မေးမြန်းခန်းအာဘော်

“မြို့မှာက ရေပြတ်သလောက်ဖြစ်နေပြီ” – ရမည်းသင်းဒေသခံတစ်ဦး

ငလျင်ကြောင့် ၇၅ ဦးထက် မနည်း သေဆုံးရသည့် ရမည်းသင်းမြို့နယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းလုပ်ကိုင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောပြထားသည်။

မတ်လ ၂၈ ရက်က လှုပ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း ရမည်းသင်းမြို့တွင် ၇၅ ဦး အနည်းဆုံး သေဆုံးခဲ့ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း မြို့ခံများထံက သိရသည်။

မြို့တွင်းအပြိုအပျက်များကြား ပိတ်မိနေသူတို့ကို မြို့ခံများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကယ်ဆယ်နေရပုံ၊ ငလျင်ကြောင့် မြို့၏ရေပေးဝေရေးစနစ် ပျက်စီးသွားခဲ့ပြီး၊ ပူပြင်းလှသည့် နွေရာသီလည်း ရောက်လာပြီဖြစ်သည့်အတွက် ရေရှားပါးလာပုံများ အပါအဝင် ရမည်းသင်းဒေသခံပြောပြသည့်  ငလျင်နောက်ဆက်တွဲအခြေအနေ အကြောင်း ကောက်နှုတ်တင်ပြလိုက်ပါသည်။

မေး ။ ။ လက်ရှိရမည်းသင်းမြို့အခြေအနေကို ပြောပြပေးပါ။

ဖြေ ။ ။ လက်ရှိကတော့ ကိုယ်ထူကိုယ်ထနဲ့ ကယ်ဆယ်ရေးဘာညာကတော့ ပြီးသွားပြီပေါ့။ ကိုယ်ထူကိုယ်ထနဲ့ ရှင်းလင်းရေး လုပ်နေတယ်။ ဘယ်ကမှ လာရှင်းပေးတာတော့မရှိဘူးပေါ့။ ဗုဒ္ဓဘာသာအနေနဲ့ဆိုရင် မြို့ဂုဏ်ဆောင် ရန်အောင်မြင်ဘုရားဆိုတာရှိတယ်၊ အဲဒီဘုရားလည်း ပြိုကျသွားတယ်။ ရုပ်ပွားတော်တွေဘာတွေ အကုန်လုံးက အောက်ထဲရောက်ကုန်တယ်။ အဲဒါရှင်းလင်းရေးက သေချာမလုပ်ရသေးဘူး။ ဗုဒ္ဓဘာသာဘက်မှာလည်း အခက်အခဲတွေ အများကြီးရှိနေတာပေါ့။ ကျွန်တော်တို့အပိုင်းမှာဆိုရင်လည်း ဗလီ ၉ လုံးပေါ့။ ကိုယ်ထူကိုယ်ထ ရှင်းလင်းရေးလုပ်နေပါတယ်။

မြို့နဲ့ ပတ်သက်ပြီး ငလျင်လှုပ်ပြီးနောက် ကုန်ဈေးနှုန်းတက်သွားတယ်။ ရပ်ကွက်တွေမှာ ရေပြတ်တာတွေ ရှိတယ်။ မြို့မှာက ရေပြတ်သလောက်ဖြစ်နေပြီ။ မြို့မှာက လက်လုပ်လက်စားသမားတွေများတယ်။ မြို့မှာ ပစ္စည်းတွေ၊ တိုက်တွေ အကုန်ပြိုကျထားတော့ သူတို့အနေနဲ့ အလုပ်သွားလုပ်လို့မရဘူး။ အခုက ဘာလုပ်နေသလဲဆိုတော့ အိမ်တွေဘာတွေ လိုက်ရှင်းတာ လုပ်နေကြတယ်။ နေ့စားနဲ့ပေါ့။ 

