သတင်း

IEC က ကရင်နီပြည်နယ်ကို ၁၆ မြို့နယ် သတ်မှတ် အုပ်ချုပ်နေ

လက်နက်ကိုင်အဖွဲ့ များပြားပြီး နယ်မြေစိုးမိုးမှု အားကောင်းသော ကယားပြည်နယ်တွင် မြို့နယ်များ ဖွဲ့စည်းသတ်မှတ်ပြီး အုပ်ချုပ်နေသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောသည်။

ကယားပြည်နယ်ဟု လူသိများသည့် ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများကို  မြို့နယ် ၁၆ မြို့နယ်အထိ ဖွဲ့စည်းပြီး အုပ်ချုပ်နေပြီဖြစ်ကြောင်း  ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)  ခေါင်းဆောင်များက Myanmar Now ကို ပြောသည်။

အစိုးရအဆက်ဆက်က ဤဒေသကို ကယားပြည်နယ်ဟု သတ်မှတ်ကာ မြို့နယ် ၇ မြို့နယ်ဖြင့် အုပ်ချုပ်ခဲ့ရာ ထိုသတ်မှတ်ချက်တွင် ဒီးမော့ဆို၊  ဖားဆောင်း၊  ဖရူဆို၊  ဘောလခဲ၊ မယ်စဲ့၊ လွိုင်ကော်  နှင့် ရှားတောမြို့နယ်တို့ ပါဝင်သည်။

မြို့နယ် ၁၆ မြို့နယ်မှာ ဟူဘော၊  ကေးလျား၊  ဒီးမော့ဆို (အရှေ့)၊  ဖွံဘော်ခွတ်၊  ဆိုမို (ခ) ဖေစိုးလေး၊  ဟိုယာ၊  ဆိုတရှား၊  လွိုင်နန်းဖ၊  ဒီးဘောင်းခူ၊  နန်းမယ်ခုံ၊  မယ်စဲ့၊  ပေါ်ဝေါ၊  ဘောဟူဒဲ၊  လိုမူခို၊  ရွာသစ် နှင့် ဖယ်ခုံတို့ ဖြစ်သည်။

ဖယ်ခုံမြို့နယ်သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးသတ်မှတ်ချက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၌ အကြုံးဝင်သော်လည်း IEC သည် ကရင်နီပြည်နယ် နယ်နိမိတ်တွင် ထည့်သွင်း လိုက်သည်။

လွိုင်ကော်ကိုလည်း ကရင်နီပြည်နယ်၏ မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ရန်လျာထားချက်ရှိကြောင်း သိရသည်။ 

လတ်တလောတွင် မြို့နယ် ၁၆ မြို့နယ်တွင်သာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားကြောင်း IEC ထံက သိရသည်။

ဤသို့ဖွဲ့စည်းထားကြောင့် လုပ်ငန်း ပိုမိုထိရောက်နိုင်မည်ဟု  IEC အတွင်းရေးမှူး ၁ ဒေါ်ဇူးပဒုမ္မာက ပြောသည်။

“အဓိကတော့ မြို့နယ်တွေကို အရေအတွက်တွေ ပိုပြီးတိုးချဲ့တဲ့ပုံစံ၊  မြို့နယ်အသစ်တွေကို သတ်မှတ်တဲ့ ပုံစံက မြို့နယ်သစ်တွေမှာ ဒေသခံ လူထု ကိုယ်တိုင်ပါဝင်ပြီး အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နိုင်တဲ့ပုံစံ ပိုပြီးတော့ ဖြစ်စေချင်တယ်။ နောက်တစ်ခုက လူထုနဲ့ အနီးစပ်ဆုံးအုပ်ချုပ်ရေးယန္တရားတွေကို တည်ဆောက်နိုင်မှ ပိုပြီးတော့ ထိရောက်မှု မြန်ဆန်မှုရှိမယ်” ဟု ဒေါ်ဇူးပဒုမ္မာက ဆိုသည်။

IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကလည်း  မြို့နယ်အများအပြား သတ်မှတ်ဖွဲ့စည်းရခြင်းမှာ လက်နက်ကိုင်အဖွဲ့ များပြားခြင်းနှင့်လည်း သက်ဆိုင်သည်ဟု ပြောသည်။

“အုပ်ချုပ်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ ရှိရင်းစွဲတိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဖော်ဆောင်ဖို့ပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း သူတို့ရဲ့ နယ်မြေပိုင်းခြားမှုရှိတယ်ပေါ့။ အဲဒါကို အခြေခံထားတာလည်းပါတယ်။ စုပေါင်းပြီးအခြေခံတယ်။ စုပေါင်းပြီးသွားတဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်ပါတယ်။ လူထုကို အခြေခံပြီးသွားနိုင်အောင် စဉ်းစားတဲ့အတွက် အခုလိုမြို့နယ်တွေအများကြီး ခွဲထုတ်လိုက်တာလည်းပါပါတယ်” ဟု ဦးဗညားခွန်အောင်က ဆိုသည်။

IEC တံဆိပ်။ (ဓာတ်ပုံ – IEC Facebook)

ဒေသတွင်း အထင်ရှားဆုံး လက်နက်ကိုင်တပ်များထဲတွင် ကရင်နီတပ်မတော် (KA)၊  ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ ပါဝင်သည်။

ရှမ်းပြည်နယ်အတွင်း ပါဝင်သည့် ဖယ်ခုံမြို့နယ်မှာ ကရင်နီဒေသအတွင်း ပါဝင်ခဲ့သည်ဟု  IEC က ပြောသည်။

ကရင်နီသည် မြန်မာပြည် လွတ်လပ်ရေးမရမီကပင် လွတ်လပ်သည့် ဒေသဖြစ်ပြီး ကန္တရဝတီနယ်၊  မိုးဗြဲနယ်၊  ကြယ်ဖိုးကြီးနယ်နှင့် ဘော်လခဲနယ်ဆိုသည့် နယ်၄ နယ်ဖြင့် ဖွဲ့စည်းထားသော ဒေသဖြစ်ကြောင်း IEC ဘက်က ဆိုသည်။

ထို့ကြောင့် မိုးဗြဲမြို့ပါဝင်သော ဖယ်ခုံမြို့နယ်ကို ကရင်နီပြည်နယ်၏ အစိတ်အပိုင်းအဖြစ် ထည့်သွင်းသတ်မှတ်ရခြင်းဖြစ်ကြောင်း IEC အတွင်းရေးမှူးများက ဆိုသည်။

“ဖယ်ခုံဟာ နဂိုကတည်းက ကရင်နီပြည်ထဲကဖြစ်တယ်။ ဒါကြောင့် အခု ဒီတော်လှန်ရေးမှာ ကရင်နီပြည်ကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ ဖယ်ခုံဟာ ကရင်နီပြည်ထဲက နယ်တစ်ခုဖြစ်တဲ့အတွက် ဖယ်ခုံမြို့မှာလည်း ဖွဲ့စည်းမှုအသစ်ပြန်လုပ်တယ်။ တစ်ဖက်မှာ လူထုတွေလိုအပ်တဲ့ Humanitarian ကိစ္စတွေ ပညာရေး၊  ကျန်းမာရေးကိစ္စတွေကို ဖယ်ခုံဘက်မှာရှိတဲ့ လူထုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တာတွေ ဆက်ပြီးတော့ လုပ်တာဖြစ်ပါတယ်” ဟု IEC အတွင်းရေးမှူး (၁) ဒေါ်ဇူးပဒုမ္မာက ဆိုသည်။

IEC က မြို့နယ်အဖြစ်သတ်မှတ်လိုက်သည့်နေရာများအားလုံးကို လက်ရှိတွင် အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပေ။

မယ်စဲ့မြို့နယ်၊  မော်ချီးမြို့၊  နန်းမယ်ခုံမြို့၊  မိုးဗြဲမြို့ နှင့် ယခုဆိုးတရှားဟုခေါ်သော ရှားတော မြို့နယ်တို့ကို အပြည့်အဝ ထိန်းချုပ်ထားသည်။

