
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ယမန်နေ့ (မေ ၁၁ ရက်) ညက လေတပ်က ဗုံးကြဲတိုက်ခိုက်ရာ အသက် ၁၀ နှစ်အရွယ် ငါးတန်းကျောင်းသူ အပါအဝင် ၅ ဦးသေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
မတ္တရာမြို့နယ်နှင့်ပုသိမ်ကြီးမြို့နယ်အစပ် ကျေးရွာများဖြစ်သည့် ဝသုန္ဒရနှင့်မြကန်သာ ကျေးရွာအကြား ယမန်နေ့ညဦးပိုင်းတွင် လေတပ်က ဗုံးကြဲချခဲ့စဉ် ခြင်းယက်လုပ်ငန်းလုပ်ကိုင်သည့် မိသားစုတစ်ခု၏ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ယင်းကဲ့သို့သေဆုံးသွားခြင်းဖြစ်သည် ဆိုသည်။
မကြာသေးမီရက်ပိုင်းက စာမေးပွဲဖြေထားသည့် ငါးတန်းကျောင်းသူနှင့်၎င်း၏မိသားစုဝင်များ သေဆုံးခဲ့ ခြင်းဖြစ်ပြီး အမည်၊ အသက်နှင့် အခြေအနေ အသေးစိတ်မသိရသေးပေ။
“လေယာဉ်က မီးခိုးတန်းထွက်သွားပြီးတော့ ခြင်းယက်တဲ့ မိသားစုတွေဆီ ကျပေါက်ကွဲသွားတာ ။ ဗုံးလား ၊ အပေါ်က လက်နက်နဲ့ပစ်တာလားတော့မသိဘူး။ အဲဒီမှာက မနေ့က ၄ ယောက်သေတယ်။ ဒီနေ့မနက် ဆေးရုံမှာ ၁ ယောက် ထပ်သေတာနဲ့ဆိုရင် ၅ ယောက်သေတယ်။ ဒဏ်ရာရတာလည်းများတယ်”ဟု မတ္တရာ မြို့ခံ အသက် ၆၀ ကျော်အရွယ် အမျိုးသားက ပြောသည်။
ကျေးရွာ ၂ ခုအကြား စိုက်ပျိုးရေးဆေးဆိုင်၏နောက်ကျောဖက်ရှိ နေအိမ်ကို ဗုံးထိမှန်ခဲ့ခြင်းဖြစ်သည်၊ အနီးနားမှ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိသည် ဟု သိရသည်။
“သေတဲ့ကလေးမလေးက စာအရမ်းတော်တာ။ကျွန်တော့်မြေးမလေးနဲ့သူငယ်ချင်းတွေ။ သူ့မိသားစုဝင် တွေကတော့ ဘယ်သူတွေလဲ မသိရသေးဘူး”ဟု အထက်ပါဒေသခံက ဆိုသည်။
ဒဏ်ရာရရှိသူများကို မန္တလေးအထွေထွေပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကုသနေသည်ဟု ကြားသိရပြီး သေဆုံးသူများ၏ ဈာပနကိုမူ မနက်ဖြန် မတ် ၁၃ ရက် (တပေါင်းလပြည့်နေ့) တွင် ကျေးရွာအနီး သုဿန် ၌ ပြုလုပ်မည်ဖြစ်သည်ဟု ထိုသူက ဆက်ပြောသည်။
စစ်ရှောင်များကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးကလည်း မတ္တရာမြို့နယ် အတွင်း ယမန်နေ့ညနေမှ စတင်ကာ ညနက်ချိန်အထိ စစ်ကောင်စီလေတပ်က လေကြောင်းဖြင့် ၈ ကြိမ် ဗုံး အလုံးရေ ၅၀ ကျော်ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေရာတွေဘက်တွေရော မဆိုင်တဲ့ဘက်တွေရော အကုန်ကြဲသွားတယ်။ ကျောက်တံတား ၊ ဘိုကုန်းတို့ ဝသုန္ဒရတို့ဘက်တွေမှာ တိုက်ပွဲတွေက ဖြစ်နေတယ်။ မနေ့ကလည်းဖြစ်တယ် ။ ပြင်းထန်နေ တယ်။ အဲဒီဘက်တွေကို အခုသွားလို့လာလို့ မရဘူး။ အကုန်လမ်းတွေပိတ်ထားတယ်”ဟု စစ်ရှောင်အရေး ကူညီပေးနေသည့် ထိုအမျိုးသမီးက ဆိုသည်။
မတ္တရာနှင့်သပိတ်ကျင်းတွင် နေ့စဉ် တိုက်ပွဲပြင်းထန်
မန္တလေးတိုင်း မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တို့ တိုက်ပွဲများ နေ့စဉ်နီးပါး ပြင်းထန်လျက်ရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
