
ကရင်နီ (ကယား) ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသော ကျေးလက်ဒေသတွင် နွေရာသီအတွင်း ရေလိုအပ်ချက်ပိုမြင့်လာကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။
ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းနှင့် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတို့သည် အခြားမြို့နယ်များထက် သောက်ရေနှင့် သုံးရေ အခက်အခဲပိုဖြစ်နေကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ဆိုသည်။
ကရင်နီတွင် လူဦးရေ ၄ သိန်းခွဲရှိပြီး ယင်းတို့ထဲမှ ၂ သိန်းသည် စစ်ဘေးရှောင်များဖြစ်သည်။
နွေရာသီရေလိုအပ်ချက် ပြဿနာသည် စစ်ဘေးရှောင်များအပါအဝင် ပြည်နယ်တွင်း မှီတင်းနေထိုင်သူများအပေါ် သက်ရောက်မှုရှိသည်။
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာသောအခါ ပြည်နယ်တစ်ဝန်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲကြီးငယ်များပေါ်ပေါက်လာသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီတပ် ထိန်းချုပ်ထားသော ပြည်နယ်မြို့တော် လွိုင်ကော် နှင့် မိုးဗြဲ ၊ ဖယ်ခုံ ၊ ဒီးမော့ဆို စသည့် မြို့များရှိ စစ်စခန်းများကို ကရင်နီတော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်သောအခါ မြို့ပေါ်နေရာများတွင်ပါ ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားသည်။
တိုက်ပွဲကြောင့် မြို့နေလူထုအများစုသည် ကရင်နီတော်လှန်ရေးတပ်များထိန်းချုပ်ရာ ကျေးလက်နှင့် ပြည်နယ်အတွင်းပိုင်း တောတောင်များသို့ စစ်ရှောင်လာကြသဖြင့် ကျေးလက်ဒေတွင် လူဦးရေထူထပ်လာသည်။
ထိုအခါ ရေလိုအပ်ချက်မှာ ယခင်ကထက်ပိုမိုမြင့်မားလာကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။
“တချို့ရွာမှာ စစ်ဘေးရှောင်က ရွာသားထက် ၂ ဆ ၊ ၃ ဆများတယ်ပေါ့။ ရေထွက်ပေါက် အရင်းအမြစ်က အစကတည်းက အကန့်အသတ်ရှိတယ်။ ရေသိုလှောင်စနစ်က အစကတည်းက အကန့်အသတ် ရှိတယ်။ အဲဒါ အတူ ဝိုင်းသုံး၊ ဝိုင်း ရှယ်လိုက်တော့ ရေက လိုအပ်မှု ကြီးမားသွားတာရှိပါတယ်” ဟု ၎င်းကဆိုသည်။
တိုက်ပွဲများကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေနိုင်မှု ထိခိုက်ပြီး လျှပ်စစ်ဓာတ်အား လုံလောက်စွာမရရှိသဖြင့်လည်း ရေတင်သည့် စနစ်ကောင်းစွာ အလုပ်မလုပ်နိုင်တော့ကြောင်း၊ ရေရှားပါးမှုဖြစ်လာကြောင်း ဦးဗညားခွန်အောင်က ဆိုသည်။
တော်လှန်ရေးအင်းအားစု ထိန်းချုပ်သော နယ်မြေတွင် မော်တော်ယာဉ်များသုံး၍ လိုအပ်သော နေရာသို့ ရေသယ်ယူရခြင်းကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု မကြာခဏကြုံနေရသဖြင့် အဟန့်အတား ဖြစ်နေသည်။
စက်သုံးဆီအများအပြားသုံးရသလို ရေသယ်ယူသည့် မော်တော်ယာဉ်များကလည်း လူဦးရေအားလုံးအတွက် သယ်ပေးနိုင်ရန် အရေအတွက် အကန့်အသတ်ရှိသည်။
ကရင်နီပြည်နယ်တွင် နေထိုင်သည့် ဒေသခံ တချို့ကလည်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် နယ်မြေတွင် ရေရှားပါးသော ပြဿနာသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းကဖြစ်နေပြီး ယခုအခါ လိုအပ်ချက် ပိုမြင့်လာခြင်းဖြစ်ကြောင်း ပြောသည်။
ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် နေထိုင်သည့် စစ်ရှောင်များကို ကူညီနေသူ အမျိုးသားတစ်ဦးကလည်း “ပိုဆိုးလာတာပေါ့။ အားကိုးနေရတဲ့ နမ်းစံဖူးချောင်းလဲ ငလျင်ကြောင့်ခမ်းတယ်။ ရေပြန်ထွက်လာတဲ့အချိန်မှာလည်း ရေတွေနောက်ကုန်တယ်” ဟု ဆိုသည်။
နမ့်စံဖူးချောင်းရေသည် အဝတ်လျှော်ရန်ပင် အဆင်မပြေသည့် ရွှံရေများအဖြစ် အသွင်ပြောင်းသွားကြောင်း ဒေသခံများထံမှသိရသည်။
ရေကို နွေ ၊ မိုး ၊ ဆောင်း ၃ ရာသီလုံးတွင် ဝယ်သုံးရသော်လည်း နွေရာသီတွင် ပိုမိုဝယ်ယူနေရကြောင်း ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းတွင် နေထိုင်သူအချို့က ဆိုသည်။
၂၀၂၃ ခုနှစ်တွင် သောက်သုံးရေကား တစ်ကြိမ် ဝန်ဆောင်ခအဖြစ် ကျပ် ၃ သောင်းခွဲခန့်သာ ရှိသော်လည်း ယခုအခါ နေရာတချို့တွင် ကျပ် ၆ သောင်းခန့်အထိ ပေး၍ ဝယ်သုံးနေရကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် နေထိုင်သည့် စစ်ရှောင်များကို ကူညီနေသူ အခြားအမျိုးသားတစ်ဦးကလည်း ရေကားတစ်စီးမှာ၍ ဖြည့်တင်းထားသောရေသည် စစ်ရှောင်စခန်းတခုအတွက် ရက်သတ္တ တစ်ပတ်ပင် အသုံးမခံကြောင်းဆိုသည်။

“အိမ်ခြေများတဲ့ စစ်ရှောင်ဆို တစ်ပတ်မခံဘူး။ ရေကားက တစ်စီးဆိုရင် ၅ သောင်းနဲ့ တစ်သိန်းကြားပဲ။ စစ်ရှောင်တွေကတော့ အလှုရှင် ရဲ့ လှုဒါန်းမှုနဲ့ သွားတာ ဗျ။ အခုနွေရာသီ မှာ စစ်ရှောင်တော်တော်များများ ရေရှားပါးတဲ့ အခက်အခဲ ကြုံနေရတဲ့ အတွက် ကူညီပေးကြဖို့ပဲ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ကရင်နီပြည်နယ်အတွင်း စမ်းချောင်း၊ ရေထွက်ပေါက် စသည့် ရေအရင်းအမြစ်ကို ၎င်းတို့ စာရင်းပြုစု မှတ်တမ်းယူနေကြောင်း၊ ရေသိုလှောင်နိုင်သည့် ကန်များ တိုးချဲ့တည်ဆောက်ရန် စဉ်းစားထားကြောင်း Myanmar Now ကို ပြောသည်။
“ကျွန်တော်ကိုယ်တိုင်လည်း ရေဝယ်သုံးရပါတယ်။ တစ်ချို့နေရာမှာ ရေကန်လေးတွေပေါ့။ တည်ဆောက်ပေးဖို့အတွက် မြို့နယ်နဲ့ ချိတ်ပြီးလုပ်ရမှာပေါ့။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပေါ့။ တချို့လည်း အကူအညီပေးတဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ပြီးလုပ်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။
“ရေကန်တွေကို ပိုပြီးတော့မှ ကြီးအောင်၊ ပိုပြီးတော့မှ ရေဆံ့အောင်၊ စနစ်တကျဖြစ်အောင် တည်ဆောက်ဖို့လည်း လျာထားတာရှိပါတယ်။ ပိုက်သွယ်နိုင်ဖို့ ကိစ္စတွေ ကြိုးစားနေတာရှိတယ်”
IEC သည် ၎င်းတို့ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ်အတွင်းရှိ နယ်မြေများကို မြို့နယ် ၁၆ မြို့နယ် သတ်မှတ်၍ အုပ်ချုပ်နေပြီး လူထုအတွက် ဝန်ဆောင်မှုများ တတ်နိုင်သမျှပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ကြေညာထားသည်။
မြို့တော် လွိုင်ကော်အပါအဝင် ဒီးမော့ဆို ၊ ဘော်လခဲ ၊ ဖားဆောင်း ၊ ဖရူဆိုမြို့များတွင် စစ်ကောင်စီ၏ အထိုင်တပ်များ ဆက်ရှိနေဆဲဖြစ်ပြီး မိုးဗြဲနှင့် ဘော်လခဲတို့တွင် ပစ်ခတ်မှုများရှိနေသည်။