မေး ။ ။ ရေက ဘာကြောင့်ပြတ်လပ်နေတာလဲ။

ဖြေ ။ ။  ရေက အရင်က အဝီစိတွင်းတွေကနေ ရေထုတ်ပြီး ရေသန့်စက်နဲ့ ပြန်သန့်တယ်။ ၁ လီတာဘူးတို့၊ ၁၀ လီတာဘူး စတဲ့ ဘူးကြီးဘူးငယ်တွေနဲ့ ထုတ်ကြတယ်။ အခုကျတော့ ငလျင်လှုပ်တော့ ဗလီတွေက တချို့တွင်းတွေက ပျက်ကုန်တယ်။ ဗလီက ရေတွင်းတွေ၊ ဘုန်းကြီးကျောင်းတွေက တွင်းတွေက ၂ လက်မ ပိုက်တွေနဲ့ အိမ်တွေကို ပြန်ပေးတယ်ဗျ။ ၁ ယူနစ် ဘယ်လောက် ဆိုတာမျိုးပေးတယ်။ အဲဒီဟာက အခုဆို မပေးနိုင်တော့ဘူး။ အခုလက်ရှိတော့ ဗလီ ၂ လုံးကနေ ရေပေးနေတယ်။ လူမျိုးဘာသာ မခွဲခြားဘဲနဲ့ပေါ့။ အိမ်တွေကိုတော့ ရေပိုက်တွေနဲ့ ရေမလွှတ်ပေးဘူး။ ဗလီမှာလာပြီး ရေစည်လှည်းနဲ့ လာသယ်ကြ၊ ပိုက်ဆံမပေးနဲ့ပေါ့။ ဒါပေမယ့် ရပ်ကွက် လေးငါးခုကလာယူတော့ ရေမလောက်တာပေါ့။ နောက်ပြီးတော့ ရမည်းသင်းမြို့ တိုးဂိတ်အဝင် ရွှေပြည်သာရပ်ကွက်ဆိုရင် ရေပြတ်တယ်။ မြို့လယ်ရပ်ကွက်လည်းရေပြတ်နေတယ်။ ရွာဘက်တွေလည်း ရေပြတ်တယ်။  

မေး ။ ။ ငလျင်ဒဏ်ကြောင့် လူဦးရေဘယ်လောက် အကူအညီလိုနေပါသလဲ။

ဖြေ။ ။ မြို့ပေါ်အတိုင်းအတာမှာ သေဆုံးသွားတဲ့သူတွေ ဗုဒ္ဓဘာသာဘက်မှာရော၊ အစ္စလာမ်ဘာသာဘက်မှာရော ၇၀ ကျော်တယ်။ အဲဒီလူတွေရဲ့ မိသားစုဝင်တွေ အဓိက အခက်အခဲရှိနေတယ်။ အများစုက အဆင်မပြေကြတဲ့ လူတွေပေါ့။ အိမ်တွေဘာတွေထိတဲ့သူတွေလည်း အခုထိ ဆောက်တည်ရာမရ အခြေမချဖြစ်သေးတာရှိတယ်။ ယိုင်နဲ့သွားတာတွေ၊ ပြိုကျသွားတာတွေ၊ ဖြစ်သလို အမိုးဆွဲပြီး အိမ်အောက်တွေ၊ ကွင်းပြင်တွေမှာ ထွက်အိပ်ရတဲ့သူတွေရှိတယ်၊ ကျွန်တော်တို့အိမ် အပါအဝင်။ ကျွန်တော်တို့လမ်းမှာဆိုရင် ကျွန်တော်တို့တောင် အိမ်ပေါ်တက်မအိပ်ရဲသေးဘူး။ ညဘက်ဆိုရင် လမ်းဘေးတွေမှာ အိပ်ကြတယ်။ 