ဖားဆောင်း၊  ဘော်လခဲ၊  ဖရူဆို၊  ဒီးမော့ဆို၊  ဖယ်ခုံ နှင့် လွိုင်ကော်မြို့တို့တွင် စစ်ကောင်စီ၏ အခိုင်အမာ တပ်စခန်းများ ကျန်ရှိနေဆဲဖြစ်ပြီး ကျေးလက်ဒေသ အများစုကိုမူ ကရင်နီတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

IEC သည် ၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်နယ်အတွင်းရှိ လူဦးရေစာရင်းကိုလည်း ကောက်ယူထားပြီး ကရင်နီပြည်နယ် ပြင်ပမှ လာသူများ  ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ် ကိုင်ဆောင်ရမည်ဟု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကြေညာခဲ့သည်။

IEC ၏ လူဝင်မှုကြီးကြပ်ရေးဌာနခွဲက Facebook တွင် ထုတ်ပြန်ခဲ့သော အဆိုပါကတ်နမူနာတွင် ကတ်ပြားမပါရှိဘဲ ပြည်နယ်ခြား ပြည်သူများ ကရင်နီပြည်အတွင်း ဖြတ်သန်းခွင့် မရှိစေရ၊ ကတ်ပြားကို လွှဲပြောင်းကိုင်ဆောင်ခြင်း မပြုရ၊ တာဝန်ရှိသူများက စစ်ဆေးသည့် အခါ ကတ်ပြား ပြသရမည် ဆိုသည့် အချက်များ ထည့်သွင်းထားသည်။

ယင်း ကတ်ပြားကို ကရင်နီပြည်နယ်မှ ထွက်ခွာသည့် အခါ မပျက်မကွက် ပြန်လည်အပ်နှံရမည်ဖြစ်သည်။

အသက် (၁၀)နှစ်အောက် ကလေးများ ကိုင်ဆောင်ရန် မလိုကြောင်း၊ ကိုင်ဆောင်မည့်သူ၏ အလုပ်အကိုင်ပေါ်  မူတည်၍ ကတ်အမျိုးအစားများ ခွဲထားကြောင်း သိရသည်။

ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်ကို အခမဲ့လုပ်ပေးမည်ဖြစ်ပြီး ပြည်နယ်တွင်းနေထိုင်ကာ အလုပ်လုပ်မည့်သူများအတွက်ဆိုပါက အခကြေးငွေတစ်စုံတစ်ရာ ပေးရမည် ဖြစ်ကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။

၎င်းက “ပြည်နယ်ထဲမှာ အလုပ်လုပ်ကိုင်မယ်။ ကာလအကြာကြီးနေထိုင်မယ့်သူတွေအတွက်က နည်းနည်းပါးပါး၊  စာရွက်စာတမ်းဖိုး  ရှိမှာပါ။ သေချာတာတစ်ခုကတော့ သတ်မှတ်ချက်တွေရှိပါတယ်။  ဒေသက လုပ်ငန်းရှင်တွေသိပါတယ်။ ဘယ်မှာ လုပ်ရတယ်ဆိုတဲ့ဟာရောပါ” ဟု ဆိုသည်။

IEC သတ်မှတ်လိုက်သည့်မြို့နယ် ၁၆ မြို့နယ်။  (ဓာတ်ပုံ – IEC Facebook)

ပြဿနာ ပေါ်ပေါက်လာလျှင်  ဖြတ်သန်းခွင့်ကတ်ကြောင့် အလွယ်တကူဖြေရှင်းနိုင်မည်၊ ဝင်ရောက်လာသူနှင့် ပတ်သက်ပြီး ဒေသခံလူထုကို အလွယ်တကူ အသိပေးနိုင်မည်ဟု  IEC က ဆိုသည်။

