သတင်း

MNDAA ‌ကိုးကန့်တပ်အချို့ သီပေါမှ သိန္နီမြို့သို့ ရွှေ့ပြောင်း

သီပေါမြို့နယ် အရှေ့တောင်ပိုင်းတွင် တပ်စွဲထားသည့် MNDAAတပ်အချို့ သိန္နီမြို့သို့ ပြောင်းရွှေ့သွားကြသည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အရှေ့တောင်ပိုင်းတွင် တပ်စွဲထားသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ တပ်တချို့   မတ်လ ၁၀ ရက်နေ့တွင် သိန္နီမြို့သို့ ပြောင်းရွှေ့သွားကြသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

သီပေါ၏ အရှေ့တောင်ဘက် ၁၆ မိုင်ခန့်အကွာ နောင်ကော်ကြီးရွာအနီးရှိ  အမှတ် (၁၄၇)  ခြေလျှင်တပ်ရင်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း တိုက်ခိုက်သိမ်းပိုက်ပြီး တပ်စွဲနေထိုင်သည့် MNDAA တပ်များထဲမှ အင်အားတချို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်ဟု MNDAA နှင့် နီးစပ်သည့် လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့ပေါ်ရှိ MNDAA တပ်များ ပုံမှန်အတိုင်း ရှိနေသေးကြောင်း သူက ဆက်ပြောသည်။

MNDAA စစ်သားများ စစ်ကား ၇ စီးနှင့် ထိုသို့ ပြောင်းရွှေ့သွားလာစဉ် ကြားမြို့ဖြစ်သော လားရှိုးကို ဖြတ်သန်းသွားသည်ကို ဒေသခံတို့ တွေ့လိုက်ရကြောင်းနှင့်   ခန့်မှန်းအင်အား ၂၀၀ ခန့် ရှိနိုင်သည်ဟု  သိရသည်။

ထိုသို့ တပ်ရွှေ့ခြင်းမျိုးကို ကိုးကန့်တပ်များ လားရှိုးမှ ဆုတ်ခွာခြင်းဖြစ်သည်ဟု ယူဆသူများရှိကြောင်း၊  ဒေသတွင်း တိုင်းရင်းသားတပ်ဖွဲ့များလည်း အလားတူ ပြောင်းရွှေ့ သွားလာတတ်ကြောင်း  သိန္နီဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီလမ်းကြောင်းတွေက ပလောင်ဖြစ်ဖြစ်၊ ရှမ်းဖြစ်ဖြစ် အဖွဲ့တွေကတော့ နိစ္စဒူဝ သွားလာနေကြပဲ။ ဒီနေ့သွားမယ်၊ မနက်ဖြန် အချိန်မရွေးပြန်လာနိုင်တာပဲ။ သူတို့ အမြဲသွားလာနေတာ တွေ့နေတာပဲလေ။ အပြီး တပ်ဆုတ်သွားတယ်လို့ ပြောလို့မရပါဘူး” ဟု သိန္နီဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရှမ်းမြောက်ဒေသခံ အမျိုးသားတစ်ဦးကလည်း အလားတူ ပြောသည်။

“လားရှိုး-သိန္နီ-ကွတ်ခိုင်-ကွမ်းလုံ လမ်းကြောင်းတွေက အမြဲတမ်း စစ်ယာဉ်တန်းတွေ ကိုးကန့်ဖြစ်ဖြစ် TNLA ပဲ ဖြစ်ဖြစ် ဖြတ်သန်းသွားလာကြတယ်။ ကား လေးငါးဆယ်စီးလောက်ဆိုလဲ ပုံမှန်သဘောသဘာဝပဲ သွားလာတာမျိုးပဲဖြစ်ပါတယ်။ ဒီရက်ထဲ MNDAA ရဲ့ တပ်မွေးနေ့လည်း ရှိတယ်ဆိုတော့ လားရှိုးက တပ်ဆုတ်တာတို့ဘာတို့ အရမ်းစိုးရိမ်စရာမရှိဘူးပေါ့လေ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ယမန်နှစ် ဇူလိုင်လတွင် MNDAA ဦးဆောင်သည့် တပ်များက တိုက်ခိုက်ခဲ့ပြီး တစ်လအကြာတွင် မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ ဒေသခံတို့သည် အရပ်သားများကို နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီလက်အောက်မှ လွတ်မြောက်သွားသည်။ ဤအခြေအနေတွင် MNDAA တပ်များ ပြန်ဆုတ်ပြီး စစ်ကောင်စီ ပြန်လည် အုပ်ချုပ်မည်ကို ဒေသခံ အများအပြား စိုးရိမ််နေကြသည်။

MNDAA က  လားရှိုးမြို့အပါအဝင် ၎င်းတို့ သိမ်းထားသည့် မြို့များတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေပြီး ရပ်ကွက်အလိုက်  MNDAA ဗိုလ်ကြီးတစ်ဦးက ဦးဆောင်ပြီး ရပ်ကွက်နေပြည်သူများနှင့် အစည်းအဝေးလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

MNDAA နှင့် စစ်ကောင်စီကိုယ်စားလှယ်တို့ ဇန်နဝါရီ ၁၆ နှင့် ၁၇ ရက်နေ့များတွင် ယူနန်ပြည်နယ်သို့   သွားရောက် ဆွေးနွေးခဲ့ပြီးနောက်  အပစ်ရပ်သဘောတူလိုက်ကြပြီဖြစ်ကြောင်း ဆွေးနွေးရန် စီစဉ်ပေးခဲ့သည့် တရုတ်နိုင်ငံက ကြေညာခဲ့သည်။

ထိုသို့ ကြေညာပြီးနောက် လားရှိုးရှိ MNDAA တပ်များ လာမည့် ဇွန်လ နောက်ဆုံးထားပြီး လားရှိုးမှ အသုတ်လိုက် ဆုတ်ခွာရမည်ဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာနေသည့် ယူနန်အခြေစိုက် တရုတ်သုတေသီ တစ်ဦးက Myanmar Now ကို ပြောကြားထားသည်။

၁၀၂၇ စစ်ဆင်ရေးနှစ်ကြိမ်တွင် ကိုးကန့် MNDAA တပ်သည် လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ တာမိုးညဲ၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ မော်ထိုက်၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ပန်ဆိုင်း၊ ဟိုပန်နှင့် ပန်လုံ  မြို့များကို သိမ်းပိုက်ခဲ့သည်။  ဟိုပန်နှင့် ပန်လုံကို ၎င်းတို့ အားကိုးရသည့် မဟာမိတ်အဖွဲ့ဖြစ်သော ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ထံ လွှဲပြောင်းပေးခဲ့သည်။

Show More

Related Articles

Back to top button