
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက် နိုင်ရန် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းမှစတင်ကာ အပြင်းအထန် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲ ပြင်းထန်နေကာ နှစ်ဖက်အကျအဆုံးများရှိနေကြောင်း ကရင်နီတော်လှန်ရေးတပ်များထံက သိရသည်။
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မိုးဗြဲမြို့ကို သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီက ပြန်သိမ်းရန် မြေပြင်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မိုးဗြဲဆည်ဘေးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၂၂) တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲမြို့ကို ဦးတည်၍ စစ်ကြောင်းထိုးနေရာ တော်လှန်ရေးတပ်များက ခုခံတိုက်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တောက်လျှောက် ခုခံတိုက်ခိုက်နေတယ်။ အပြန်အလှန် တိုက်ခိုက်ရင်း နဲ့ သူတို့ (စစ်ကောင်စီ)ဘက်က ကာကင်းတွေတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်တယ်။ တစ်ဖန်ပြန်ဆုတ်သွားတာမျိုးတွေ၊ ထပ်ပြီးတော့မှ တိုးလာတာမျိုးတွေက ဒီရက်ထဲမှာ ပြင်းထန်နေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး ခမရ ၄၂၂ နှင့် မိုးဗြဲမြို့အကြားရှိ စစ်ကောင်စီ ကာကင်းစခန်းငယ် တချို့ကိုပင် ဖေဖော်ဝါရီလအတွင်း တော်လှန်ရေးတပ်ဘက်က သိမ်းနိုင်ခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်တွင် စစ်ကောင်စီတပ်နှင့် KNDF ပါဝင်သော ကရင်နီတော်လှန်ရေးပူးပေါင်း တပ်များ အပြင်းအထန်တိုက်ပွဲဖြစ်ပြီး မိုးဗြဲမြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီ စခန်းငယ် ၅ ခုကို ရရှိခဲ့သည် ဟု KNDF ရဲဘော်တစ်ဦးကလည်း ပြောသည်။
မိုးဗြဲမြို့ လက်မလွှတ်ရရေးအတွက် KNDF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးဗြဲ) ၊ မြို့ပြတော်လှန် ရေးတပ်ဦး (URF) စသည့် ကရင်နီအခြေစိုက်တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေကာ ပြင်း ထန်သောတိုက်ပွဲများကြောင့် တိုက်ပွဲအတွင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံး မှုများရှိကြောင်း သိရသည်။
မိုးဗြဲတိုက်ပွဲအတွင်း အရပ်သားနှင့်တော်လှန်ရေးရဲဘော် သေဆုံးအရေအတွက် တရားဝင် ထုတ်ပြန်ထား ခြင်း မရှိသလို အတိအကျလည်း မသိရပေ။
ကာကင်းစခန်းတချို့လက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီတစ်လလုံး စစ်ကြောင်း ဆက်တိုက်ပြန်ထိုးလာခဲ့သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KNDF ရဲဘော် နောက်တစ်ဦးက ဆိုသည်။
“ဖေဖော်ဝါရီ ၂၇ ၊ ၂၈ ကနေ မတ်လ ၄ရက်နေ့အထိ။ အနီးကပ်တက်ပြီး တိုက်စစ်ဖွင့်လို့ ကျွန်တော်တို့နဲ့ အပြင်းထန်တိုက်ပွဲဖြစ်တာ ခုထိမရပ်သေးဘူး။ တိုက်ပွဲတွင်း နှစ်ဘက်ထိခိုက်မှုရှိတယ်။ မြို့ထဲတော့ သူတို့ မရောက်သေးဘူး။ တပ်နဲ့ မြို့ပြင်က Fire Zone မှာပဲ နှစ်ဖက်အပြင်းထန်တိုက်ပွဲဖြစ်နေကြတာ” ဟု ၎င်းက ဆိုသည်။