ကျွန်တော်ဆိုရင်လည်း အလှူရှင်တွေလာရင် ကိုယ်တိုင် လိုအပ်နေသူတွေနဲ့လိုက်ချိတ်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ရမည်းသင်းမှာရေကြီးခဲ့တာရှိတယ်၊ အဲဒီတုန်းက အလှူရှင်တွေကလာတဲ့အခါ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေနဲ့တွေ့သွားတယ်။ သူတို့ကလည်း အလှူရှင်တွေကို ကျွန်တော်တို့ လုပ်ပေးမယ် ဘာညာပြောပြီးတော့ တကယ်တမ်း အလှူရှင်က တစ်အိမ်ထောင် ၁ သိန်းခွဲပေးတယ်ဆိုရင် လိုအပ်နေတဲ့သူဆီရောက်တာက ပိုက်ဆံ ၇ သောင်းခွဲ၊ ၁ သိန်း အဲဒီလောက်ပဲ။ အဲဒီတော့ ကောင်းတာက လိုအပ်နေတဲ့သူတွေဆီ တိုက်ရိုက်ချိတ်ဆက်ပြီး လှူတာပိုကောင်းပါတယ်။ အခုက မြို့မှာက အလှူရှင်တွေက တောက်လျှောက်တော့ လာနေတယ်။ ဒါပေမယ့် ပြေလည်တဲ့သူကလည်း ယူ၊ မပြေလည်တဲ့သူကလည်း ယူပေါ့ဗျာ။ အဲဒီလိုဖြစ်နေတာ။

မေး ။ ။ ပိတ်မိနေတဲ့သူတွေရှိလား။ ပိတ်မိနေတဲသူတွေကို ကူညီကယ်ဆယ်ရေးအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေးက ကိုယ်ထူကိုယ်ထနဲ့ လုပ်ပြီးပါပြီ။ ပိတ်မိနေတဲ့သူတွေက ဆုံးသွားတာများပါတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံတင်ထားပါတယ်။ ဆေးရုံက ပထမပိုင်း စဖြစ်တော့၊ စုပြုံပြီးထားရတော့ ထားစရာလည်းမရှိဘူး။ လူနာတွေကို အပြင် သစ်ပင်တွေအောက်မှာ ထားထားရတယ်။ တချို့ငွေရေးကြေးရေးတတ်နိုင်သူတွေက တခြားမြို့ကိုခေါ်သွားတယ်။ မတတ်နိုင်တဲ့သူတွေက ဒီမှာပဲ သောင်တင်ပေါ့။ ဧပြီ ၂ ရက်နေ့အထိ စာရင်းအရတော့ ဆုံးသွားတဲ့သူတွေက ၇၅ ဦးရှိပါတယ်။

မေး ။ ။ အာဏာပိုင်တွေဘက်ကရော ကူညီလား။

ဖြေ ။ ။ မရှိဘူး။ အားလုံးနီးပါးက ကိုယ်ထူကိုယ်ထလုပ်ရတာပဲ။ မီးသတ်ဌာနဘက်ကတော့ ငလျင်လှုပ်ပြီး တနင်္ဂနွေနေ့လောက်မှ ပိတ်မိနေတဲ့သူတွေဘာတွေကို လိုက်ရှာတာပေါ့ဗျာ။ သူတို့ ရှာတဲ့အချိန် ပရဟိတအဖွဲ့တွေနဲ့ လူတွေက အကုန်ထုတ်ပြီးကုန်ပြီ။ ပရဟိတတွေကတော့ တော်တော်ကို အလုပ်လုပ်ကြပါတယ်။

