မေးမြန်းခန်းအာဘော်

“အခုချိန်မှာ ….အရူးမီးဝိုင်းသလိုမျိုးပဲ”- ပျဉ်းမနားမြို့မှ အစ္စလာမ်ဘာသာဝင်တစ်ဦး

မတ် ၂၈ ငလျင်ကြောင့် ဗလီများတွင် သေဆုံးမှု လွန်စွာ များပြားနေရသည့် အကြောင်းရင်း ၃ ခုကို ပျဉ်းမနားမြို့မှ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောပြထားသည်။

ယမန်နေ့ (မတ်၂၈ ရက်) သောကြာနေ့ မွန်းလွဲ ၁ နာရီခန့်တွင် လှုပ်သွားသည့် အင်အားပြင်းငလျင်ကြောင့် ဗုဒ္ဓဘာသာဘုရားကျောင်းကန်အဆောက်အဦများ၊ ခရစ်ယာန်ဘာသာဝင်များ၏ ဘုရားကျောင်းများနှင့် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီများ ပြိုကျပျက်စီးခဲ့သည်။

အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များသည် ရာမဇာန်ဥပုသ်လ၏ သောကြာနေ့ ဝတ်ပြုနေချိန်ဖြစ်သဖြင့် ငလျင်ဘေး တွေ့ကြုံခဲ့ရရာ လူထိခိုက်သေဆုံးမှုများပြားကြောင်း သိရသည်။

အဆိုပါငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ရာနှင့်ချီသေဆုံးကြောင်း မွတ်ဆလင်တချို့ထံက သိရသည်။

ငလျင်ကြောင့် ဗလီများပြိုကျသည့်အခြေအနေနှင့် ထိခိုက်သေဆုံးမှုအခြေအနေကို သိရှိနိုင်ရန် ပျဉ်းမနား မြို့နယ်အခြေအနေ သိရှိသည့် အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးကို Myanmar Now က ဆက်သွယ် မေးမြန်းထားပါသည်။

တစ်နိုင်ငံလုံးမှ ဗလီ ၂၀ ကျော် ပြိုကျပျက်စီးခဲ့ရာ ဗလီများပြိုကျရသည့်အကြောင်းအရင်းနှင့် အစ္စလာမ်ဘာသာဝင်တို့၏ စိုးရိမ်ပူပန်မှုသောကများ အကြောင်း ၎င်းက ပြောထားသည်။ 

မေး –  ငလျင်ကြောင့် နိုင်ငံအနှံ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ ပြိုကျပျက်စီးရတာတွေ ရှိပါတယ်။ အလားတူ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြု တဲ့ ဗလီတွေလည်း ပြိုကျတယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ ဆရာသိသလောက် ဗလီတွေထိခိုက်မှု အခြေအနေပြောပြလို့ရမလား။

ဖြေ –  ကျွန်တော်သိရသလောက် ပျဉ်းမနားမြို့မှာ ဗလီ ၄ လုံးလောက် ပြိုကျပျက်စီးသွားတယ်။ လူ သေဆုံးမှုလည်းရှိတယ်။ လယ်ဝေးမြို့မှာတော့ ဗလီ ၁ လုံး ပျက်စီးပြိုကျသွားတယ်ပေါ့။ ဒဏ်ရာရတဲ့သူ လည်း ရှိသလို လူသေဆုံးမှုလည်းရှိတယ်။ ပျဉ်းမနားမြို့မှာတော့ ပိုပြီးတော့ လူသေဆုံးမှုတွေရှိတယ်။ နောက်ပြီးတော့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွေလည်း ပျဉ်းမနားမြို့မှာ ပျက်စီးသွားတယ် .. ပြိုကျကုန်တယ်ပေါ့။ လူသေဆုံးမှုအတိအကျတော့ ကျွန်တော်တို့ အခုထိတော့ အတည်မပြုနိုင်သေးဘူး ။  လက်ရှိလောလောဆယ် ကျွန်တော်သိထားသလောက်ကတော့ လူအယောက် ၂၀ အထက်မှာ ရှိတယ်။ ကျွန်တော့်မိတ်ဆွေရဲ့ဇနီးလည်း ဈေးထဲမှာ ဈေးရောင်းနေရင်း ငလျင်ဒဏ်ကြောင့် သေဆုံးသွားတယ်။

