ပဲခူးတိုင်းအရှေ့ခြမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ် ဂိတ်စခန်း ၇ ခုကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ် ရေးဝန်ကြီးဌာနက ယနေ့ နံနက်က ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၆ နှင့် ယနေ့ (ဖေဖော်ဝါရီ ၂၇) တို့တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ဖြူးမြို့နှင့် ကျောက်တံခါးမြို့အကြားတွင် တည်ရှိသော အင်အား ဆယ်ဂဏန်းဝန်းကျင်ရှိ ဂိတ်စခန်းများ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရခဲ့သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ထိုတိုက်ခိုက်မှုများအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ဦး သေဆုံးခဲ့ကာ ပဲခူးတိုင်းအတွင်း စစ်ရေး လှုပ်ရှားမှုများ အရှိန်မြင့်မည်ဖြစ်၍ စစ်တပ်စခန်းနှင့်ဂိတ်ခန်းအနီး ပြည်သူများ မသွားရန် တိုက်တွန်း ထားသည်။
ယမန်နေ့နှင့်ယနေ့ ၂ ရက်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်း စစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲ လက်အောက်ခံ တပ်ရင်းများ ပါဝင်သည်ဟု သိရသည်။
စစ်တောင်းမြစ်ဝှမ်းဒေသမှာ ပါဝင်သော ပဲခူးတိုင်းအရှေ့ခြမ်းတွင် ယခုလအတွင်း စစ်တပ်ကာကင်း စခန်း ၁၅ ခုကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ထိုတိုက်ခိုက်မှုများသည် စစ်တောင်းစစ်ဆင်ရေး၏ အစိတ် အပိုင်းဖြစ်သည်ဟု အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးက Myanmar Now ကို ပြောသည်။
“ဒါက စစ်တောင်းစစ်ဆင်ရေးရဲ့ တစိတ်တပိုင်းဖြစ်တယ်။ ခု တိုက်ခိုက်တယ်ဆိုတာက ရန်သူက သူတို့ စိုးမိုးထားတဲ့ မြို့တွေ လမ်းပိုင်းတွေကို ကာထားတဲ့ ကာကင်းတွေကို ကျွန်တော်တို့က ရှင်းထုတ်တာပဲ ဖြစ်ပါတယ်”
အဆိုပါစခန်းများတိုက်ခိုက်ခံရပြီးနောက် ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက်မြို့များရှိ အခြေ စိုက်တပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျရောက်ပေါက်ကွဲမှုကြောင့် ကျောက်တံခါးမြို့နယ် ဇီးကုန်းရွာတွင် ကလေး ၂ ဦး နှင့် လူကြီး ၁ ဦး ဒဏ်ရာရခဲ့ပြီး၊ ဖြူးမြို့နယ် ကျောက်ဆောင်းကျေးရွာ တွင် ကလေး ၁ ဦး ဒဏ်ရာရခဲ့သည်ဟု ဦးတင်ဦးက ဆက်ပြောသည်။

စစ်ကောင်စီက အဆိုပါစခန်းများ တိုက်ခိုက်ခံရသည့်ကိစ္စ ထုတ်ပြန်ထားခြင်း မရှိဘဲ ဖေဖော်ဝါရီ ၂၅ ရက်ညက ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း ကျောက်တံခါးနှင့် ပိန်းဇလုပ်ဘူတာအကြား အစုန်ရထားလမ်း ဖောက်ခွဲခံရကြောင်းသာ သတင်းဖော်ပြထားသည်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်များတွင်မူ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ဖြူး စသည့် မြို့ပေါ်များအထိ KNU နှင့် PDF များ လှုပ်ရှားနေကြကြောင်း ဖော်ပြထားကြသည်။
ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းသို့ တပ်များ ရွှေ့ပြောင်းမည့် PDF တပ်ရင်းတပ်ဖွဲ့များကို NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတွေ့ဆုံခဲ့သည့် ရုပ်သံကို NUG က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပြီးနောက် ပဲခူးတိုင်းအရှေ့ခြမ်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသတွင် PDF တပ်များ၏ ထိုးစစ်များ စတင် လာခဲ့သည်။
ရန်ကုန်နှင့်ပဲခူးဒေသကို နယ်မြေစိုးမိုးနိုင်ရန် တပ်ရွှေ့ပြောင်းနေခြင်းဖြစ်ပြီး ထိုဒေသများတွင် တိုက်ပွဲ များစတင်တော့မည်ဖြစ်သည်ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက PDF ရဲဘော်များကို ထုတ်ဖော်ပြော ဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်တောင်းမြစ်ဝှမ်းဒေသ ဖြူး၊ဆင်တဲကုန်း၊ တောကျွဲအင်း၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ နတ်သံကွင်း၊ညောင်လေးပင်မြို့များရှိ စစ်ကောင်စီတပ်၏ ကာကင်း စခန်း ၇ ခုကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နိုင်ခဲ့သည်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်-ပန်းတောင်း-တောင်ကုတ် လမ်းတလျှောက်တွင်လည်း အာရက္ခ တပ်တော် AA နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင်နေပြီး ပဲခူးတိုင်းအရှေ့ခြမ်းတွင်လည်း KNU၊ PDF တပ်များက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေသည်။



