
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဆင်ဖြူကျွန်း- ဆိပ်ဖြူ ကားလမ်းမ တစ်လျှောက် စစ်ကြောင်းထိုးနေသည့် တပ်က ကျေးရွာ ၂ ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အမျိုးသမီး ၁ ဦး သေဆုံး၊ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မတ် ၁၂ ရက်နေ့တွင် အဆိုပါကားလမ်းမပေါ်ရှိ နေပူကန်ရွာ၊ နောက်တစ်နေ့တွင် ကပ်လျက် တည်ရှိသည့် ကုက္ကိုတန်းရွာကို ပစ်ခတ်သဖြင့် ရွာအတွင်း လက်နက်ကြီးများ ကျရောက် ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ခြင်း ဖြစ်သည်။
အိမ်ခြေ ၁၀၀ ခန့်ရှိသည့် နေပူကန်ကျေးရွာကိုလည်း မတ် ၁၂ ရက်နေ့ညနေက စစ်ကောင်စီတပ် ဝင်ရောက် မီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၈၀ ခန့် ပျက်စီးခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ မနှင်းဆီက ပြောသည်။
“ဆင်ဖြူကျွန်းကနေ ကျပင်းရွာအထိ ဝင်ထားတယ်၊ မနေ့က ညနေ ၄ နာရီ ၅၀ လောက်မှာ နေပူကန်ရွာကို မီးရှို့တာရှိပါတယ်၊ အိမ်ခြေ ၈၀ လောက် မီးသင့်သွားခဲ့ပါတယ်။ ဆင်ဖြူကျွန်းကနေ တညောင် (ရွာ) အထိ ကြားမှာ ရှိတဲ့ရွာတွေအကုန်လုံး ၂၄ ရွာလောက်အနည်းဆုံး ရှိပါတယ်၊ အားလုံးစစ်ရှောင်ရပါတယ်။ အိမ်ထောင်စုပေါင်း ၃၈၀၀ လောက် ရှိတယ်”ဟု ၎င်းက မတ်လ ၁၂ ရက်နေ့တွင် ပြောထားသည်။
ဒေသတွင်း ပစ်ခတ်မှု၊ ဖျက်ဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
မတ်လ ၁၄ ရက်နေ့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တစ်ခုတွင်မူ နေပူကန်ကျေးရွာရှိ နေအိမ်များဖျက်ဆီးမှုသတင်းကို ငြင်းဆိုထားသည်။
“လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများအား မီးရှို့ ဖျက်ဆီးမှုမရှိကြောင်း” နယ်မြေခံလုံခြုံရေး တာဝန်ရှိသူတစ်ဦးက ပြောသည် ဟု အာဏာသိမ်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။
မတ် ၁၃ ရက်နေ့ညက လက်နက်ကြီးဖြင့် ၇ ကြိမ်ခန့် ပစ်ခတ်ခဲ့သောကြောင့် အိမ်ခြေ ၄၀၀ ခန့် ရှိသော ကုက္ကိုလ်တန်းရွာမှ နေအိမ် ထက်ဝက်ခန့် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ကျွန်တော်တို့ ရွာရဲ့အိမ်ခြေစိပ်တဲ့နေရာမှာ ညက ၉ နာရီ ၄၅ မိနစ်မှာ လက်နက်ကြီးကျတာဗျ။ အိမ်ခြေ ၂၀၀ ကျော်လောက် မီးလောင်သွားတယ်” ဟု တိမ်းရှောင်နေသည့် ကုက္ကိုလ်တန်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
တော်လှန်ရေးရဲဘော်အချို့နှင့် ရွာခံလူငယ်များ မီးငြိမ်းသတ်နေစဉ်တွင်လည်း လက်နက်ကြီးဖြင့် ၂ ချက် ထပ်မံ ပစ်ခတ်ခံရသည်ဟုလည်း ဆိုသည်။
ကုက္ကိုလ်တန်းရွာသည် ဒေသတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကြောင့် မတ် ၈ ရက်နေ့က တည်းက ရွာလုံးကျွတ် တိမ်းရှောင်နေရသည်ဟု သိရသည်။
ရွာထဲသို့ စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် တရစပ် မပစ်ခတ်ခင် အပြန်အလှန်ပစ်ခတ်သံတချို့လည်း ကြားခဲ့သည်ဟု အဆိုပါရွာခံ စစ်ရှောင်များက ပြောကြသည်။