မေး –  ငလျင်လှုပ်တာက ဘယ်လောက်အထိ ပြင်းထန်ပါသလဲ။

ဖြေ – သန်သန်မာမာလူတွေတောင် မတ်တပ်ရပ်နေ ရင်း နဲ့ မူးဝေသွားကြတာ။ တချို့လူတွေဆိုရင် ဒီအချိန်ကြီးကတော့ သောကြာနေ့ ဂျွန်မာနမားဇ် ဖတ်နေတဲ့ အချိန် ၊ တချို့ဗလီတွေကလည်း ဒီအချိန်မှာ ဗုဒ္ဓဘာသာလိုဆိုရင် ပဋ္ဌာန်းစာဖတ်တဲ့ပုံစံမျိုးပေါ့၊ တချို့ ဗလီဆရာတွေလည်း စင်ပေါ်တက်ပြီး ကျမ်းစာရွတ်နေတဲ့အချိန်မှာပဲ ပြုတ်ကျသွားတဲ့သူတွေရှိတယ်။ တချို့လူတွေဆိုရင် နမားဇ်ဖတ်နေရင်းနဲ့ ဝတ်ပြုနေရင်းနဲ့ကို ပစ်လဲပြီးတော့ အမိုးတွေအောက် ပိသွားတဲ့သူ တွေလည်းရှိတယ်။ ငလျင်ကတော့ တော်တော်ကြမ်းတယ်။ နောက်မှာနေတဲ့လူလောက်သာ လွတ်သွားတာ။ အထဲမှာရှိတဲ့သူက ဒဏ်ရာရတဲ့သူလည်းများတယ်။ သေဆုံးသူလည်းများတယ်။ ပျဉ်းမနားမြို့မှာက ပျဉ်းမနားမြို့ ရွာကောက်ဗလီမှာတော့ လူ ၅ ဦး သေဆုံးသွားတယ်ပေါ့၊ ဝတ်ပြုရင်းနဲ့ ။

မေး –  ကယ်ဆယ်ရေးလုပ်ဆောင်မှုအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ – လမ်းပန်းဆက်သွယ်ရေးကတော့ အမြန်လမ်းက တော်တော်လေး ထိခိုက်ပျက်စီးသွားတယ်။ မြို့တွင်း ကယ်ဆယ်ရေးမှာတော့ မြို့တွင်း ပရဟိတအဖွဲ့နဲ့ ရပ်ကွက်သူရပ်ကွက်သားတွေပဲ ဝိုင်းလုပ်တယ်။  နေပြည်တော်ဘက်မှာတော့ မိတ်ဆွေတွေကို ဖုန်းဆက်ကြည့်တော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာပြီးကြည့်သွားတယ်ဆိုတဲ့ သတင်းတော့ ကြားတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးပိုင်းမှာတော့ ဘာမှလုပ်နေတာတော့မရှိဘူးလို့ သတင်းရတယ်။ ပျောက်ဆုံးနေတဲ့သူတွေကတော့ ရှိသေးတယ်။ ဗလီတွေမှာ အမိုးတွေပြိုကျတာ ပိနေတာ။ လူအင်အားလည်းနည်းတယ်။ ကယ်ဆယ်ရေးအင်အားလည်း နည်းတဲ့အတွက်ကို ကောင်းကောင်းရှာဖွေလို့ မရသေးဘူး။ ထပ်ပြီးတော့ သေဆုံးသူတွေ၊ ပျောက်ဆုံးသူတွေ ပေါ်လာနိုင်သေးတယ်။

ငလျင်ဒဏ်သင့်ပြီးနောက် မြင်ရသည့် ပျဉ်းမနားမြို့တွင်းမြင်ကွင်း (ဓာတ်ပုံ- ပေးပို့)

