သတင်း

နေပြည်တော်တွင် ထိပ်တန်းအရာရှိများအတွက် မြေကွက်ဖော်နေ

နေပြည်တော်ဟိုတယ်ဇုန်အနီး မြေကွက်ပေါင်း ၆၀၀ ဖော်ထုတ်နေပြီး စစ်တပ်အရာရှိများနှင့် ညွှန်ကြားရေးမှူးချုပ်များ ဝယ်ခွင့်ရမည်ဟု ဆိုသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်အနီးတွင် စတုရန်းပေ ၁၀၀ ပတ်လည် မြေကွက်များအကွက်ရာနှင့်ချီဖော်ထုတ်ကာ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ညွှန်ကြားရေးမှူးများ၊ စစ်အရာရှိများကို    ရောင်းချပေးမည်ဟု  စုံစမ်းသိရှိရသည်။

နေပြည်တော်လေဆိပ်နှင့် သပြေကုန်းသို့သွားသည့် အဓိကလမ်းမကြီးတစ်ခုဖြစ်သောရာဇသဂ်ဟလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် ရွှေကြာပင်လမ်းတလျှောက်တွင် မြေကွက်များကိုဖော်ထုတ်နေခြင်း ဖြစ်သည်။

ထိုနေရာသည် နေပြည်တော်ဟိုတယ်ဇုန်၊  စစ်ခေါင်းဆောင် တည်ထားသည့် မာရဝိဇယဘုရားတို့နှင့်လည်း နီးသည်။

စတုရန်းပေ ၁၂၀ ပတ်လည်၊ ၁၀၀ ပတ်လည်၊ ၈၀ ပတ်လည် မြေကွက် အရေအတွက် ၆၀၀ ဖော်ထုတ်မည်ဟု မြေကွက်ဖော်ထုတ်ရေး အစည်းအဝေးများကို တက်ရောက်ခဲ့သည့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အရာရှိတစ်ဦးက ဆိုသည်။

“ခုလက်ရှိ ညွှန်ချုပ်တွေအကုန်ရတယ်၊ မြေကွက်တွေထပ်ပိုခဲ့ရင် ဒု(ညွှန်)ချုပ်တွေနဲ့ အဆင့်လိုက်ထပ်ပေးသွားမယ်လို့ပြောတယ်” ဟု အထက်ပါ အရာရှိက ပြောသည်။

မြေကွက်များပေးရန်   ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ မြေရှင်းလင်းခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်၊  ယခုနှစ်ဆန်းမှစ၍  ညွှန်ကြားရေးမှူးချုပ်များကို  ပေ ၁၀၀ ပတ်လည် မြေကွက်တစ်ကွက်လျှင် သိန်း ၄၀၀မှ သိန်း ၇၀၀ကြား နှုန်းထားဖြင့် ရောင်းချပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

မြေကွက်များ ဖော်ထုတ်နေသည့်နေရာတွင် မြေတူး၊မြေကော်စက်များ၊ ကွန်ကရစ်သယ်ကားများဖြင့် အလုပ်သမားများ၊ အလုပ်လုပ်နေသည်ကို မြင်တွေ့နေရကြောင်း   အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“ခုက ဘတ်ဟိုးတွေနဲ့ မြေကွက်တွေရှင်းနေတာ၊ လမ်းအူတိုင်တွေတောင် ဖောက်ပြီးပြီ၊ အချို့နေရာတွေဆို လမ်းမီးတိုင်တွေတောင် စိုက်နေပြီ” ဟု သူက ပြောသည်။

အလုပ်သမားများ၏ အဆိုအရ မြေကွက်များ ဖော်ထုတ်ခြင်း၊ မြေဖို့မြေပြင်ခြင်း လုပ်ငန်းများကို စစ်အင်ဂျင်နီယာတပ်ရင်း (GE) က တာဝန်ယူ လုပ်ဆောင်နေသည်ဟု သိရသည်။ 

စစ်ခေါင်းဆောင်တည်ထားသည့် မာရဝိဇယဘုရားသို့ သွားရန် သီးခြားလမ်းအသစ်ဖောက်ထားသည့် စံပယ်လမ်းကိုလည်း စစ်အင်ဂျင်နီယာတပ်က ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

“မြေကွက်ဖော်တာကို ကားတွေနဲ့တော့ နေ့စဉ်လာကြည့်နေကြတာပဲ၊ တစ်နေ့တစ်နေ့ကို အစီးရေ၃၀ လောက်ရှိတယ်” ဟု ထိုလုပ်ငန်းခွင်မှ အလုပ်သမားတစ်ဦးက ပြောသည်။

ရောင်းချပေးမည့် မြေကွက်များသည် ကာလတန်ဖိုးအရ သိန်းထောင်နှင့်ချီ ဈေးနှုန်းရှိပြီး နေအိမ်များ ဆောက်လုပ်ပြီး၍ စည်ကားလာပါက စျေးနှုန်း ဆယ်ဆ တက်သွားနိုင်ကြောင်း  အိမ်ခြံမြေ လုပ်ငန်း လုပ်သက် ၁၀ နှစ် ကျော်ရှိသည့် အမျိုးသားတစ်ဦးက ခန့်မှန်းသည်။

၂၀၂၃ခုနှစ်ကလည်း စစ်ကောင်စီအဖွဲ့ဝင်များနှင့် ဝန်ကြီး၊ ဒုဝန်ကြီးများကို ဟိုတယ်ဇုန်၊ လူစည်ကားရာ ရွှေကြာပင်ရပ်ကွက်အနီး ရွှေကြာပင်လမ်းနှင့် တော်ဝင်ရတနာ လမ်းထောင့်ရှိ ဒက္ခိဏသီရိမြို့နယ် ထန်းတစ်ပင် VIP ရပ်ကွက်အတွင်းမှ စတုရန်းပေ ၁၀၀ ကျော် မြေကွက်များကို ကျပ်သိန်း ၇၀ ဖြင့် ရောင်းချပေးခဲ့သည်။

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဟောင်းဒေါ်သက်သက်ခိုင်၊ စစ်ကောင်စီအဖွဲ့ဝင်  မန်းငြိမ်းမောင်တို့လည်း ထန်းတစ်ပင်VIPရပ်ကွက်တွင် မြေကွက်များရရှိခဲ့ပြီး အိမ်များ ဆောက်လုပ်နေကြပြီ ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း အစိုးရအဖွဲ့ဝင်များ၊ စစ်တပ်ခေါင်းဆောင်များကို ဥတ္တရသီရိမြို့နယ်တွင် ၁၀၀နှင့် ပေ ၈၀ မြေကွက်များ ချပေးခဲ့သည့် အစဉ်အလာရှိခဲ့သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေသည် ၂၀၀၅တွင် ရုံးဌာနများကို နေပြည်တော်သို့ ပြောင်းရွှေ့စေပြီးနောက်အရာရှိများကို မြေကွက်ပေးခဲ့သည်။ ဦးသန်းရွှေ အပါအဝင် စစ်ခေါင်းဆောင် ၆ ဦး ဗုဗ္ဗသီရိမြို့နယ် ရာဇသဂ်ဟလမ်းပေါ်တွင် မြေကွက်များရယူပြီး အိမ်ဆောက်နေထိုင်ကြရာ ထိုနေရာကို ခြောက်လုံးတန်းဟု လူသိများသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင်NLDအစိုးရအဖွဲ့ဝင်များ ဝယ်ယူထားသည့် နေပြည်တော်မြေကွက်များကိုမူ ပြန်လည်သိမ်းယူခဲ့ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့်နှစ်က ကြေညာထားသည်။


Show More

Related Articles

Back to top button