စစ်ကောင်စီသည် အခြေချတပ်စွဲထားသည့် ကျပင်းရွာမှ ယမန်နေ့ မတ် ၁၆ရက်နေ့တွင် ပြန်လည်ထွက်ခွာ သွားကြောင်း ဒေသခံများထံက သိရသည်။
“ကျပင်းရွာကစစ်ကြောင်းက နွယ်တမယ်ရွာဘက်ကို ပြန်ဆုတ်သွားပြီ။ ကျပင်းရွာကိုတော့ မီးမရှို့သွား ဘူး။ ကျပင်း (တောင်)ရွာမှာ တော်လှန်ရေးရဲဘော်တွေ နေတဲ့နေရာကိုတော့ မီးတိုက်သွားတယ်။ စစ်ကြောင်းက မနေ့က (တနင်္ဂနွေနေ့) နေ့လည်ဘက်လောက် စထွက်တယ်” ဟု အထက်ပါကုက္ကိုတန်း ရွာခံ အမျိုးသားက ပြောသည်။
ပြီးခဲ့သည့် မတ် ၇ ရက်နေ့တွင် ဆင်ဖြူကျွန်းမြို့မှ စစ်ကောင်စီတပ်က စလင်းမြို့နယ်အခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သော ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်များမှ စစ်သားများ နှင့်ပူးပေါင်း၍ စလင်းမြို့နယ်ရှိကားလမ်းပိုင်းတစ်လျှောက် စစ်ကြောင်းထိုးလာခဲ့သည်။

မတ် ၉ ရက်နေ့တွင် စလင်းမြို့နယ်ထဲ စစ်ကြောင်း ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့အပြီး မတ် ၉ ရက်နေ့မှ စတင်ကာ စလင်းမြို့နယ်ကားလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ စတင်လုပ်ဆောင်ခဲ့သည်။
မတ်လ ၉ ရက်နေ့ကလည်း ကျပင်းရွာအနီးကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၆ ကြိမ်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု စလင်းဒေသခံများက ပြောသည်။
ကာကွယ်ရေးအဖွဲ့များကလည်း အဆိိုပါလမ်းပိုင်းတစ်လျှောက် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြပြီး တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု စလင်းပအဖတာဝန်ခံ အမျိုးသမီးက ပြောသည်။
“တော်လှန်ရေးဘက်က လမ်းတွေလည်းပိတ်ထားတယ်၊ မိုင်းတွေ ထောင်ထားကြတယ်။ ဆင်ဖြူကျွန်း ကနေ စစ်ကြောင်းထွက်တော့ တောက်လျှောက်ထိတွေ့ကြတယ်။ အနီးကပ်မျက်နှာချင်းဆိုင် ပစ်ဖို့တော့ လက်နက်အင်အားမညီမျှလို့ မိုင်းတွေကိုပဲအားကိုးရတယ်”ဟု ထိုသူက ဆိုသည်။
ဆင်ဖြူကျွန်းမြို့၏အနောက်မြောက်ဘက် ၃ မိုင်အကွာ ကျပင်းရွာအနီးသို့ရောက်ရှိနေသည့် စစ်ကောင်စီ တပ်ကို မတ် ၁၃ ရက်ကတည်းက အင်အား ၄၀ ခန့် ထပ်ဖြည့်တင်းထားသည်ဟု သိရသည်။
“ကျပင်းရွာမှာ သူတို့ အင်အားထပ်ဖြည့်ထားတယ်။ ၄၀ ကျော်လို့ပြောတယ်။ လက်နက်ကြီးတွေကို သဲအိတ်တွေ မိုးကာတွေကာပြီး စစ်ကြောင်းက ကျပင်းမှာ ထိုင်နေတယ်” ဟု စစ်ရှောင် အခြားတစ်ဦးက ပြောသည်။
ဆင်ဖြူကျွန်းမြို့မြောက်ဘက် ၁၅ မိုင်အကွာတွင်ရှိသည့် တညောင်ကျေးရွာအထိ စလင်း-ဆိပ်ဖြူကား လမ်းမတလျှောက် ကားလမ်းပိုင်းနှင့်ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေ စိုးမိုးထားရာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခြင်း ဖြစ်သည်။
“တညောင်အထိ သူတို့ဆက်တိုးမယ့်သဘောရှိတယ်။ ဆင်ဖြူကျွန်းနဲ့ တညောင်ကြားက လမ်းပိုင်းကို သူတို့ပြန်ယူချင်လို့ စစ်ကြောင်းထိုးတာဖြစ်နိုင်တယ်” ဟု အထက်ပါ ပအဖ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စလင်းမြို့နယ်တွင် လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ ၆ ဖွဲ့ရှိပြီး မကြာသေးခင်က မဟာမိတ်တပ်ပေါင်းစု အဖြစ်ဖွဲ့စည်းထားသည်။