ကရင်နီဒေသ စစ်ရေးအခြေအနေကိုသိသည့် သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်သည် ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်ဖြင့် စစ်ကစားနေကြောင်းဆိုသည်။
”ဆုတ်လိုက်တက်လိုက်ပါပဲ။ စခန်းထဲဆုတ်တယ်ဆိုတာက ဒဏ်ရာရတာရယ်၊ အလောင်းတွေကို စခန်းထဲ ပြန်သယ်တာပါ။ ပြီးရင်လက်နက်ကြီး လေယာဉ်ဒရုန်းနဲ့ရှင်းလင်း ပြန်စုဖွဲ့ထပ်ထိုး။ တစ်နေရာထိုးမရရင် နောက်တစ်နေရာပြောင်းထိုး အဲဒီလိုပါ”
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များကလည်း စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကို ကြည့်၍ ခုခံ တိုက်ခိုက်နေပြီး အခွင့်သာသည်နှင့် ချေမှုန်းရေးလုပ်နိုင်ရန် ကြိုးစားနေကြောင်း ကရင်နီစစ်ရေးအခြေ အနေကိုသိသည့် အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
မိုးဗြဲမြို့ကို ယခင်အစိုးရအဆက်ဆက်က ရှမ်းပြည်နယ်တောင်ပိုင်း၏ အုပ်ချုပ်ရေးတွင် ထည့်သွင်းထား သော်လည်း စစ်ကောင်စီကို ဆန့်ကျင်သည့် ကြားကာလ ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ကမူ ကရင်နီပြည်နယ်၏အစိတ်အပိုင်းမြို့နယ်အဖြစ် ၂၀၂၄ ခုနှစ်တွင် သတ်မှတ်ထားသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် စတင်သည့် ၁ လေးလုံး စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို သိမ်းပိုက်နိုင်ခဲ့စဉ် မြို့ပြင်ရှိ ခမရ (၄၂၂) တပ် မသိမ်းနိုင်ဘဲ ကျန်ရစ်ခဲ့ သည်။
ထို့ကြောင့် စစ်ကောင်စီတပ်သည် ထိုတပ်ကို အခြေပြုကာ မိုးဗြဲမြို့ကို စစ်ကြောင်းထိုး၍ ပြန်သိမ်းနိုင်ရန် ကြိုးပမ်းနေသည်။
မိုးဗြဲသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ဘက်မှ ကရင်နီပြည်နယ်အတွင်းဝင်နိုင်သော လမ်း တစ်ခုဖြစ်နေရာ စစ်ရေးအရ အရေးပါသည်။
ကယား(ကရင်နီ) ပြည်နယ်ရှိ မြို့တော်လွိုင်ကော်တွင် စစ်ကောင်စီတပ်က မြို့ကို အပြည့်အဝ ပြန်ထိန်း ချုပ်ထားသည်။
သို့သော်လည်း ကရင်နီတပ်များ အားကောင်းသည့် ဒီးမော့ဆို၊ ဖရူဆို ၊ ဘော်လခဲနှင့် ဖားဆောင်းမြို့နယ် များတွင်မူ စစ်ကောင်စီတပ်သည် ဝိုင်းပတ်ပိတ်ဆို့ခြင်းခံနေရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမှ စစ်ကူများကို ကရင်နီ ပြည်နယ်ထဲပို့နိုင်ရန်အတွက် မိုးဗြဲကို ဦးတည်တိုက်နေခြင်းဖြစ်ကြောင်း ကရင်နီစစ်ဘက် သတင်းရင်းမြစ် တချို့က သုံးသပ်သည်။
စစ်တပ်ဩဇာခံ ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ထောင်ချီသော ပအိုဝ်းပြည်သူ့စစ်များသည် စစ်တပ်နှင့်ပူးပေါင်းကာ ရှမ်းတောင်ပိုင်းနှင့်ကရင်နီအစပ်တွင် စစ်ရေးလှုပ် ရှားနေကြသည်။
