
မြေငလျင်ဒဏ် အကြီးအကျယ်ခံစားရပြီး လူအသေအပျောက်များထားသည့် နိုင်ငံအလယ်ပိုင်း မန္တလေး မြို့တွင် အဆောက်အဦများ ဆက်လက်နေထိုင်ရန် သင့်မသင့် စစ်ဆေးပေးစေလိုကြပြီး နောက်ဆက်တွဲငလျင်များ ဖြစ်ပေါ်နေကြောင့် မြို့ခံများသည် လုံခြုံသည့်အမိုးအကာအောက်သို့ မရောက်ရှိသေးဘဲ နေထိုင်ရေးအခက် ကြုံနေရသည်။
ယမန်နေ့ (ဧပြီ ၁၃) တွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ကို ဗဟိုပြု၍ အင်အား ၅ ဒသမ ၅ အဆင့်ရှိ နောက်ဆက်တွဲငလျင် လှုပ်ခတ်မှုကြောင့် ချမ်းအေးသာစံနှင့် အောင်မြေသာစံမြို့နယ်တို့၌ အဆောက်အဦတချို့ ထပ်မံပြိုကျပျက်စီးသော်လည်း သေဆုံးသူ မရှိကြောင်း သိရသည်။
မတ်၂၈ ရက်နေ့ ပြင်းအား၇ ဒသမ ၇ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့နှင့်မန္တလေးမြို့တွင် လူဦးရေထောင်နှင့်ချီ သေဆုံးခဲ့ပြီး လူနေတိုက်တာအိုးအိမ်အများအပြား ဆုံးရှုံးခဲ့ရသည်။
အထူးသဖြင့် အထပ်မြင့် အဆောက်အအုံ များပြားသော၊ လူနေထူထပ်သော မန္တလေးတွင် သေဆုံး၊ ပျက်စီးမှု များပြားသည်။
ထိုကဲ့သို့သော အခြေအနေတွင် နောက်ဆက်တွဲ ငလျင်များ အကြိမ်ရေ ၁၃၀ ကျော်အထိ ဆက်တိုက်ဖြစ် ပေါ်နေသဖြင့် နေအိမ်ဆုံးရှုံးထားသောဒေသခံများ၊ နေအိမ်အပျက်အစီးများ မွမ်းမံရန် လိုအပ်နေသူများ၊ အထပ်မြင့်ဆောက်အဦတို့ အနီးနေထိုင်သူများသည် မြေကွက်လပ်၊ ဒုက္ခသည်စခန်း စသည့်နေရာ များတွင် အဆင်ပြေသလို တဲထိုးနေထိုင်နေကြရသည်။
မိုးရွာသွန်းခြင်း၊ နောက်ဆက်တွဲငလျင်များလှုပ်ခတ်နေခြင်းတို့ကြောင့် ယာယီ နေထိုင်ရေးအတွက် ကြုံရာ ကျပန်းဖြေရှင်းနေရခြင်းဖြစ်သည်ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့်အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသားက Myanmar Now ကို ပြောသည်။
“တစ်မြို့လုံးကတော့ အဆင်ပြေသလို အပြင်ထွက်အိပ်နေကြတုန်းပဲ။ တချို့ကိုယ့်အိမ်ကိုယ် ပြန်နေကြတာရှိတယ်။ အရမ်းအန္တရာယ်များတယ်။ ငလျင်က နေ့တိုင်းလှုပ်နေတာ”ဟု ၎င်းက ဆက်ပြောသည်။
အကူအညီပေးရေး အဖွဲ့အစည်းအများအပြားက အမိုးအကာများ၊ ယာယီရွက်ဖျင်တဲများ ပေးနေသော်လည်း လူဦးရေများပြားသည့်အတွက် မလုံလောက်ကြောင်း၊ ဆင်ခြေဖုံး ရပ်ကွက်များတွင်နေထိုင်သူ အများအပြားမှာ ငလျင်ကယ်ဆယ်ရေးစခန်းများသို့ မသွားရောက်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့မိသားစုဆို အဆောက်အဦ နည်းနည်းထိထားပေမယ့် ရက်ကြာလာတော့ အပြင် ခင်းမအိပ် နိုင်တော့ဘူး။ ဒါနဲ့ ဝရံတာလိုမျိုး အလွယ်တကူခုန်ဆင်းလို့ရတဲ့ဆီမှာ မထူးဇာတ်ခင်းပြီး ဝင်အိပ်ကြတယ်။ ဒါပေမဲ့ ငလျင်လှုပ်လာရင် လူက ခုန်ချရမှာလိုလို၊ ဆက်နေရမှာလိုနဲ့ တအားဒုက္ခများတာပဲ”

အဆောက်အဦများ အမြန်စစ်ဆေးပေးရန်လိုအပ်နေ