မေး –  ဗလီတွေမှာ ဘာကြောင့် ထိခိုက်သေဆုံးမှုများရတာလဲ။

ဖြေ –  ပြီးခဲ့တဲ့ ၂၇ ရက်နေ့ညပေါ့။ ဒီညဟာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေအတွက်ဆိုရင် အလွန် တရာမွန်မြတ်တဲ့  ညတစ်ညဖြစ်တယ်။  ကျွန်တော်တို့ရဲ့ ဥပုသ်လဖြစ်တဲ့ ရာမဇာန်လရယ် ရိုဇာ ၂၇ လုံးရဲ့ညဟာ မွန်မြတ်တဲ့လဆိုပြီး ကျွန်တော်တို့ရဲ့ တမန်တော်က အမိန့်ရှိထားတယ်။ အဲဒီအတွက်ကို ဒီလိုညတွေမှာ လူတွေအားလုံးက တခြားရက်တွေမှာ ဥပုသ်သီလ မစောင့်ဘူး၊ ရာမဇာန် မယူဘူးဆိုရင်တောင် ဒီညမှာ မြန်မာပြည်မှာ မွတ်ဆလင်လူပေါင်း ၁ သန်းရှိရင် ၉၉ ရာခိုင်နှုန်းလောက်က ဥပုသ်သီလကို စောင့်တယ်။  ၂၈ ရက်နေ့ဆိုရင် အများစုက အလုပ်တွေဘာတွေ အနားယူပြီးတော့ ဥပုသ်ကို စောင့်ကြတယ်။ ဒီလို အလုပ်တွေနားတဲ့အတွက် ဗလီထဲမှာ လူက အရင်ရက်တွေထက်ကို ပိုများတယ်။ 

နောက်တစ်ချက်က တစ်ပတ်မှာ တစ်ရက် ဂျွန်မာနေ့ဆိုတာရှိတယ်။ အဲဒီနေ့မှာ လူအများစု က ဗလီတွေမှာ ဝတ်ပြုဆုတောင်းကြတယ်။ ဂျွန်မာအချိန်ကလည်း ၁၂ နာရီသို့မဟုတ် ၊ ၁ နာရီ ၁ နာရီခွဲ အထိ ဗလီတစ်လုံးနဲ့ တစ်လုံး မြို့တစ်မြို့နဲ့တစ်မြို့ အချိန်ကတော့ မတူကြဘူး။ 

ဒီလိုအချိန်က များသောအားဖြင့် ၁၂ နာရီနဲ့ ၁ နာရီကြားမှာ လူအားလုံးက ဗလီထဲ စုရုံးပြီး ရောက်ရှိနေ ကြတာဖြစ်တယ်။ အဲဒါကြောင့် ဗလီအများစုမှာရှိနေတဲ့ မွတ်ဆလင်အများစု ထိခိုက်သွားကြတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က အားလုံးဝတ်ပြုဆုတောင်းတဲ့ အချိန်လည်းဖြစ်တယ်။ အဲဒါကြောင့် ထိခိုက်ပျက်စီးမှုများတယ်။ 

နောက်တစ်ချက်က ကျွန်တော်တို့ ဗလီတွေက နှစ်ပေါင်း ၃၀ ၊ ၅၀ ၊ ၁၀၀ စတဲ့ နှစ်ရှည်ကြာနေတဲ့ ဗလီတွေ ဖြစ်တယ်။ ကျွန်တော်တို့ ဗလီတွေမှာ ပြင်ဆင်ခွင့်ဆိုတာမရှိဘူး။ ပျက်စီးနေတယ်၊ ပြင်ဆင်လို့မရဘူး.. မွမ်းမံလို့မရဘူး…ဆွေးမြေ့နေတယ်။ ဒါကြောင့် ဗလီတွေက အများစုပြိုတယ်။ ခိုင်ခံ့မှုမရှိတဲ့ဗလီတွေမှာ ဝတ်ပြုဆုတောင်းရတဲ့ မွတ်ဆလင်အများစုကလည်း ဒီအကြောင်းအရင်းကြောင့်ပဲ သေဆုံးရတာ ဖြစ်တယ်။

မေး –  ဗလီတွေ ပြင်ဆင်ခွင့် မရတာက ဘယ်ခေတ်ကာလလောက်ကတည်း ဖြစ်မလဲ။ အစိုးရ အဆက်ဆက်က ပြင်ခွင့်မပေးတာလား။

