အင်အားပြန်ဖြည့်နေခြင်းဖြစ်သည်။
လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်လုပ်နေသော စစ်ကောင်စီက ငလျင်ကြောင့် ၎င်းတို့အပစ်ရပ်ထား သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အခွင့်အရေးယူကာတိုက်ခိုက်နေကြောင်း ဧပြီ ၁၄ ရက်နေ့က စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောထားသည်။
ဧပြီ ၁၂ ရက်နှင့် ၁၃ ရက်တွင် KNU က လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ KIA,KNPP, PDF တို့က လည်း တိုက်ခိုက်နေကြကြောင်း ၎င်းက ပြောထားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ် ၂၈ ရက်နေ့ မြေငလျင်လှုပ်ခတ်ခဲ့ပြီးချိန်မှစ၍ ဧပြီ ၁၀ ရက်နေ့အထိ ကော်သူးလေဒေသအတွင်း စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ၃ လအရွယ်ကလေး ၁ ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရ၍ ဘာသာရေးအဆောက်အဦ၊ စာသင် ကျောင်းနှင့် လူနေအိမ်များ ထိခိုက်ခဲ့ရကြောင်း ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။