မန္တလေးမြို့တွင် ငလျင်ဒဏ်သင့်၍ ပြိုကျနေသောအဆောက်အဦများကို ကူညီကယ်ဆယ်ရေးအဖွဲ့များက ဖြိုချရှင်းလင်းနိုင်ရေးအကူအညီများ ဆက်လက်လုပ်ကိုင်နေရဆဲဖြစ်သည်။
သို့သော် တစ်မြို့လုံးနီးပါးထိခိုက်ပျက်စီးထား၍ ရှင်းလင်းရေးအမြန်လုပ်ဆောင်ရန် မနိုင်မနင်းဖြစ်နေ သည့်အခြေအနေတွင် တချို့က စက်ယန္တရားများ ကိုယ်ထူကိုယ်ထ ငှားရမ်းကာ လုပ်ဆောင်ကြသည်ကို တွေ့ ရသည်ဟု မြို့ခံများက ပြောကြသည်။
ပြိုကျမှုမရှိသည့် အဆောက်အဦတိုင်းအား ဆက် လက်နေထိုင်ရန် သင့်၊မသင့် တစ်အိမ်တက်ဆင်း စစ်ဆေးပေးရန်လိုလားနေကြသည်။
စစ်ဆေးရေးအဖွဲ့ရှိသော်လည်း အစစ်ဆေးခံလိုကြောင်း ကြိုတင် စာရင်းပေးရသည်ဟု မဟာအောင်မြေမြို့နယ်မှ အသက်၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“တချို့အင်ဂျင်နီယာအဖွဲ့တွေက အခမဲ့လိုက်စစ်ဆေးပေးနေတယ်။ ဒါပေမဲ့သူက ကြိုပြီး ဘိုကင်ယူပေးရ တာပေါ့။ များနေတော့ မနိုင်ဘူးဖြစ်နေကြတယ်။ ရပ်ကွက်တွေထဲလည်း ကွင်းမဆင်းနိုင်ကြသေးဘူး”ဟု သူက ပြောသည်။
တချို့သောရပ်ကွက်များတွင် အုပ်ချုပ်ရေးနှင့် စည်ပင်သာယာဌာန တာဝန်ရှိသူတို့ လာရောက်ကြည့်ရှုကြသည်ဟုလည်း သိရသည်။
“အများစုအိမ်တွေကတော့ ဒီအတိုင်းပစ်ထားရတယ်။ ဘာမှမလုပ်နိုင်ကြသေးဘူး”ဟု အထက်ပါဒေသခံ အမျိုးသမီးက ဆက်ပြောသည်။
ယခင်ကပင် လူနေထူထပ်သော မန္တလေးသည် ပြီးခဲ့သည့် ၄ နှစ်အတွင်း အနယ်နယ်အရပ်ရပ် တိုက်ပွဲများကြောင့် လာရောက်ခိုလှုံသူ အများအပြားရှိသည့် မြို့ကြီးဖြစ်သည်။
မန္တလေးမြို့တွင်းရပ်ကွက်အများအပြား ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေသည်၊ လူမှုကူညီရေးအသင်းများက သောက်သုံးရေ နေ့စဉ်မျှဝေပေးနေသည်ဟု သိရသည်။
ငလျင်ဘေးသင့်သူ လူဦးရေ ၁၆၅,၀၀၀ အတွက် အမိုးအကာ၊ ရေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းစုံ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ရွေ့လျား ကျန်းမာရေး ဝန်ဆောင်မှုများ ကူညီပေးအပ်ခဲ့ သော်လည်း မလုံလောက်သေးကြောင်း၊ အခြေခံ လိုအပ်ချက်များ ရရန် ခက်ခဲနေကြသူ အများအပြားရှိကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိုနှိုင်းရေး ရုံး (OCHA)က ဧပြီ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ မတ် ၂၈ ရက်မှ ဧပြီ ၁၄ ရက်အတွင်း ငလျင်အကြိမ်ရေပေါင်း ၁၃၁ ကြိမ် လှုပ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၁၂ ရက်နေ့ထိ စစ်ကောင်စီ ထုတ်ပြန်ချက်အရ တိုင်းနှင့်ပြည်နယ် ၆ ခုတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၆၄၈ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၄၈၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၃၄ ဦးထိ ရှိကြောင်း သိရသည်။