
ဆီဆိုင်မြို့နှင့် လွိုင်ကော်မြို့ကို ဆက်သွယ်ထားသော ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာနိုင်သဖြင့် အဆိုပါလမ်းကို အသုံးမပြုကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မတ်လ ၂၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။
ထိုလမ်းသည် ရှမ်းပြည်နယ်တောင်ပိုင်းမှ တစ်ဆင့် ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ်သို့ ဝင်နိုင်သော အဓိကလမ်းကြောင်း ၂ ခုအနက် တစ်ခုဖြစ်သည်။
ရှမ်းပြည်နယ် ဆီဆိုင်မြို့နှင့် ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်ကိုလည်း အာဏာသိမ်းတပ်က ထိန်းချုပ်ထားသည်။ လွိုင်ကော်တွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒ.က.စ) နှင့် လက်အောက်ခံ တပ်ရင်း ၁၀ ရင်း အခြေစိုက်ထားသည်။
ကြေညာချက် ထုတ်ပြန်သည့် KNDF ဗျူဟာ (၂) က စစ်ကောင်စီတပ်သည် ဆီဆိုင် – လွိုင်ကော်လမ်းတွင် စစ်ရေးလှုပ်ရှားမှု မျိုးစုံ ပြုလုပ်နေကြောင်းဆိုသည်။
ထို့ကြောင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်ချေရှိနေကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။
အဆိုပါလမ်းတစ်လျှောက် ယာဉ်ကြီး၊ ယာဉ်ငယ်ဖြင့် ခရီးသွားလာမှုကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းပြီး ပြည်သူလူထုလုံခြုံရေးအတွက် လိုက်နာကြရန် တိုက်တွန်းထားသည်။

ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမည့် မည်သည့်အကြောင်းအရာကိုမဆို KNDF ဗျူဟာ (၂) က တာဝန်ယူမည်မဟုတ်ကြောင်း ကြေညာချက်တွင် သတိပေးသည်။
အမည်မဖော်လိုသည့် KNDF သတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း ထိုလမ်း အသုံးပြုမှု တိုက်ခိုက်ခံရဖွယ်ရှိသည်ဟု ပြောသည်။
“စကစကနေ နောင်ထော်အထိ ထိုးဖို့ရှိတယ်။ အင်အားက ၅၀၀၊ ၆၀၀လောက် အနည်းဆုံးပဲ။ စစ်ကြောင်းထိုးရင်းနောက်ကရိက္ခာ စစ်ကူဘာညာက လိုက်လာမှာ။ စစ်ကားနဲ့လာဖို့နည်းပါတယ်။ အရပ်သားကားသုံးတော့ ကိုယ်တွေက ဖြတ်တိုက်တာတို့ဆို ကြားညပ်နိုင်ပါတယ်” ဟု သူက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဘက်မှ ကရင်နီပြည်နယ်ထဲကို ဝင်လာနိုင်သည့် ဖယ်ခုံ – မိုးဗြဲလမ်းတွင်လည်း ယခုနှစ်ဖေဖော်ဝါရီလမှ စတင်ကာ တိုက်ပွဲဆက်တိုက် ဖြစ်နေသည်။
မိုးဗြဲမြို့မြောက်ဘက် ၂ မိုင်အကွာတွင် ရှိသည့် ခမရ (၄၂၂) က ကရင်နီတော်လှန်ရေးတပ်များ သိမ်းထားသည့် မိုးဗြဲကို ပြန်သိမ်းနိုင်ရန် စစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်ဖြစ်နေခြင်း ဖြစ်သည်။
ကရင်နီပြည်နယ်အတွင်းပိုင်းရှိ ဘော်လခဲမြို့နယ်တွင်မူ စစ်ကောင်စီတပ်က ခံစစ်အနေအထားဖြစ်နေပြီး ကရင်နီပူးပေါင်းတပ်များက တိုက်စစ်ဆင်နေကြောင်း ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ထံက သိရသည်။
“မိမိဘက်က စစ်ဆင်တိုက်နေတာတော့ရှိပါတယ်။ အခြေအနေက လောလောဆယ် အတည်ပြုနိုင်တာမရှိပါဘူး။ ဆက်လက်စောင့်နေရပါဦးမယ်” ဟု သူက Myanmar Now ကို ပြောသည်။
ဘော်လခဲတွင် စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (စ.ဗ.ခ) တစ်ခုနှင့် လက်အောက်ခံ ခြေမြန်တပ်ရင်း ၃ ရင်းရှိသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ မတ်လ (၄) ရက်နေ့ထုတ် ကြေညာချက်တွင်လည်း ဘော်လခဲရှိ စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်မှုလုပ်ဆောင်လာသဖြင့် မော်ချီးဒေသသို့ ကုန်စည်ကူးသန်းရောင်းဝယ်နေသော မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း ဖော်ပြထားသည်။
ခဲသတ္တုတွင်းများရှိရမော်ချီးဒေသသည် ကရင်နီတော်လှန်ရေးတပ်များလက်သို့ ရောက်နေသည်။
ကရင်နီပြည်နယ်တွင် စစ်ရေးအရှိန်မြင့်တက်လာနေစဉ် လေတပ်က ကရင်နီပြည်နယ်ထဲသို့ မကြာခဏ ဗုံးကြဲနေကြောင်း IEC ထံက သိရသည်။
မတ်လ ၂၁ ရက် နံနက် ၁၀ နာရီတွင် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို ဗုံး၂လုံးလာကြဲပြီး စက်သေနတ်ဖြင့် ပစ်သွားသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ၁၃ နှစ်အရွယ် ယောက်ျားလေး တစ်ဦး ဒဏ်ရာရထားကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က Myanmar Now ကို ပြောသည်။
ထို့အပြင် စစ်ရှောင်များနေထိုင်ရာ တဲငယ်အချို့ လည်းထိခိုက်ပျက်စီးသွားကြောင်း ဦးဗညားခွန်အောင်က ပြောသည်။
ယခုလအတွင်း ကရင်နီပြည်နယ်တွင် အရပ်သားများ ထိခိုက်သေကြေစေသည့် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၅ ကြိမ် ရှိကြောင်း ၎င်းက Myanmar Now ကို ပြောသည်။
“၂ နေရာ ၃ နေရာမှာ စစ်ရေးအရ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အသေအပျောက် များတာတွေလည်း ပါတယ်။ အဲဒါကြောင့် လူထုတွေကို မဲပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပြောလို့ရပါတယ်” ဟု ဦးဗညားခွန်အောင်က မှတ်ချက်ပေးသည်။
