မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ရွာတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲရာ ၁၃ နှစ် အရွယ် ကလေး ၁ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် ပြာကျခဲ့သည်ဟု ဒေသခံများ က ပြောသည်။
မတ်လ ၄ ရက်နေ့ ည ၁၀ နာရီခွဲခန့်က တောင်သာမြို့နယ် အနောက်ဘက် ၅ မိုင်ကျော်အကွာတွင် ရှိသော နတ်စောင့်ကျေးရွာကို လေတပ်က ဗုံးကြဲချစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“အမျိုးသမီး ၄ ဦး၊ ကလေးငယ် ၁ ဦး၊ ဦးညွန့်ရီဆိုတဲ့ အသက်ကြီးပိုင်းတစ်ဦး ၆ ဦး သေတာ ။ အဲဒါ တောင်မှ မီးလောင်ထဲမှာကောက်ယူရတဲ့အရိုးပဲ ရတာ။ အကုန်ပြေးကြတာဆိုတော့။ မီးလည်း မငြှိမ်း နိုင်ဘူးလေ”ဟု ၎င်းကပြောသည်။
သေဆုံးသူများနှင့်ပတ်သက်ပြီး အမည်၊ အသက် နှင့် အသေးစိတ်အခြေအနေကို မသိရသေးပေ။
ဗုံးကျရောက်ပေါက်ကွဲစဉ် အချိန်တိုအတွင်း နေအိမ် ၂၈ လုံး မီးလောင်ပြာကျခဲ့ရာ အင်အားပြင်းထန်သော ဗုံးများဖြစ်နိုင်သည် ဟု အထက်ပါဒေသခံအမျိုးသားက ယူဆသည်။
“ရိုးရိုးဗုံးတော့မဖြစ်နိုင်ဘူး။ မီး ဒီလောက်လောင်တာဆိုတော့လေ။ မီးလောင်ဗုံး ၊ ဓာတုဗုံးတွေ ချတာပဲ ဖြစ်မယ်။ အရင်ချတဲ့ဗုံးတွေက အိမ်တွေတိုက်တွေပဲ ပြိုကျတာလေ။ မီးမလောင်ဘူး။ ခုက ရိုးရိုးဗုံး မဟုတ်ဘူး”ဟု ဆိုသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့လာသောဓာတ်ပုံများတွင် အဆောက်အဦများ မီးလောင်ကျွမ်းပြာကျထားသည်ကို တွေ့ရကာ မီးလောင်ဗုံးဆိုသော ပြောဆိုချက်နှင့်ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။
လေကြောင်းမှဗုံးကြဲခံရပြီးနောက် လူသေဆုံးမှုများ ရှိသောကြောင့် နတ်စောင့်ရွာနှင့်နီးစပ် ကျေးရွာများမှ ဒေသခံအများအပြား အရေးပေါ်နေရပ်စွန့်ခွာ ထွက်ပြေးနေကြသည်ဟု သိရသည်။
နတ်စောင့်ကျေးရွာသည် တောင်သာမြို့မှအနောက်ဖက် တောင်သာ-ဇဂျမ်းလမ်းပေါ် တည်ရှိပြီး အိမ်ခြေ ၃၅၀ ကျော် ရှိသည်။ ဒေသခံအများစုက ကြက်သွန်၊ ထန်းပင် စိုက်သည့် တောင်သူ လုပ်ငန်း လုပ်ကိုင်ကြ သည်ဟု သိရသည်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက တိုက်ပွဲများဖြစ်ပွား ခဲ့သည်။ ဇန်နဝါရီ ၁၂ ရက်နံနက်တွင် တောင်သာမြို့၌ စစ်ယာဉ်တန်းတစ်ခုတိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဘက်မှ ၂၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များဘက်က ရရှိခဲ့သည်။
ယင်းနောက် ဇန်နဝါရီ ၁၃ရက်နေ့တွင်လည်း တောင်သာမြို့ပေါ်ရှိ အထက်တန်းကျောင်းတွင် အင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံ ခရိုင် အမှတ်(၃)တပ်ရင်းမှ အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး ခန့် သေဆုံးပြီး အထိအခိုက်များပြားခဲ့သည်ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။
ဇန်နဝါရီ၂၁ ရက်နေ့တွင်လည်း တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများ အပြင်းအထန်ပြုလုပ်၍ ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။
တောင်သာမြို့နယ်၌ လတ်တလော မြေပြင်တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီကသာ အင်ဂျင်တပ် လေထီးမျာဖြင့် ကျေးရွာများကို ဗုံးကြဲခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲချခြင်းတို့ဖြင့် မကြာခဏ တိုက်ခိုက်နေ ကြောင်း တောင်သာ PDFမှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မူတူးက ပြောသည်။
“အခုက တောင်သာမှာက တိုက်ပွဲတွေမရှိပါဘူး။ စစ်ကောင်စီဘက်က လေယာဉ်ကြဲတာတွေပဲ ရှိတယ်။ သူတို့တပ်ဖွဲ့ဝင်တွေလည်း မရှိပါဘူး။ သူတို့ သက်သက်(အရပ်သားတွေ)ကို ပစ်မှတ်ထားလုပ်နေတာ”
တောင်သာမြို့နယ်တွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီက အင်ဂျင်တပ်လေထီးများကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှု ၉ ကြိမ် ရှိပြီး သေဆုံးသူ ၆ဦးရှိပြီဖြစ်ကြောင်း တောင်သာလူထုလှုပ်ရှားမှုကော်မတီ က Myanmar Now ကို ပြောထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကောက်ယူထားသော အချက် အလက်များအရ စစ်ကောင်စီတပ်ကြောင့် ဖေဖော်ဝါရီတစ်လအတွင်း ၁၀၆ ဦး သေဆုံးခဲ့ရာ ထိုအထဲ ၇၈ ဦးသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။