ဖြေ –  ကျွန်တော်သိသလောက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ များသောအားဖြင့်က တချို့ဗလီတွေဆိုရင် နှစ်ပေါင်း ၁၀၀ ကျော် ဗလီတွေတောင်ရှိတယ်။ ဒါပေမယ့် မြန်မာပြည်မှာရှိတဲ့အစိုးရ ခေတ်အဆက်ဆက်၊ စစ်တပ်အုပ်စုအဆက်ဆက်ရော NLD အစိုးရ ခေတ်အဆက်ဆက်မှာရော ဗလီဝတ်ကျောင်းတော်တွေ ပြင်ဆင်ခွင့် မရခဲ့ဘူး။ ပြင်ဆင်ခွင့်တင်တယ်။ ပြင်ဆင်ခွင့်မပေးဘူး။ အစိုးရဘက်ရော စည်ပင်ဘက်ရော ဘယ်လိုမှ ပြင်ဆင်ခွင့်မရဘူး။ နောက်ဆုံးအပြင်ပန်းဆေးသုတ်ရင်တောင် ငွေကြေးအမြောက်အများ ပေးပြီးတော့မှ လုပ်ရတာတွေရှိတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ဗလီတွေက ကြံ့ခိုင်မှုအပိုင်းမှာ၊ ခိုင်ခံ့မှု အပိုင်းမှာတော်တော်လေးအားနည်းတယ်။ တချို့ဗလီတွေဆိုရင် အလိုလိုနေရင်း ငလျင်တောင် မဟုတ်ဘူး၊  အလိုလိုနေရင်းအုတ်နံရံတွေ ပြိုကျတာတွေဘာတွေရှိတယ်။

မန္တလေးမြို့  ၈၄ လမ်းနှင့် ၄၅ လမ်းကြားရှိ ရွှေဘုန်းရှိန်ဗလီ ပြိုကျနေသည်ကို ယမန်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- NYi Nyi Naing)

မေး –  ဗလီတွေမှာ ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေရင်း အသက်ဆုံးရှုံးရတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ – သေဆုံးမှုကတော့ အများအမြင်မှာတော့ ဝမ်းနည်းစရာပေါ့။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေ အတွက်ကြတော့ အလွန်မွန်မြတ်တဲ့ သေဆုံးခြင်းဖြစ်တယ်။ ဥပုသ်လဖြစ်တယ်။ ရာမဇာန်လဖြစ်တယ်။ ဂျွန်မာနေ့ဖြစ်တယ်။ သောကြာနေ့ဖြစ်တယ်။ ဝတ်ပြုနေတဲ့အချိန်သေဆုံးခြင်းဟာ ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေအတွက် သေဆုံးခြင်းတွေထဲက အလွန်မွန်မြတ်တဲ့ ရှဟီးဒ်ဆိုတာကို ကျွန်တော်တို့ အလ္လာရှင်မြတ်က ပေးအပ်မှာဖြစ်တယ်။ သေဆုံးသွားတဲ့သူတွေအားလုံးအတွက် ဝမ်းလည်းဝမ်းနည်းပါတယ်။ မိသားစုတွေနဲ့ထပ်တူ ကျွန်တော်လည်းခံစားရသလို မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ….ဘာသာ အားလုံး ခံစားရမယ်လို့ ယုံကြည်ပါတယ်။ သို့သော်လည်း အလွန်ဂုဏ်ယူဖွယ်ကောင်းတဲ့ သေဆုံးခြင်းလို့ ကျွန်တော့်အနေနဲ့ မှတ်ချက်ပြုပါတယ်။

မေး –  ကျွန်တော်မေးတဲ့အထဲက လိုအပ်တာတွေရှိရင် ဖြည့်စွက်ပြောပေးပါဦး။

ဖြေ – လက်ရှိမှာတော့ ဝတ်ပြုနေတဲ့အချိန်ဖြစ်တဲ့အတွက် မွတ်ဆလင်အများစုထိခိုက်တယ်။ ဗလီတွေအများဆုံး ပျက်စီးတယ်။ မြန်မာနိုင်ငံအတိုင်းအတာနဲ့ဆိုရင်တောင် မန္တလေးတိုင်းရှိမယ်။ စစ်ကိုင်းတိုင်းရှိမယ်။ မိတ္ထီလာရှိမယ်။ နေပြည်တော်၊ ပျဉ်းမနား ၊ တောင်ငူ၊ နေပြည်တော်မှာတော့ ဗလီမရှိဘူး။ ပျဉ်းမနားမှာ ရှိတယ်။ တောင်ငူမှာရှိတယ်။ ကျွန်တော်သတင်းရသလောက်တောင် ဗလီပေါင်းအလုံးရေ ၂၀ ထက်မနည်း ၊ ပျက်စီးကုန်တယ်။