မတ္တရာမြို့ အရှေ့တောင်ဘက်၊ မြစ်ကြီးနားကားလမ်းပေါ်ရှိ မြောင်းသစ်ရွာနှင့် ဘိုကုန်းကျေးရွာတို့ အနီး တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)နှင့် ပူးပေါင်းတပ်များ၊ သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာတို့အနီးတွင် တအာင်းလွတ်မြောက်ရေးတပ်(TNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ တပ်များနှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလလယ်ခန့်မှ စတင်ပြီး စစ်ကောင်စီတပ်များက မြို့နယ်နှစ်ခုလုံးတွင် စစ်အင်အားများ ဖြည့်တင်းကာ တော်လှန်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ခံစစ်စည်းများကို စတင်ထိုးစစ်ဆင် လာရာမှ တိုက်ပွဲများ ပြန်စတင်လာသည်ဟု အထက်ပါ မြို့နယ် ၂ ခုတွင် နေထိုင်နေသော ဒေသခံများက ပြောသည်။
“နေ့စဉ်နေ့တိုင်း ထိတွေ့တိုက်ပွဲတွေမဟုတ်တောင် နေ့စဉ် နီးပါး ချနေတာပဲ။ မနေ့ (မတ် ၁၀) ကတော့ ရင်ဆိုင်တိုက်ပွဲ အကြီးအကျယ်ဖြစ်တယ်၊ နှစ်ဖက်လုံးမှာ ထိခိုက်မှုတွေရှိတယ်လို့ပဲ သိရတယ်၊ နည်းလား များလားတော့ မသိရဘူး”ဟု တိုက်ပွဲများအခြေအနေကို သိသည့် မတ္တရာမြို့နယ်သား အမျိုးသားတစ်ဦး က ယမန်နေ့က ပြောသည်။
စစ်ကောင်စီက နေ့စဉ်နေ့တိုင်း စိန်ပြောင်း၊ ဟောင်ဝှစ်ဇာအမြောက်၊ အတွဲလိုက်ပစ်ဒုံးကျည်များ၊ ဒရုန်း များ၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေပြီး၊ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်လာ သည့် သုံးပတ်ခန့်အတွင်း တော်လှန်ရေးတပ်များဘက်က မတ္တရာနယ်အတွင်း ခံစစ်စည်း ၁ နေရာခန့် နောက်ဆုတ်ပေးထားရ ပြီး၊ ပြန်ယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံတချို့က ပြောကြသည်။
“ရွာတချို့ရဲ့ဝင်ပေါက်နားလောက်အထိ ရန်သူကို ပေးထားရတော့ ရန်သူရဲ့ ထောက်လမ်းက ပိုကျယ်သွား တာရှိတယ်။ ပေးရတာက အများကြီးတော့မဟုတ်ဘူး၊ တစ်ပွိုင့်ပဲ (ပွိုင့်=အခိုင်အမာခံစစ်ပြင်ထားသည့် နေရာ)”ဟု တိုက်ပွဲဝင်နေသည့် ဒေသခံတော်လှန်ရေး ရဲဘော်တစ်ဦးကလည်း ပြောသည်။
၁၀၂၇ စစ်ဆင်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်များက မတ္တရာ မြို့နယ်မြောက်ဘက်၊ အရှေ့ဘက်တို့မှ မတ္တရာမြို့အနီးအထိ ထိန်းချုပ်ထားခဲ့ပြီး၊ နှစ်ဖက်တပ်များ ခံစစ် ကိုယ်စီဖြင့် ရင်ဆိုင်ထားခဲ့ရာမှ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
မတ္တရာနှင့်တပြိုင်တည်း ထိုးစစ်များဖော်ဆောင်ခဲ့သည့် သပိတ်ကျင်း ၇ မိုင်ကျေးရွာဝန်းကျင်တွင်လည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်ဟုသိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း လက်ကျန် စစ်ကောင်စီတပ်စခန်းများဖြစ်သော ၇ မိုင်ကျေးရွာ၊ ကျောက်ကြီး နှင့်တွင်းငယ်ကျေးရွာတို့မှ စစ်ကောင်စီ၏ အခြေစိုက်တပ်များကို တော်လှန်ရေးပူးပေါင်းတပ်များက ဝိုင်း ပိတ်ထားသည်။
သို့သော် ထိုလက်ကျန်တပ်များက အင်အားများစုစည်းကာ ယမန်နှစ် နိုဝင်ဘာ ဒုတိယပတ်ကကတည်းက ပြန်လည် ထိုးစစ်ဆင်ခဲ့ရာ တိုက်နယ်ရွာကြီးဖြစ်သော တွင်းငယ်ရွာကို တော်လှန်ရေးတပ်များ လက်လွှတ် ခဲ့ရသည်။
မန္တလေးနှင့် မကွေးတိုင်းကိုလည်း လေတပ်က အင်ဂျင်တပ်လေထီးများ၊ လေယာဉ်များဖြင့် တိုက်ခိုက်မှု များ ခပ်စိတ်စိတ်လုပ်လာရာ တော်လှန်ရေးတပ်ဖွဲ့များက လေကြောင်းကို မတုံ့ပြန်နိုင်ကြသေးဘဲ ပုန်းခို ကျင်းများ တူးထားရန်နှင့် လေကြောင်းသတိရှိကြရန် အသိပေးထားကြသည်။