သတင်း

ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လှိုင်းဘွဲ့ဒေသခံ ၃၀၀ ကျော် ထိုင်းဘက်ထွက်ပြေး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း စခန်းတစ်ခု ထိုးစစ်ဆင်ခံရစဉ် လေတပ်က ဗုံးကြဲတိုက်ခိုက်လာသဖြင့် အရပ်သား ၃၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြရသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင် လေတပ်က ဗုံးကြဲတိုက်ခိုက်လာသဖြင့် ဒေသခံ ၃၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြောင်း ထိုင်းနိုင်ငံအခြေစိုက် Thai PBS သတင်းဌာန၏  ဖေဖော်ဝါရီ ၂၈ ရက်နေ့ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

လှိုင်းဘွဲ့မြို့နယ် ရှိ စစ်ကောင်စီ၏ ပူလူတူ စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၄ နာရီခွဲတွင် တိုက်ခိုက်အပြီး လေတပ်က ဗုံးကြဲခြင်း ဖြစ်သည်ဟု ဆိုသည်။

လှိုင်းဘွဲ့မြို့နယ်သည် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၇ စစ်ရေးလှုပ်ရှားသည့် နယ်မြေဖြစ်သည်။

စစ်ကောင်စီ၏ ပူလူတူစခန်းသည် ခလရ ၃၁ မှ တပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် နယ်စပ် တပ်စခန်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်သတင်းများဖော်ပြနေသည့် မြဝတီ-မဲဆောက်မီဒီယာက ဖော်ပြသည်။

စစ်ကောင်စီစခန်း၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ Tak ခရိုင်၊ Tha Song Yang မြို့နယ် ရှိသည်။

မြန်မာဘက်က ဒေသခံ ၃၁၄ ဦးသည် ထိုင်းနိုင်ငံ Tha Song Yang မြို့နယ် ထဲ ပြေးဝင်ခိုလှုံလာကြောင်း Thai PBS သတင်းဌာန၏ ရေးသားချက်အရသိရသည်။

လက်ရှိတွင် စစ်ရှောင်များကို Tha Song Yang မြို့နယ်၊ မယ်အုစု ကျေးရွာအုပ်စုတွင် ထိုင်းအာဏာပိုင်များက စောင့်ရှောက်ထားကြောင်း Thai PBS သတင်းဌာနကဆိုသည်။

တိုက်ပွဲအခြေအနေ ပိုမိုသိရှိနိုင်ရန် KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ Myanmar Now က စာပို့မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်ဖြေခြင်းမရှိသေးပေ။

စစ်ကောင်စီက တိုက်ပွဲသတင်းများကို တရားဝင် မထုတ်ပြန်ပေ။

စစ်ကောင်စီကို ထောက်ခံရေးသားသည့် စွမ်းအားရှင်တယ်လီဂရမ်ချန်နယ်တွင်မူ လှိုင်းဘွဲ့မြို့နယ်ရှိ တပ်စခန်းတစ်ခုအား KNU တပ်မဟာ (၅) မှ အင်အား ၇၀ ပါတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် လာရောက်တိုက်ခိုက်ကြောင်း၊ လာရောက်တိုက်ခိုက်သူများကို ပြန်လည်တိုက်ထုတ်နိုင်ကြောင်း၊ KNU ဘက်က တပ်ဆုတ်သွားကြောင်း  ဖော်ပြထားသည်။

လှိုင်းဘွဲ့မြို့နယ်၏ မြောက်ဘက်တွင် KNU တပ်မဟာ (၅) ထိန်းချုပ်သည့် ဖာပွန်ဒေသရှိပြီး  တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များသည်လည်း  တပ်မဟာ ၇ နှင့် ပူးပေါင်း၍ လှိုင်းဘွဲ့မြို့နယ်ထဲရှိ KNU ဌာနချုပ်ဟောင်း မာနယ်ပလောကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ဖူးသည်။

စစ်ကောင်စီသည် လှိုင်းဘွဲ့တွင် လေကြောင်းတိုက်ခိုက်မှုလုပ်ထားသလို ဖေဖော်ဝါရီ ၂၆ ရက်ကလည်း   တပ်မဟာ ၆ လှုပ်ရှားရာ ကြာအင်းဆိပ်ကြီးမြို့နယ် ထဲက ရွာ ၂ ရွာကို  ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပန်းအောင်ကျေးရွာနှင့် ခုနှစ်ဝါကျေးရွာကို ဗုံး ၂ လုံးစီကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာကို တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နဂါးနီစစ်ကြောင်းထံက သိရသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ပန်းအောင်ကျေးရွာ ဘုန်းကြီးကျောင်း ပျက်စီးခဲ့ပြီး ရဟန်း (၂)ပါး ဒဏ်ရာအပြင်းအထန်ရထားသည်။

ထို့အပြင် ပန်းအောင် ရွာသား (၅)ဦး   ဒဏ်ရာအနည်းငယ် ရသွားကြောင်း နဂါးနီစစ်ကြောင်းဘက်က ဆိုသည်။

ခုနှစ်ဝါကျေးရွာတွင်မှု ရွာသား ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရထားကြောင်း နဂါးနီစစ်ကြောင်း၏ စစ်ကြောင်းမှူးကိုဟိန်းက ပြောသည်။

“ပန်းအောင်ကျေးရွာမှာ ဗုံး (၂)လုံး ၊ ခုနှစ်ဝါကျေးရွာမှာ ဗုံး(၂)လုံး Jet Fighterနဲ့ ကြဲချတိုက်ခိုက်ပါတယ်။ ပြီးတော့ Y12ကတော့ နေရာအနှံကြဲချပါတယ်” ဟု ၎င်းက ဆိုသည်။

အနန်းကွင်းဗျူဟာကိုမူ တော်လှန်ရေးတပ်များက ဝိုင်းရံထားပိတ်ဆို့ထားကြောင်း နဂါးနီစစ်ကြောင်းထံက သိရသည်။


Show More

Related Articles

Back to top button