ကျွန်တော်တို့ ဟိုအရင်အချိန်ကတောင် ဗလီတွေက ပြင်ဆင်ခွင့်မရဘူး။ ဒီအချိန်မှာ ကျွန်တော်တို့ ဗလီတွေ ပြန်ပြီး ပြင်ဆင်ခွင့်ရပါ့မလားဆိုတဲ့ ခံစားချက်နဲ့ စဉ်းစားရင်းနဲ့ပဲ အခုအချိန်မှာတော်တော်လေး သောက ဖြစ်တယ်။ တော်တော်လေးလည်း ဝမ်းနည်းတယ်။ တော်တော်လေးလည်း ခံစားရတယ်။ မျက်ရည်လည်း ကျတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဗလီတွေက ပြင်ဆင်ခွင့်မရှိဘူး။ ဒါက မြန်မာနိုင်ငံမှာ သီးသန့် အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်ပြီးတော့ ဖိနှိပ်ထားတဲ့အရာလို့ ကျွန်တော်တို့ ခံစားရတယ်။ တချို့ ဗလီတွေဆိုရင် ပဋိပက္ခအခြေအနေကြောင့် ပိတ်ထားရတယ်။ ပြန်ဖွင့်ခွင့်မရဘူး။ ဖွင့်ဖို့မပြောနဲ့ သန့်ရှင်းရေးလုပ်ခွင့်တောင်မပေးဘူး။ ကန့်သတ်နယ်မြေလို့ တံဆိပ်ကပ်လိုက်တဲ့အချိန် ကစပြီး ဒီနေ့ ဒီအချိန်အထိ ကျွန်တော်တို့က ပြန်ပြီးပြင်ဆင်ခွင့်မရှိဘူး။ ဝတ်ပြုခွင့်မရှိဘူး။ သန့်ရှင်းရေးလုပ်ခွင့်တောင် မပေးဘူး။ အနားကို သွားလို့တောင်မရဘူး။ 

ဒီလိုမျိုး ဗလီတွေ တောင်ငူမှာလည်းရှိတယ်။ ချောက်မြို့မှာလည်းရှိတယ်။ မိတ္ထီလာမြို့မှာလည်းရှိတယ်။ နောက်တစ်ချက် ဖြည့်စွက်ပြီးပြောချင်တာက ပျဉ်းမနားမြို့မှာတော့ မြို့ထဲမှာအထိအခိုက်လည်း အရမ်းများတယ်။ သေဆုံးသူလည်းရှိတယ်။ ဒဏ်ရာရတဲ့သူလည်းရှိတယ်။ အခုအချိန်မှာ အရူးမီးဝိုင်း သလိုမျိုးပဲ။ လူတော်တော်များများကလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်။ အားလုံးကလည်း အဆင်မပြေတဲ့အချိန် ။ ဒီလိုအချိန်မှာ တစ်ယောက်ကို တစ်ယောက်မကူညီနိုင်ဘူး။ အစိုးရကိုလည်း မျှော်လင့်လို့မရဘူး။ ဒါကြောင့်ပဲ လူတွေအားလုံးက နိုင်တဲ့ဘက်ကနေ ဝိုင်းပြီးကူညီနေတယ်။ ကျွန်တော်တို့လည်း ပရဟိတ အဖွဲ့တွေနဲ့အတူ နိုင်သလောက်ဝိုင်းပြီးကူညီနေပါတယ်။ 

ယမန်နေ့က ပြိုကျခဲ့သော ဗလီတစ်ခု အတွင်းမြင်ကွင်း။

Related Articles

Back to top button