ထို့ကြောင့် မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်မှသာလျှင် ပင်လောင်း-မိုးဗြဲမှတဆင့် စစ်ကူများပို့ကာ တော်လှန် ရေးအင်အားစု စိုးမိုးနယ်မြေ ကရင်နီဒေသကို ပြန်ရယူရန် ကြိုးပမ်းမည်ဟု ခန့်မှန်းရသည်။
ဘောလခဲကိုပါ ထိုးစစ်ဆင်ရန် စစ်တပ်ကြိုးပမ်းနေ
မိုးဗြဲတွင် စစ်ကောင်စီဘက်က တိုက်စစ်ဖွင့်နေသလို စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (စဗခ) ရှိသည့် ဘော်လခဲတွင်လည်း စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်စတင်ပြီဖြစ်ကြောင်း IEC ၏ မတ် ၄ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။
ဘော်လခဲတွင် စစ်ကောင်စီ တန်ပြန်ထိုးစစ် စတင်လာသဖြင့် သတ္တုတူးဖော်ရေးလုပ်ငန်းများရှိရာ မော်ချီး ဒေသသို့ သွားလာနေသော မော်တော်ယာဉ်နှင့်ဆိုင်ကယ်များ ခရီးသွားလာမှု ရပ်ထားရန် IEC က ကြေညာ ထားသည်။
နောက်ထပ်အမိန့်တစ်စုံတစ်ရာမထွက်မချင်း ခရီးသွားလာမှု ရပ်ထားရမည်ဖြစ်ကြောင်း IEC ၏ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
မော်ချီးမြို့သည် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ခဲသတ္တု တူးဖော်သည့်လုပ်ငန်းများရှိနေသည်။
မိုးဗြဲတွင် တိုက်ပွဲများပြင်းထန်နေစဉ် စစ်ကောင်စီတပ်သည် ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ် ထားသော ကျေးလက်ဒေသသို့ စစ်လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း ၊ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ် ဆောင်နေသည်ဟု IEC က ဆိုသည်။
ယမန်နေ့ (မတ် ၅) နံနက်တွင် ဒီးမော့ဆိုမြို့အခြေစိုက် ခမရ (၁၀၂) တပ်က လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်သဖြင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ နေအိမ်တစ်လုံး မီးလောင်သွားကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။
ယင်းမတိုင်မီ မတ် ၄ ရက်နေ့တွင် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းသို့ စစ်လေယာဉ် ၂ စီးဖြင့် ၄ ကြိမ် ဗုံးကြဲသွားသည်။ တိုက်ခိုက်မှုအတွင်း ဗုံး ၈ လုံးပေါက်ကွဲပြီး KTV တစ်ခုမှ အဆောင်၂ ခု ထိခိုက်ပျက် စီးကာ အမျိုးသားတစ်ဦး ဆိုင်ကယ်ပေါ်မှ ခုန်ချမိသဖြင့် ခြေကျိုးသွားကြောင်း IEC ထံက သိရသည်။
မတ် ၃ ရက်နေ့ကလည်း လွိုင်ကော်မြို့အရှေ့ဘက်သို့ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ၁၈ လုံး ပစ်ခတ်ခဲ့ရာ အမျိုးသား ၁ ဦး ခြေမျက်စိတွင် ထိခိုက်ပြီး အမျိုးသမီးတစ်ဦး ပေါင်ထိခိုက်သွားကြောင်း IEC က ထုတ်ပြန်ချက်အရ သိရသည်။
ကရင်နီဒေသတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်များ နှင့် KNDF ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ဖွဲ့များ၊ ကယန်းတပ်များ၊ ဒေသအခြေစိုက်တော်လှန်ရေးတပ်များ၊ ရှမ်းတောင် ကိုယ် စားပြုတပ်များ အခြေစိုက်လှုပ်ရှားနေကြကာ နယ်မြေအများစုသည် တော်လှန်ရေးတပ်များထိန်းချက်မှု အောက်တွင် ရှီနေသည်။