မေး ။ ။ ရမည်းသင်းက ရေဘေးလည်း ကြုံခဲ့တော့ ရေဘေးသင့်တဲ့နေရာတွေမှာရော ငလျင်ကြောင့် ထိခိုက်မှုအခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ရေကြီးခဲ့တဲ့နေရာက ရမည်းသင်းနဲ့ ၁၈ မိုင်၊ ၁၉ မိုင်လောက်ဝေးပါတယ်။ တောင်ပေါ်ဒေသပေါ့။ ရေကြီးပြီး မြေပြိုတုန်းက အဲဒီတစ်ရွာလုံး လူ ရာနဲ့ချီ မြေကြီးအောက်ရောက်သွားတယ်။ အိမ်တွေ မြေအောက်ထဲရောက်သွားတယ်။ အဲဒီက လူတွေကို မြေတိုင်းရုံးဘက်က မြေကွက်တွေဘာတွေ ပြန်ချပေးထားတယ်။ ဒါပေမယ့် သူတို့ ဝေစု မရကြသေးတာလည်းရှိတယ်။ အခုလက်ရှိ ငလျင်နဲ့ပတ်သက်ပြီး အဲဒီဘက်နဲ့ ဖုန်းအဆက်အသွယ်မရတော့ သတင်းက ပြတ်နေတယ်ဗျ။ ငလျင်အသေးလေးတွေကလည်း မကြာခဏလှုပ်တော့ အဲဒီဘက်သွားတဲ့သူလည်းမရှိဘူးဖြစ်နေတာပေါ့။ သီးကုန်းဆိုတဲ့ ရွာတစ်ရွာမှာတော့ ငလျင်ဒဏ်ကြောင့် အခြေအနေဆိုးတယ်ကြားတယ်။

မေး ။ ။ ငလျင်ကြောင့် ဘာလိုအပ်ချက်တွေရှိပါသလဲ။ အခုက ဘယ်လိုနေထိုင်နေကြလဲ။

ဖြေ ။ ။ ရွာတွေဘက်တော့ သေချာမသိဘူး။ ဆင်းကြည့်မှပဲ သိမှာပါ။ သီးကုန်းဆိုတဲ့ရွာဘက်မှာတော့ အိမ်ပြိုတာတွေ ဘာတွေရှိတယ်။ အိမ်ပြိုတဲ့သူတွေအတွက်တော့ ခေါင်းအုံး၊ အိပ်ယာလိပ်တို့ကတော့ မပါမဖြစ်ပေါ့။ မိုးကာပေါ့။ နေပူဒဏ်ခံနိုင်မယ့်အရာပေါ့။ တချို့မပြေလည်တဲ့သူတွေအတွက် ဝယ်ရမယ့်အခြေအနေဖြစ်နေတယ်။ စောင်၊ ခြင်ထောင်လိုအပ်မယ်။ ကျွန်တော်တို့ဘက်က နယ်ဘက်ဆိုတော့ ခြံဝန်းတွေနဲ့ပေါ့။ အဲဒါ ကိုယ့်ခြံဝန်းတွေမှာပဲ ဖျာခင်း၊ ခြင်ထောင်ထောင်အိပ်ကြတာ။ ကျွန်တော်တို့အိမ်ဆိုလည်း နှစ် ၉၀ နီးပါးသက်တမ်းရှိတဲ့နေရာဗျာ။ ပြိုတော့ မပြိုသွားဘူး။ ယိုင်သွားတယ်။ အောက်မှာပဲ  အမိုးလုပ်ပြီးနေတယ်။ အိပ်တယ်။ ထမင်းချက်စားတယ်ပေါ့။ လမ်းထဲက အိမ်တွေကတော့ အကုန်အဲဒီလိုနေကြတာပဲ။ အခုကတော့ အပူချိန်က ၃၉ ဒီဂရီကနေ ၄၁ ဒီဂရီအထိလောက်ထိ ရှိတယ်။ ဥပုသ်လပြီးတော့ ပိုပူလာတယ်။ လူကြီးတွေ သွေးတိုးသမားတွေအတွက် အဆင်မပြေဘူးပေါ့။

