
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေသည်မှာ နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်ရာ ကရင်နီတပ်ပေါင်းစုက စခန်းအချို့လက်လွှတ်ထားရပြီး နေ့စဉ် ရက်ဆက် တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။
ယမန်နှစ်ကပင် စစ်တပ်က မြို့မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင်ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တွင် စစ်အင်အားတိုးချဲ့ချထားသည်၊ ဇန်နဝါရီ ၁၉ ရက်နေ့မှ စတင်ကာ ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။
ဖယ်ခုံရှိ စစ်တပ်က မြို့မြောက်ဘက်(၃)မိုင်ခန့်အကွာတွင်ရှိသည့် ခမရ(၄၂၂)၏ စစ်ကြောင်းများနှင့် ပူးပေါင်းကာ ထိုးစစ်ဆင်လာသည်ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တိုက်ပွဲက အခုထိဖြစ်နေတုန်းပါပဲ။ ကျွန်တော်တို့ဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သိမ်းယူခဲ့တဲ့ သူတို့ရဲ့ အထိုင်နေရာ ၅ ခုလောက်ထဲက ၃ ခုလောက်ကို ပြန်ပေးလိုက်ရတယ်” ဟု အဆိုပါ KNDF တပ်ဖွဲ့ဝင်က ပြောသည်။
မိုးဗြဲမြို့ကို ၂၀၂၃ နိုဝင်ဘာလက စတင်ခဲ့သည့် ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်၊ မြို့အနီးရှိ ခမရ(၄၂၂)ကိုမူ သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပေ။
တိုက်ပွဲအပြင်းထန်ဆုံး နေရာမှာ ခမရ(၄၂၂)နှင့် မိုးဗြဲမြို့ကြားတွင် ဖြစ်သည်၊ စစ်ကောင်စီတပ်က ထိုနေရာသို့ အင်အား ထပ်မံဖြည့်တင်းနိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများသာမက တစ်ခါသုံး အသေခံဒရုန်းများလည်း အသုံးပြုနေသည်၊ နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိနေသည်ဟု သိရသည်။
မိုးဗြဲတိုက်ပွဲအတွင်း KA, KNDF, ကယန်းအမျိုးသားကာကွယ်ရေးတပ်မတော်(KNA) နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့တချို့ ပါဝင်တိုက်ခိုက်နေသည်။
KNDF တပ်ရင်း(၃)၏ မတ် ၆ ရက် ထုတ်ပြန်ချက်အရ မိုးဗြဲတိုက်ပွဲတွင် KNDF တပ်ရင်း(၃)မှ ၆ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ ယခင်လကလည်း မိုးမြဲတိုက်ပွဲအတွင်း KNDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့သည်ဟု KNDF တပ်ရင်းအချို့က ထုတ်ပြန်ထားသည်။
မိုးဗြဲတိုက်ပွဲအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် တပ်သားသစ်အများအပြား ပါဝင်နေပြီး ကျဆုံးသူအများစုမှာ တပ်သားသစ်များဖြစ်သည်၊ ထို့အပြင် လက်နက်ချသည့် စစ်ကောင်စီတပ်သားများလည်းရှိနေပြီး ၎င်းတို့ကို ကောင်းမွန်စွာစောင့်ရှောက်ထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ စစ်ကောင်စီတပ်၏ ထိုးစစ် လျော့ကျသွားသည်၊ လေတပ်ဗုံးကြဲမှုနှင့် ခမရ(၄၂၂)၏ လက်နက်ကြီး ပစ်ခတ်မှုတို့ နေ့စဉ်ရှိသည်ဟု အထက်ပါ KNDF တပ်ဖွဲ့ဝင်က ပြောသည်။
“သူတို့ရဲ့ ထိုးစစ်က ရှေ့ဆက်မတိုးနိုင်ဘဲ အရှိန်လျော့ပြီးတန့်နေတယ်။ လူသူလက်နက်အင်အား ထပ်မံဖြည့်တင်းပြီးမှ တစ်ဖန်ပြန်စမလားပဲ။ အခုက နှစ်ဘက်တပ် စစ်ဆိုင်ထားတဲ့ အခြေအနေကနေ ထိတွေ့မှုလေးတွေကတော့ နေ့တိုင်းလိုလိုဖြစ်နေတာပေါ့” ဟု သူက ပြောသည်။
မိုးဗြဲမြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ပြီး အခိုင်အမာ နေရာယူထားဆဲဖြစ်ပြီး စစ်တပ်က မြို့ပြင်တွင် ရှိနေသည်ဟု သိရသည်။
စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်လျှင် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်မည်ဖြစ်သည့်အတွက် တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်ခြေရှိသည်ဟု မိုးဗြဲ ရှေ့တန်းတပ်ဖွဲ့များက သုံးသပ်ပြောဆိုသည်။
၂၀၂၃ အောက်တိုဘာလက ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA, MNDAA နှင့် AA တို့က ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်တစ်လတွင် ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့က ကရင်နီပြည်နယ်အတွင်း ၁၁၁၁ စစ်ဆင်ရေးကို စတင်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးတွင် ကရင်နီပူးပေါင်းတပ်များက မိုးဗြဲမြို့အပါအဝင် ရှားတော၊ နန်းမယ်ခုံ၊ ဒီမောဆို၊ ရွာသစ်၊ မယ်စဲ့၊ မော်ချီး စသည့်မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။