“ဌာနေမှာနေတဲ့ ကရင်နီပြည်သူ၊ ပြည်သားတွေဘက်က ကြည့်ရင်စိုးရိမ်စရာအများကြီးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ တရားဥပဒေစိုးမိုးရေးကိုလည်း ပြန်ပြီး ကြည့်ရမယ့်တာဝန်ရှိပါတယ်။ ဒီလိုမျိုးစိစစ်ပြီးမှ ဝင်ထွက်သွားလာမှုကို သိရှိထားမယ်။ သူတို့နေထိုင်မယ့် သက်တမ်း၊  သူတို့နေမယ့် နေရာနဲ့ သူတို့ အလုပ်ရှင်ကို သိရှိမယ်” ဟု IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ဆိုသည်။

ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်များ ထုတ်ပေးရေးနှင့်ပတ်သက်၍  လူထုအသိပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားမည်၊ ဖြတ်သန်းခွင့်ကတ် လျှောက်ထားရမည့်  လုပ်ငန်းစဉ်အကြောင်းကိုလည်း သတင်းထုတ်ပြန်သွားမည်ဟု IEC ထံက သိရသည်။

ပြည်နယ်အတွင်း မော်တော်ယာဉ်တိုင်းမှတ်ပုံတင်ရန်၊ ယာဉ်မောင်းလိုင်စင်များ လျှောက်ထားကြရန် ကြေညာထားကြောင်း IEC အတွင်းရေးမှူးများကပြောသည်။

ယာဉ်ခိုးယူခံရခြင်း၊  ပျောက်ဆုံးခြင်းနှင့် လုံခြုံရေးဆိုင်ရာကိစ္စ၊  တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ရန် ရည်ရွယ်ကြောင်း၊ ယာဉ်မှတ်ပုံတင်မည်ဆိုပါက  နံပါတ်ပြားဖိုးသာ ပေးဆောင်ရမည်ဖြစ်ကြောင်း IEC ထံက သိရသည်။

ထိန်းချုပ်နယ်မြေတွင် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်နေရခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရာတွင် အဆင့်သင့်ဖြစ်နိုင်ရန်အတွက် ရှိသည့် အရင်းအမြစ်များဖြင့် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကဆိုသည်။

“ဒေသနဲ့ ပြည်နယ်အတွက် ကိုက်ညီတဲ့ အစီအမံတွေရှိထားခြင်းအားဖြင့် ပိုပြီးတော့မှ ကောင်းကောင်းမွန်မွန်ရှေ့ဆက်နိုင်တယ်ပေါ့။ အခြားတစ်ဖက်မှာလည်း မလုပ်နိုင်သေးလို့ဆိုပြီး ဒီတိုင်းထိုင်ကြည့်လို့မရဘူး။ ကျွန်တော်တို့ပြည်နယ်သူပြည်နယ်သားတွေရှိတယ်။ တော်လှန်ရေးမှာ နယ်မြေတွေသိမ်းပိုက်ပြီးနောက် စနစ်တကျ အုပ်ချုပ်ရေးယန္တရားတွေ ထူထောင်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

IEC ထိန်းချုပ်နယ်မြေများတွင် ၂၀၂၄ ခုနှစ်အတွင်း ပညာရေး၊  ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လုပ်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ထူထောင်ထားသည်။

ရဲစခန်း ၁၆ ခု၊  အကျဉ်းထောင် ၂ ခု  တည်ဆောက်ထားသည်။

ကိုယ်ထူကိုယ်ထ မူကြိုကျောင်း ၃၀ ကျော်၊  တက္ကသိုလ် ၃ ခု၊ ဆေးကောလိပ်၊ ပညာရေးကောလိပ်၊ဆေးရုံ ၂ ရုံထက်မနည်းရှိကြောင်း သိရသည်။

နေပြည်တော်နှင့် ကပ်လျက် တည်ရှိသည့် ကရင်နီပြည်နယ်သည် ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်သည့် အထင်ကရ ဒေသတစ်ခု ဖြစ်လာသည်။ လေတပ်ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများ ပါဝင်သည့် တိုက်ပွဲများကြောင့် အပျက်အစီး များပြားသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

Show More

Related Articles

Back to top button