အဆိုပါ တပ်ရင်းတပ်ဖွဲ့များမှာ ဒေါင်းစစ်အောင် (LPDF)၊ ဗမာ့တပ်တော် အမှတ် (၇၀၇) တပ်ရင်း၊ SALIN (LPDF) နှင့် ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မင်းဘူးခရိုင် အမှတ် (၁) ၊ (၅) တပ်ရင်း တို့ ဖြစ်သည်။
လက်ရှိတွင် မီးလောင်ပျက်စီးထားသည့် နေပူကန်၊ ကုက္ကိုလ်တန်းရွာတို့အပါအဝင် ရွာပေါင်း ၂၄ ရွာခန့်မှ လူဦးရေ ၁၇,၀၀၀ ခန့်ရှိသော ဒေသခံများ ဆက်လက်တိမ်းရှောင်နေရပြီး လေကြောင်း အန္တရာယ် စိုးရိမ်နေကြသည်။
“စစ်ရှောင်တွေ တချို့က ယာကွက်တွေထဲက တဲကလေးတွေမှာ နေကြတယ်။ တချို့ကလည်း ဘုရား ကျောင်းကန်တချို့မှာခိုကြရတယ်။ လေကြောင်းက ဘုရားကျောင်းကန်တွေပါ မချန်ဘူးဆိုတော့ နည်းနည်းတော့ စိုးရိမ်ရတယ်” ဟု စလင်းမြို့နယ်အုပ်ချုပ်ရေးတာဝန်ခံ အမျိုးသမီးက ပြောသည်။
စလင်းဒေသခံများက စစ်ကောင်စီလက်နက်ကိုင်တို့ စလင်းတွင် စစ်ကြောင်းထိုးနေစဉ်တွင် နောက်ထပ်စစ်ကြောင်းတစ်ကြောင်းကလည်း ကား ၅ စီးဖြင့် လက်နက်ကြီးများတင်ဆောင်ကာ ပွင့်ဖြူမြို့နယ်မှ စလင်းကိုဖြတ်ပြီး တညောင်ရွာမှတဆင့် ဆိပ်ဖြူ မြို့နယ်ဘက်သို့ ရောက်ရှိ သွားကြောင်း ပြောသည်။
“တခြားရွာတွေမှာ တချို့တဝက်လောက်တော့ ရွာထဲပြန်ဝင်ကြတယ်။ ကျွန်တော်တို့ဘက်ခြမ်းကတော့ ပြန်မနေကြသေးဘူး။ ရွာမှာက ဘာတစ်ခုမှမကျန်တော့ဘူး ပြာပုံကြီးဖြစ်သွားတာ။ တချို့အိမ်တွေက ပြီးခဲ့တဲ့ ၂ နှစ် သုံးနှစ်လောက်မှဆောက်ထားတဲ့အိမ်လေးတွေ။ အခုကတော့ ယာပြင်တွေထဲမှာပဲ သစ်ပင်လေးတွေခုတ်ပြီး ထန်းရွက်တဲလေးတွေနဲ့ နေရတော့မယ်” ဟု ကုက္ကိုတန်းရွာခံအမျိုးသားက ပြောသည်။
မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့ဆုံရာ ရေလယ်ကျွန်းဒေသတွင် အင်အား ၁၈၀ ခန့်ဖြင့် စစ်ကောင်စီ စစ်ကြောင်းကလည်း ၂ ပတ်ကျော် ကြာ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ ၁၈ ဦး သတ်ဖြတ်ခံထားရသည်၊ ဖေဖော်ဝါရီနောက်ဆုံးပတ်ကတည်းက လူဦးရေ ၂ သောင်းခန့် စစ်ရှောင်နေရသည်။
စလင်းမြို့ အနောက်တောင်ဘက် မိုင် ၅၀ ကျော်အကွာ ရခိုင်းရိုးမအစပ် ငဖဲမြို့နယ်အတွင်း စစ်ကောင်စီ တပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များ တိုက်ပွဲများဖြစ်နေရာ အနီးဆုံးရှိ မင်းဘူးမြို့မှ တပ်များ ပွင့်ဖြူမြို့ဘက်သို့ အင်အားတိုးချထားကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ပွင့်ဖြူမြို့နယ်ပအဖတာဝန်ခံကလည်း အလားတူ ပြောသည်။
“အခုက ပွင့်ဖြူဘက်မှာ လုံခြုံရေး ချထားတာတွေရှိတယ်၊ ပုသိမ်-မုံရွာလမ်းမှာရော ဆည်တော်ရွာမှာလည်းလုံခြုံရေးချထားတယ် ။ မဲဇလီတံတား ထိပ် (ပုသိမ်-မုံရွာလမ်း)“ ဟု သူက ပြောသည်။
စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရာ ကပစ စက်ရုံ ၂၅ ရုံအနက် ၁၅ ရုံမှာ မကွေးတိုင်းမှ ဖြစ်သောကြောင့် AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ် မကွေးတိုင်းအတွင်း မရောက်လာစေရန် စစ်တပ်က အင်အားများ ဖြည့်တင်းနေသည်။