‌မေး ။ ။ ငလျင်မလှုပ်ခင်ကအခြေအနေနဲ့ ငလျင်လှုပ်ပြီးအခြေအနေ ဘာတွေပြောင်းလဲသွားလဲ။

ဖြေ ။ ။ အဓိကတော့ ကုန်ဈေးနှုန်းတက်သွားတယ်။ ငလျင်လှုပ်ပြီးသွားတဲ့နောက် လူတွေက အရောင်းအဝယ် စီးပွားရေး အကုန်ထိခိုက်သွားတာပေါ့။ အလုပ်ကလည်း နဂိုကတည်းက ရရစားစားများတယ်။ ဝန်ထမ်းများတယ်။ ဒီလိုဖြစ်သွားတဲ့အပေါ်မှာ ခြိုးခြံပြီးနေရတော့တာပေါ့။ ကြက်ဥတစ်လုံးက အရင် ၅၀၀ ရောင်းတာကနေ ၈၀၀ ရောင်းတယ်။ တချို့လည်း ၁၀၀၀ ရောင်းတယ်။ အခုတော့ ၅၅၀၊ ၆၀၀ ဝန်းကျင်ပြန်ရောင်းနေပါတယ်။ လျှပ်စစ်မီးက အခုထိကို လုံးဝမလာတာ။ ငလျင်လှုပ်တဲ့နေ့က ၁၂း၅၀ မှာ ပျက်သွားတဲ့ မီး။ အဲဒါ ဆိုလာပြားရှိတဲ့ ဗလီမှာ အားသွင်းကြိုးပေါက်တွေ ထားပေးထားတယ်။ အိမ်ကနေ အားသွင်းကြိုးယူလာ၊ စောင့်ပြီးတော့သွင်းပေါ့။ ဘုန်းကြီးကျောင်းတွေက ဆိုလာပြားတွေ ပျက်သွားတော့ မလုပ်ပေးနိုင်ဘူး။ ချမ်းသာတဲ့အိမ်တွေကတော့ မီးစက်မောင်းပြီးလုပ်ပေးတာတွေရှိတယ်။ အဲဒီမှာလည်း အားသွားသွင်းတာတွေရှိတယ်။

မေး ။ ။ ရမည်းသင်းမြို့မှာ ငလျင်ကြောင့် ထိခိုက်သွားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါဦး။

ဖြေ ။ ။  တကယ်လိုအပ်တဲ့သူတွေ လက်ထဲကို ရောက်စေချင်တာပေါ့။ ဒုက္ခရောက်တဲ့အချိန်မှာ အားလုံးက လူတန်းစားတစ်ညီတည်းဖြစ်သွားပြီလေ။ ပြန်လည်ထူထောင်ရေးက ကျွန်တော့်အထင်တော့ ၅ လ၊ ၆ လလောက်တော့ သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်လုပ်လက်စားများတဲ့ မြို့၊ ဝန်ထမ်းမြို့။ လူလတ်တန်းစားများတယ်၊ ချမ်းသာတဲ့သူနည်းတယ်။ လူတွေကတော့ ပုံမှန်သွားလာနေကြတာပဲ။ အဆင်ပြေသလားသွားမေးရင် ဘယ်သူမှတော့ အဆင်ပြေတယ်လို့ပြောမှာမဟုတ်ဘူး။ ငလျင်လှုပ်တဲ့နေ့က ကျွန်တော်လည်း ဗလီထဲမှာပဲ။ ကံကောင်းလို့ လွတ်လာတာပေါ့။ တချို့ဗလီတွေက ထွက်ပေါက်တွေ ကျဉ်းတယ်။ အရေးပေါ်ထွက်ပေါက်တွေတော့ရှိတယ်၊ အာဏာပိုင်တွေကဗျာ၊ ရေကြီးတုန်းကရယ်၊ ကိုဗစ်တုန်းကရယ် မလိုတဲ့အပေါက်တွေ ပိတ်ထားဖို့ပြောတော့ ကျွန်တော်တို့ဘက်က လူတွေက တကယ်ဆောင်ရွက်ကြတယ်။ သောကြာနေ့ ဂျွန်မာနေ့ ဝတ်ပြုတဲ့အချိန်
ငလျင်ပြင်းပြင်းထန်ထန်လှုပ်တဲ့ အချိန်မှာ ပြေးပေါက်မရှိဘူးပေါ့ဗျာ။ အဲဒါကြောင့် တချို့ သေကြတယ်။ တချို့လည်း တစ်ခါတည်း ပြေးချိန်မရဘဲ ဆုံးသွားတာပေါ့။ 

Related Articles

Back to top button